တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တစ်ခုက အသက် ၆၄ နှစ်အရွယ် သီလရှင်တစ်ပါး အပါအဝင် အရပ်သား ၂၀ ထက်မနည်းကို စစ်တပ်သတင်းပေးဟု စွပ်စွဲကာ ၂၀၂၃ ခုနှစ် မတ်လမှ စက်တင်ဘာလအတွင်း သတ်ဖြတ်ခဲ့သည်။
စစ်ဆေးမေးမြန်းပြီးနောက် သေနတ်၊ ပေါက်တူးများ အသုံးပြုသတ်ဖြတ်ကာ လောင်းလုံး ပ.က.ဖ အခြေစိုက်သည့် ပဉ္ဒသီမော် ကျေးရွာအနီးရှိ ရာဘာခြံတွင် အလောင်းများ အစုလိုက်အပြုံလိုက် မြှုပ်နှံထားသည်ဟု ဒေသအခြေစိုက် တော်လှန်ရေး တပ်ဖွဲ့များနှင့် ဒေသခံတချို့က ပြောဆိုသည်။
မြို့အနောက်ဘက် သဗျာကျေးရွာ၊ ပဉ္စသီမော် ကျေးရွာများတွင် ပေါ်ပေါက်ခဲ့သည့် သတ်ဖြတ်မှုများတွင် ၆၄ နှစ်အရွယ် သီလရှင်တစ်ပါး၊ အသက် ၈၀ ကျော်အရွယ် အမျိုးသားတစ်ဦး အပါအဝင် အရပ်သား ၁၇ ဦး ရှိကြောင်း Myanmar Now က အတည်ပြုနိုင်သည်။
၂၀၂၃ အောက်တိုဘာ ၄ တွင် လောင်းလုံး ပ.က.ဖ အဖွဲ့က တနင်္သာရီတိုင်း ပ.က.ဖ ထံသို့ အသေးစိတ် တင်ပြသည့် အစီရင်ခံစာတွင်လည်း ၁၆ ဦး ကို စစ်ကောင်စီကို သတင်းပေးသည့် ဒလန်အဖြစ် သတ်မှတ်ပြီး သတ်ဖြတ်ခဲ့ကြောင်း ဝန်ခံ တင်ပြထားသည်။
ထိုအမှုများ ကျူးလွန်ရာတွင် အဓိက တာဝန်ရှိသူဟု စွပ်စွဲခံထားရသူ ၂ ဦးကို အမျိုးသားညီညွတ်ရေးအစိုးရ ( NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) က တာဝန်မှ ယာယီဆိုင်းငံ့ထားပြီး စစ်ဆေးနေသော်လည်း အရေးယူနိုင်ခြင်း မရှိသေးပေ။
ထိုသူတို့မှာ လောင်းလုံး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ) တာဝန်ခံ အသက် ၃၄ နှစ်အရွယ် ကိုထွေးအောင် (ခ) နဂါးမင်း (ခ) နှုတ်ခမ်းမွှေး၊ လောင်းလုံး ပ.က.ဖ ဒုတာဝန်ခံ အသက် ၃၇ နှစ်အရွယ် မမကြီး (ခ) ကိုဟိန်းသူအောင် တို့ ဖြစ်သည်။
မတိကျသည့် ဒလန်ရှင်းလင်းမှု
တနင်္သာရီတိုင်း ထားဝယ်ခရိုင်တွင် မြို့နယ် ၄ မြို့နယ်ရှိပြီး လောင်းလုံးမြို့နယ် ပ.က.ဖ မှာ ထိုခရိုင်အတွင်း ပထမဆုံး ပေါ်ပေါက်လာခဲ့သည့် လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။ လောင်းလုံးမြို့နယ်ကို ဇုန် ၅ ခု ခွဲထားပြီး ခေါင်းဆောင် ၅ ယောက်ဖြင့် လောင်းလုံးမြို့နယ် ပ.က.ဖ ကို ဖွဲ့စည်းထားသည်။
လောင်းလုံး ပ.က.ဖကို စတင်ဖွဲ့စည်းချိန်တွင် ပထမဆုံးခေါင်းဆောင်မှာ ကိုတာဖြစ်ပြီး နဂါးမင်းမှာ ဒုတိယတာဝန်ခံဖြစ်သည်။ ၂၀၂၂ ဩဂုတ်တွင် တပ်တွင်း သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် ကိုတာ တာဝန်ခံအဖြစ်မှ စွန့်လွှတ်လိုက်ရာ တာဝန်ခံမှာ နဂါးမင်း ဖြစ်လာပြီး ဒုတိယတာဝန်ခံမှာ မမကြီးဖြစ်လာသည်။
လောင်းလုံး ပ.က.ဖ တာဝန်ခံ ကိုတာ အနားယူသွားပြီးနောက် လပိုင်းအကြာတွင် ဇုန် ၅ ခု၏ တာဝန်ခံခေါင်းဆောင်တချို့လည်း အနားယူသွားကြသည်။ အနားယူသွားသူများထဲမှ တစ်ဦးမှာ ဝံပုလွေတပ်ရင်း အမည်ရှိ လက်နက်ကိုင်အဖွဲ့တွင် ခေါင်းဆောင်ဖြစ်နေသည်။
လောင်းလုံး ပ.က.ဖ တာဝန်ခံအဖြစ် နဂါးမင်း တာဝန်ယူခဲ့ပြီးနောက်တွင် ခရိုင်နှင့် တိုင်းအဆင့်များသို့ တင်ပြခြင်းမရှိသည့်အပြင် ခေါင်းဆောင်များ အချင်းချင်းပင် အသိပေးခြင်းမရှိဘဲ ငါးဖမ်းလှေများထံမှ ဆက်ကြေးကောက်ခံခြင်း၊ ပြည်သူများကို ဒလန်ဟု စွပ်စွဲပြီး သတ်ဖြတ်ခြင်းများ ကြုံတွေခဲ့ရပြီးနောက် တာဝန်မှ အနားယူခဲ့သည်ဟု ပ.က.ဖ ခေါင်းဆောင်တစ်ဦးက ပြောသည်။
“ပြည်သူတွေကို ဒလန်ဆိုပြီး စွပ်စွဲတာမျိုးကလည်း မသေချာဘူးပေါ့။ နောက်ပြီးတော့ ဆက်ကြေးကောက်တာမျိုးကလည်း တရားဝင်မှု မရှိဘူး။ ပ.အ.ဖ တွေနဲ့ တိုင်ပင်ပြီး လုပ်သင့်တဲ့ ဟာတွေပါ” ဟု ၎င်းက ပြောသည်။
ထို့ပြင် သီလရှင် ဒေါ်နန္ဒစာရီနှင့် ဦးအောင်မိုးတို့ ၂ ဦးမှာ ပျူစောထီး သတင်းပေးမဟုတ်ကြောင်း အကြိမ်ကြိမ် တားမြစ်နေသော်လည်း သတ်ဖြတ်လိုက်သည်၊ ၎င်းတို့ တာဝန်ယူ လှုပ်ရှားနေသည့် နယ်မြေများဖြစ်၍ လောင်းလုံး ပ.က.ဖ သတ်ဖြတ်လိုက်သည့် ၁၆ ဦးတွင် အရပ်သားအများစု ဖြစ်နေသည်ဟု ၎င်းက ဆက်ပြောသည်။
“အဓိက အပေါ်လွင်ဆုံးကတော့ လောင်းလုံး ပ.က.ဖ အနေနဲ့ ထုတ်ပြန်ထားတဲ့ မယ်သီလရှင်တစ်ပါးကတော့ လုံးဝ ဒလန်လဲ မဟုတ်ဘူး၊ ပျူစောထီးလဲ မဟုတ်ဘူးဆိုတာကို အတန်တန် တားနေရဲ့သားနဲ့ သူတို့ သတ်ပစ်လိုက်တာပေါ့။ အဲဒါကတော့ အသေချာဆုံးတစ်ခုပါပဲ” ဟု ၎င်းက ဆက်ပြောသည်။
ထို့ပြင် သမီးဖြစ်သူ ပျူစောထီးကို မဖမ်းမိ၍ အဖေဖြစ်သူ အသက် ၈၀ ကျော်အရွယ်ကို သတ်ဖြတ်သည်ကိုလည်း လက်မခံနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။
“သူ့သမီးက ပျူစောထီးဆိုပေမဲ့ ဦးလှရွှေက ပျူစောထီးမဟုတ်ဘူးလေ။ သူက အသက်လဲ ကြီးနေပြီဆိုတော့ အဲဒါကို သူတို့က ဖမ်းသွားတယ်ဆိုတာတော့ ကြားရတယ်။ ဖမ်းဆီးပြီးတော့ ညမကူးခင်မှာပဲ ရှင်းလိုက်တယ်ဆိုပြီးတော့ ကြားရတယ်” ဟု ၎င်းက ပြောသည်။
လူသတ် အလောင်းဖျောက်
ထိုသို့ ဒလန်ဟု စွပ်စွဲခံရသူ အရပ်သားများ၏ ရုပ်အလောင်းများကိုလည်း လောင်းလုံး ပ.က.ဖ အခြေစိုက်ထားသည့် ဇုန် ၃ နယ်မြေအတွင်းရှိ ရာဘာတောတစ်ခုတွင် အစုလိုက်အပြုံလိုက် မြှုပ်ထားသည်ဟု တော်လှန်ရေးတပ်ဖွဲ့များနှင့် ဒေသခံများက ပြောသည်။
ထိုသို့ မြှုပ်နှံထားသည့် နေရာကို ၂၀၂၃ ဒီဇင်ဘာ လလယ်ပိုင်းတွင် တွေ့ရှိခဲ့သည်ဟု ဝံပုလွေတပ်စုခေါင်းဆောင်က ပြောသည်။ သူ၏တပ်သည် လောင်းလုံး ပ.က.ဖ လက်အောက်ခံ ဖြစ်သည်။
ဒီဇင်ဘာ ၁၁ တွင် လောင်းလုံး ပ.က.ဖ အဖွဲ့က တော်လှန်ရေးသမား ၂ ဦးကို ၁ ပတ်ကြာ ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
တစ်ပတ်ကြာ ထိန်းသိမ်းခံရပြီး ပြန်လွတ်လာသူတို့မှာ ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) မှ ရဲဘော်တစ်ဦး၊ ဝံပုလွေတပ်စုမှ ရဲဘော်တစ်ဦး ဖြစ်သည်ဟု ဝံပုလွေတပ်စုခေါင်းဆောင်က ပြောသည်။
“သူတို့နေတဲ့ ဇုန် ၃ လောင်းလုံး ပ.က.ဖ တာဝန်ခံရဲ့ စခန်း အနီးတစ်ဝိုက်မှာ ရာဘာခြံတွေရှိတယ်။ အဲဒီခြံတွေထဲမှာ သတ်ပြီးရင် မြှုပ်တဲ့သဘောရှိတယ်။ ကျွန်တော်တို့ အဲဒီနေရာကို ရောက်ဖူးတာတွေ မရှိဘူး။ ရဲဘော် ၂ ယောက် ခု ဖမ်းခံရတဲ့အချိန်မှာမှ ကိုယ်တိုင်လိုက်သွားလို့ တွေ့ခဲ့ရတာ။ အဲဒီမှာပဲ သူတို့ မြှုပ်ကြတာပေါ့” ဟု ဝံပုလွေတပ်စုခေါင်းဆောင်က ပြောသည်။
“အလောင်းပုံတွေက သူတို့ စခန်းနဲ့ မီတာ ၄၀၀ လောက်ပဲ ကွာမယ်။ ဒီနားမှာ သတ်ပြီးတော့ မြုပ်ထားတဲ့ဟာတွေကို မျက်မြင်တွေ့တဲ့လူတွေလည်း ရှိတယ်။ လိုက်ပြတဲ့သူတွေထဲမှာ။ ကျွန်တော်တို့ ဖော်တော့ မဖော်ရသေးဘူး” ဟု ၎င်းက ပြောသည်။
သတ်ကွင်းအဖြစ် အသုံးပြုသည့် ရာဘာခြံ အနည်းဆုံး ၃ ခြံမှ ၅ ခြံအထိ ရှိပြီး လူအစုလိုက်အပြုံလိုက် မြုပ်ထားသည့် မြေပုံများကို သဲခြောက်များ၊ သစ်ကိုင်းခြောက်များဖြင့် ဖုံးလွှမ်းထားသည်ဟု ၎င်းက ဆက်ပြောသည်။
“သူတို့ လူသတ်နေကျ နေရာတွေကို ကိုယ့်ရဲဘော်တွေရဲ့ အလောင်းတွေများရှိမလားဆိုပြီး လိုက်သွားတယ်။ လတ်လတ်ဆတ်ဆတ်အလောင်းတော့ မရှိသေးဘူး။ သတ်ထားပြီး ပုံထားတဲ့ အလောင်းပုံတွေကတော့ ၁၀ ပုံမက ရှိနေတယ်” ဟု ၎င်းက ဆက်ပြောသည်။
အရေးမယူနိုင်သေး
ဒလန်ဟု စွပ်စွဲသတ်ဖြတ်မှုများကို ဒေသခံတို့က ကန့်ကွက်ကြကြောင်း တနင်္သာရီတိုင်းအတွင်း ဖြစ်ရပ်များကို စောင့်ကြည့်နေသည့် FE5 Tanintharyi အဖွဲ့က၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။
နိုဝင်ဘာလအတွင်း စစ်ကောင်စီနှင့် လက်ဝေခံအဖွဲ့များ၏ သတ်ဖြတ်မှု၊ လက်သည်မပေါ်ဘဲ အသတ်ခံရမှုတို့ကြောင့် သေဆုံးခဲ့သည့် အရပ်သား ၁၀ ယောက်အထိ ရှိခဲ့သည်။
သို့သော်လည်း စစ်ကောင်စီအလိုတော်ရိဟု ယူဆ စွပ်စွဲပြီး တော်လှန်ရေးအဖွဲ့များက သတ်ဖြတ်မှု လျော့ကျလာသည်၊ လစဉ် ၁၀ ဦး ဝန်းကျင်ရှိခဲ့ရာမှ ယခုအခါ တစ်ဦးသာ အသတ်ခံရသည်မှာ နှစ်လဆက်တိုက်ရှိပြီဟု အစီရင်ခံစာက ဆိုသည်။
ဒလန်ရှင်းလင်းရေးခေါင်းစဉ်ဖြင့် သတ်ဖြတ်မှုများကို လူထုက ဝေဖန်ကြရာမှ ထိုသို့ လျော့ကျသွားသည်ဟု အစီရင်ခံစာက ဆိုသည်။
ကာကွယ်ရေးဝန်ကြီးဌာနတွင် ဒလန်ရှင်းလင်းရေးကို မူဝါဒသတ်မှတ်ထားခြင်း မရှိသည့်အပြင် လောင်းလုံး ပ.က.ဖ အနေဖြင့် အထက်အဆင့်ဆင့်သို့ တင်ပြခြင်းမရှိဘဲ ၎င်းတို့သဘောဖြင့် သတ်ဖြတ်နေခြင်းမှာ စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်နေခြင်းဖြစ်သည်ဟု တနင်္သာရီတိုင်း ပ.က.ဖ တာဝန်ခံ ကိုစတားက ပြောသည်။
“သာမန်သူတွေရဲ့ ကြားထဲမှာ ကျွန်တော်တို့ကို ထောက်ခံသူတွေလဲ ရှိမယ်။ စစ်ကောင်စီကို ထောက်ခံသူတွေလဲ ရှိမယ်။ စစ်ကောင်စီကို ထောက်ခံရုံနဲ့ ကျွန်တော်တို့က ဒါကို သူလျှိုလို့ သွားပြောလို့ မရဘူး။ ရန်သူရဲ့ လက်သပ်မွေးထားတဲ့ သတင်းပေးတွေ၊ စစ်ရေးပစ်မှတ်တွေ၊ သူလျှိုတွေကိုပဲ သုံးစွဲတာဖြစ်တယ်။ ဒလန်တွေကို ရှင်းလင်းဖို့ ညွှန်ကြားခဲ့တာမျိုး မရှိပါဘူး” ဟု ကိုစတားက ပြောသည်။
အသက် ၆၄ အရွယ် သီလရှင် အပါအဝင် ၁၆ ဦးကို သတ်ဖြတ်လိုက်သည့် သတင်းကို လောင်းလုံး ပ.က.ဖ က ထုတ်ပြန်ပြီးနောက်တွင်မှ ထိုကိစ္စကို သိခဲ့ရခြင်းဖြစ်သည်၊ မြေပြင်ရှိ ရဲဘော်များကလည်း ဆက်တိုက်ဆိုသလို တိုင်ကြားလာကြသည်ဟု ၎င်းက ဆက်ပြောသည်။
“သူတို့ကိုယ်တိုင်ကလည်း ခရိုင်တို့၊ တိုင်းတို့ကို သတင်းပို့လာတာမျိုး မရှိဘူး။ ခွင့်ပြုချက် တောင်းခံလာတာမျိုးလည်း မရှိဘူး။ သူတို့ တရားဝင်သတင်းထုတ်ပြန်မှပဲ ဒီကိစ္စတွေက အဲ့လောက်တောင် ပါလားဆိုပြီး ပြန်မေးခွန်းထုတ်ရတဲ့ အနေအထားမျိုးဖြစ်သွားတယ်။ သိသိကြီးနဲ့ ဒီတိုင်း နေခဲ့တာ မဟုတ်ပါဘူး” ဟု ကိုစတားက ပြောသည်။
လောင်းလုံး ပ.က.ဖ ၏ သတ်ဖြတ်မှုများကို တိုင်းကြားမှုများဆိုင်ရာ ကော်မတီက စုံစမ်း စစ်ဆေးခဲ့ပြီး စုံစမ်းစစ်ဆေးရေးခုံရုံးဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဟု ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းဒုအတွင်းဝန် ဦးမောင်မောင်ဆွေက ပြောသည်။
“ဒီစုံစမ်းစစ်ဆေးရေးခုံရုံးက စစ်ဆေးနေစဉ်အတွင်းမှာ တိုင်ကြားခံရတဲ့သူတွေကို တာဝန်ကနေပြီးတော့ ယာယီရပ်ဆိုင်းထားမယ်။ လက်နက်ဖြုတ်သိမ်းပြီးတော့ စစ်ဘက်ဆိုင်ရာ အချုပ်ပဲဖြစ်စေ။ တခြား သင့်တော်တဲ့ အချုပ်ပဲဖြစ်ဖြစ် ထိန်းသိမ်းဆောင်ရွက်ထားဖို့ ရှိတယ်”
ထိုသို့ ကာကွယ်ရေးဝန်ကြီးဌာန၏ စုံစမ်းစစ်ဆေးခြင်း ခံနေရပြီး ရာထူးမှ ယာယီ ထုတ်ပယ်ခံထားရချိန်တွင် လောင်းလုံး ပ.က.ဖ ဒုတာဝန်ခံ မမကြီးက ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တစ်ခု၏ ခေါင်းဆောင်ဖြစ်လာသည်။
ဇန်နဝါရီ ၂ တွင် ဗထူးစစ်ကြောင်းကို အမည်ပြောင်းလဲ ဖွဲ့စည်းခဲ့သည့် ဗထူးတပ်မတော်တွင် ရာထူးမှ ယာယီထုတ်ပယ်ခံထားရသူ မမကြီးက တပ်ရင်းမှူးအဖြစ် ပြန်လည် ပါဝင်လာခဲ့ခြင်းဖြစ်သည်။
ကာကွယ်ရေးဝန်ကြီးဌာန၏ စည်းကမ်းအရဆိုပါက ပြစ်မှုကျူးလွန်သည်ဟု တိုင်ကြားခံရသူများကို လက်နက်ဖြုတ်သိမ်းပြီး အချုပ်ထဲတွင် ထားရှိရန်ဖြစ်ရာ လက်နက်ကိုင်အချင်းချင်းကြားတွင် ထိုကိစ္စကို အရေးယူရန်မှာ ခက်ခဲနေသည်။
“ဒီကိစ္စတွေကို ဖြေရှင်းဆောင်ရွက်နိုင်ဖို့အတွက် မြေပြင်က တာဝန်ရှိတဲ့သူတွေရော ကာယကံရှင်တွေရော တွေ့ဆုံပြီး ညှိနှိုင်းပေါင်းစပ်ပြီးတော့ ဖြေရှင်း ဆောင်ရွက်သွားဖို့ရှိပါတယ်” ဟု ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမောင်မောင်ဆွေက ပြောလိုက်သည်။
ဒလန်ဟု စွပ်စွဲဖမ်းဆီး သတ်ဖြတ်ခံရသူများ
(၁) အသက် ၆၄ နှစ်အရွယ် သီလရှင် ဒေါ်နန္ဒစာရီနှင့် ကားမောင်းပို့သူ အသက် ၅၁ အရွယ် ဦးအောင်မိုးကို ဖမ်းဆီးရှင်းလင်း၊
(၂) အသက် ၇၈ နှစ်အရွယ် ဦးဖေဝင်း အင်းဇောက်ရွာ (ညင်းဝရွာတွင် ဖမ်းဆီး၊ အင်းဇောက်ရွာတွင် ရှင်းလင်း) ( စစ်မှုထမ်းဟောင်း၊ ပျူစောထီးဟု စွပ်စွဲ)
(၃) ပဉ္ဒသီမော်အရက်ဆိုင် စစ်ကောင်စီ တပ်သား ၂ ဦး စစ်ဆေးပေါ်ပေါက်အား ဝင်ရောက် ဖမ်းဆီး ရှင်းလင်း၊ (အသက် ၂၅ ရန်ပိုင်အောင်၊ အသက် ၂၇ ပိုင်ကျော်လင်းတို့ ဖြစ်တယ်လို့ လောင်းလုံး ပ.က.ဖ က ပြော)
(၄) အင်းဇောက်ရွာ ပျူစောထီးခေါင်းဆောင် မနုသိန်း အိမ်အနီးတွင် စစ်ကောင်စီ သတင်းပေးဆိုသူကို ဖမ်းဆီးစဉ် ခုခံသဖြင့် ပေါက်တူးဖြင့် ပေါက်သတ်ရှင်းလင်း (အသက် ၄၅ ကိုသိန်းစိုး အင်းဇောက်ရွာ၊ ပျူးစောထီးဟု စွပ်စွဲသတ်ဖြတ်)
(၅) အသက် ၆၂ အရွယ် ဦးကံစိန် ပန်းဒလဲကျေးရွာ (လက်နက်ကိုင်ထားသည့် ပျူစောထီး၊ စစ်တပ်ကို သတင်းပေးနေသူဟု စွပ်စွဲ)
(၆) သဲပုံတောင်သို့ အတက်အဆင်းလုပ်နေသည့် ပြည်သူ ၂ ဦး (အမည်မသိ)
(၇) အောင်နိုင်ရှိန် – ၂၃ နှစ်နှင့် နေရဲစိုး ၂၅ နှစ်တို့ဖြစ်၊ ပျူခေါင်းဆောင် မနုရှိန်ရဲ့ တပည့်များဖြစ်၍ ရှင်းလင်း။
(၈) စက်တင်ဘာ ၁၅ ဝေဒီရွာ ကိုနိုင်အောင် (အသက် ၄၀) ဖမ်းဆီးခံရပြီး ပျောက်သွား။
(စစ်တပ်နှင့် ပေါင်းပြီး မြေသယ်လုပ်ငန်းများလုပ်ကိုင်နေ၊ တော်လှန်ရေးတပ်ဖွဲ့များကို ငွေလှုပြီး အတွင်းသတင်းရယူကာ စစ်တပ်ကို သတင်းပေး)
(၉) လောင်းလုံး အနောက်ဖျား အင်းပုံရွာ အရက်ဆိုင်တွင် အသက် ၃၂ အရွယ် သက်ထိုက်စိုး (ဆက်ကြေးကောက်ရာတွင် ပါဝင်ဟု စွပ်စွဲပြီးသတ်ဖြတ်)
(၁၀) အသက် ၄၂ အရွယ် မဝါဝါ (ဝေဒီရွာ) ( ထားဝယ်တွင် နေထိုင်ပြီး ခရိုင်ရဲမှူးနှင့် ပူးပေါင်းပြီး သတင်းပေးနေ၍ ရှင်းလင်း)
(၁၁) သာယာကုန်းရွာမှ အသက် ၆၁ ဦးလှကြိုင် (ရဲဝန်ထမ်းဟောင်း)၊ (ရဲအငြိမ်းစားဖြစ်သော်လည်း စစ်တပ်ကို ကူညီပေးနေ၍ သတ်)
(၁၂) အသက် ၄၀ အရွယ် ကိုပေတိုး (ကမြောကင်းရွာ)၊