သတင်း

မတ္တရာနှင့်စစ်ကိုင်းကြား စစ်ကြောင်းထိုးမှုတွင် ၃ ဦးသေ၊ ၁၀၀ ကျော် မီးရှို့ခံရ

သင်္ကြန်အတွင်း တော်လှန်ရေးသမားတချို့ မန္တလေးတွင် ဖမ်းဆီးခံရပြီးနောက် ၎င်းတို့၏ လှုပ်ရှားနယ်မြေကို ကြည်းတပ်၊ လေတပ်က ၄ ရက်ကြာ တိုက်ခိုက်ရာ ထိခိုက်ပျက်စီးမှု များပြားခဲ့သည်။

မန္တလေးတိုင်း မတ္တရာမြို့နယ်နှင့် စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ်ကြားကို စစ်ကောင်စီတပ်က ၄ ရက်ကြာ စစ်ကြောင်းထိုးခဲ့ပြီး၊ လေကြောင်းမှလည်း တိုက်ခိုက်ရာ အရပ်သား ၁ ဦး၊ တော်လှန်ရေးရဲဘော် ၂ ဦး သေဆုံးကာ ဒေသခံ ၅ ဦးဒဏ်ရာရပြီး၊ အိမ်အများအပြား မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟု သိရှိရသည်။

ဧပြီလဆန်း သင်္ကြန်ကာလတွင် မန္တလေးမြို့ပေါ်သို့ လာရောက်သည့် တော်လှန်ရေးရဲဘော်တချို့ အဖမ်းခံရပြီးနောက် ဧပြီ ၂၄ မှစကာ ထိုစီးနင်းတိုက်ခိုက်မှု ပေါ်ပေါက်လာသည်ဟု မန္တလေးမြို့ပြပြောက်ကျားတပ်ဖွဲ့တစ်ခုဖြစ်သည့် No More Dictatorship People Defence Force(NMD) မှ တာဝန်ရှိသူက Myanmar Now ကို ပြောသည်။

“ဖမ်းခံရတာက မန္တလေးမြို့မှာရော မင်းကွန်းမှာရောပါ။ ၁၅ ဦးလောက်ရှိတယ်။ မြို့ပြအဖွဲ့တွေနဲ့ ဒေသခံအဖွဲ့တွေ၊ ပကဖ အဖွဲ့တွေထဲကလည်း ပါတယ်။ လေကြောင်းဗုံးကြဲလို့ သေဆုံးတာက မတ္တရာပကဖမှာ သင်တန်းတက်နေတဲ့ ကလေးတွေပါ။ ဒေသခံတစ်ဦးကတော့ ချောင်းမကြီးရွာသားလို့ သိရပါတယ်” ဟု ၎င်းက ဆိုသည်။

ဖမ်းဆီးခံရသူများ၊ သေဆုံး ဒဏ်ရာရသူများ၏ အသေးစိတ်အချက်အလက်များကိုမူ မန္တလေးပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူက ထုတ်ဖော်ပြောဆိုခြင်းမရှိပေ။

စစ်ကိုင်းမြို့နယ်အရှေ့ခြမ်းနှင့် မတ္တရာမြို့နယ်အနောက်ခြမ်းကြား မင်းဝံတောင်ကြောမှ ဇလရွာနှင့် ရှင်လှရွာမှ အိမ် ၁၀ လုံးခန့်စီ၊ ဟင်္သာကုန်းရွာမှ အိမ် ၁၁၆ လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး လူဦးရေ ၁၀၀၀ ခန့် အရေးပေါ် စစ်ဘေးရှောင်ရကြောင်း မတ္တရာမြို့နယ်တွင် စစ်ရှောင်များကို ကူညီပေးနေသူ အမျိုးသမီးတစ်ဦးက Myanmar Now ကို ပြောသည်။

“တော်လှန်ရေးရဲဘော် ၁၅ ယောက်လောက် ဖမ်းခံရလို့ မင်းဝံတောင်တစ်ကြောလုံးကို စစ်ကြောင်းထိုးပြီး အပြန်မှာ မတ္တရာဘက်ကို ဝင်တဲ့သဘောပါပဲ။ အဓိကက မင်းဝံတောင်ကြောရွာတွေကို စီးနင်းသွားတာ” ဟု ယင်းအမျိုးသမီးက ဆိုသည်။

စီးနင်းတိုက်ခိုက်မှုလေးရက်တာအတွင်း လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း၊ ဒေသခံရွာသား ၁ ဦး နှင့် တော်လှန်ရေးရဲဘော် ၂ ဦး သေဆုံးပြီး ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း ထိုအမျိုးသမီးကလည်း အတည်ပြုသည်။

ထိုအခြေအနေများနှင့်ပတ်သက်ပြီး စစ်ကောင်စီက သတင်း တရားဝင်ထုတ်ပြန်ခြင်း မရှိဘဲ ၎င်းတို့၏ ဝါဒဖြန့် အွန်လိုင်းစာမျက်နှာများတွင်သာ ရေးသားဖော်ပြခဲ့သည်၊ မတ္တရာမြို့နယ်နှင့် စစ်ကိုင်းကြား ရွာများကို စစ်ကြောင်းထိုးနေပြီး ထုံးဘိုကျေးရွာအနီး PDFသင်တန်းပေးရာ စခန်းများတွေ့ရှိ၍ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဧပြီ ၂၇ ရက်နေ့က ရေးသားထားသည်ကို တွေ့ရသည်။

ဤအတောအတွင်း မတ္တရာမြို့နယ်အရှေ့ခြမ်း  ရွာတချို့တွင် စစ်ကောင်စီတပ် အထိုင်ချကာ အနီးဝန်းကျင်ကို လက်နက်ကြီးဖြင့် ပစ်ခတ်နေကြောင်း ဒေသခံတို့က ပြောသည်။

မန္တလေးမြို့နှင့် နာရီဝက်ကျော်ခရီးအကွာအဝေးသာရှိသည့် မတ္တရာမြို့နယ်သည် ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့များ၊ MDY-PDF ဟု လူသိများသည့် မန္တလေးတိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တအာင်းလွတ်မြောက်ရေးတပ်ဖွဲ့ (TNLA) တို့ လှုပ်ရှားနယ်မြေ ဖြစ်သည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာ ၁၃ မှစတင်ကာ တိုက်ပွဲများ ပြင်းထန်စဉ် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့် ကလေးငယ်များအပါအဝင် ဒေသခံ ၃၀ ထက်မနည်း သေဆုံးခဲ့ပြီး နေအိမ်ရာနှင့်ချီကာ မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

ထောင်နှင့်ချီသည့် ဒေသခံများလည်း အိုးအိမ်စွန့်ခွာကာ စစ်ဘေးရှောင်နေကြရသည်။

Show More

Related Articles

Back to top button