သတင်း

ကလေးမြို့နယ်တွင် စစ်တပ်လက်ချက်ဖြင့် နှစ်လကျော်အတွင်း အရပ်သား ၈၀ သေဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် စစ်ရေးပြင်းထန်နေပြီး၊ ပြီးခဲ့သည့် နှစ်လကျော်အတွင်း စစ်ကောင်စီ၏ လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် တိုက်ခိုက်မှု၊ ဖမ်းဆီးသတ်ဖြတ်မှုတို့ကြောင့် အရပ်သား ၈၀ သေဆုံးခဲ့ရသည်ဟု ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ထုတ်ပြန်သည်။

စစ်ရေးအရှိန်မြင့်နေသည့် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် စစ်တပ်လက်ချက်ကြောင့် နှစ်လကျော်အတွင်း အရပ်သား ၈၀ သေဆုံးခဲ့ရကြောင်း ကလေးမြို့လူထုတိုက်ပွဲ ဦးဆောင်ကော်မတီက ဧပြီ ၁၁ ရက်က ထုတ်ပြန်သည်။

စစ်ကိုင်း၊ မကွေးနှင့် ချင်းပြည်နယ်တို့ သုံးပွင့်ဆိုင်နယ်နိမိတ်ထိစပ်နေသည့် ကလေးမြို့နယ်အတွင်း ဖေဖော်ဝါရီ တတိယပတ်က စပြီး စစ်တပ်နှင့် တော်လှန်ရေးအင်အားစုများအကြား တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားနေသည်။

စစ်တပ်၏ လက်နက်ကြီးပစ်ခတ်မှု၊ ဒရုန်းဖြင့်တိုက်ခိုက်မှု၊ ဖမ်းဆီးသတ်ဖြတ်မှုတို့ကြောင့် နှစ်လကျော်အတွင်း သေဆုံးခဲ့သည့် အရပ်သား ၈၀ အနက် မြို့တောင်ပိုင်း ကျေးရွာများမှ ၃၅ ဦး၊ မြို့မြောက်ပိုင်း ကျေးရွာများမှ ၃၀ နှင့် မြို့ပေါ်ရပ်ကွက်များမှ ၁၅ ဦးပါဝင်ကြောင်း မြေပြင်အချက်အလက်များကို အခြေခံကာ စာရင်းပြုစုထားသည့် လူထုတိုက်ပွဲဦးဆောင်ကော်မတီ၏ ထုတ်ပြန်ချက်က ဆိုသည်။

သေဆုံးသူများအနက် ထက်ဝက်ကျော်မှာ အမျိုးသမီးများဖြစ်ပြီး အသက်အငယ်ဆုံးမှာ မိုင်းထိမှန် သေဆုံးခဲ့သည့် အသက် ၂ နှစ်အရွယ် မိန်းကလေးငယ်ဖြစ်ကြောင်း လူထုတိုက်ပွဲဦးဆောင်ကော်မတီဝင်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့်နှစ်များက စစ်ကောင်စီ စစ်ကြောင်းထိုးသည့်နေရာအနီးတစ်ဝိုက်ကိုသာ လက်နက်ကြီးပစ်ခတ်မှုရှိသော်လည်း ယခုနှစ်ဆန်းပိုင်းကစတင်ခဲ့သည့် တစ်ကျော့ပြန် စစ်ရေးအရှိန်မြင့်လာချိန်တွင် အရပ်သားများ နေထိုင်ရာ ရပ်ကွက်၊ ကျေးရွာများပင်မချန် လက်နက်ကြီးပစ်ခတ်မှုများ လုပ်ဆောင်လာကြောင်း ဒေသခံများထံမှ သိရသည်။

“ဖေဖော်ဝါရီလနဲ့ ဧပြီလအတွင်း တချို့ရက်တွေဆိုရင် ကလေးမြောက်ပိုင်းတွေက ဆိုရင် တစ်ရက်ကို လက်နက်ကြီး ရာဂဏန်းလောက်ထိ ၁၀၀၊ ၁၂၀ ကျော်လောက်ထိ ပစ်ခတ်ခံရတဲ့အနေအထားရှိတယ်။ အဲ့လိုမျိုးအနေအထားကြောင့်မလို့ တစ်နည်းအားဖြင့်ဆိုရင် စစ်ကောင်စီက လက်နက်ကြီးအင်အား အလွန်အကျွံအသုံးပြုလို့ အရပ်သားသေဆုံးမှုက မြင့်တက်ရတာပါ” ဟု အထက်ပါ လူထုတိုက်ပွဲ ဦးဆောင်ကော်မတီဝင်က ပြောသည်။

ယခုနှစ်ဆန်းပိုင်းကစပြီး ကလေးမြို့ တစ်ကျော့ပြန်စစ်ရေးတင်းမာမှုတွင် စစ်ကောင်စီက ဒရုန်းတိုက်ခိုက်မှုကိုလည်း ခပ်စိပ်စိပ်ပြုလုပ်နေပြီး ဘုရားကျောင်း၊ စာသင်ကျောင်းအပါအဝင် အရပ်သားများ စုဝေးနေထိုင်သည့် နေရာများကို ဦးတည်တိုက်ခိုက်နေကြောင်း သိရသည်။

လက်နက်အင်အား နည်းသည့် တော်လှန်ရေးအင်အားစုက စစ်တပ်အထိုင်ချ၊ တပ်စွဲရာနေရာများကို ဒရုန်းအားပြုတိုက်ခိုက်သလို ယခုအခါ စစ်တပ်ကလည်း ဒရုန်းသုံးပြီး တိုက်ခိုက်လာသည်။

“ဘုရားကျောင်း၊ စာသင်ကျောင်းတွေမှာ ဒရုန်းဗုံးနဲ့ချတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက ခရစ်ယာန်ဘုရားကျောင်းတစ်ခုဆိုရင် ဘာမှ ရစရာမရှိအောင် အကုန်လုံးကြေမွပျက်စီးခဲ့ရတယ်။ ကလေးတောင်ပိုင်းမှာရှိတဲ့ စာသင်ကျောင်း နှစ်ကျောင်းဆိုရင် အမိုးတွေ အကုန်လုံးပျက်စီးခဲ့ရတယ်” ဟု ၎င်းက ဆိုသည်။

ကလေးတောင်ပိုင်းရော မြောက်ပိုင်းပါ တိုက်ပွဲများဆက်နေသည့်အတွက် လူဦးရေ လေးသောင်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း စစ်ရှောင်အရေးကူညီနေသူများထံမှ သိရသည်။

ကလေးမြို့နယ်တွင် စစ်ရေးအရှိန်မြှင့်တင်မည်ဟု တော်လှန်ရေးအင်အားစုများက မတ်လဆန်းတွင် ထုတ်ပြန်ပြီးနောက် မြို့ပေါ်နေ ပြည်သူတချို့လည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေသည်ဟု ဒေသခံတို့က ဆိုသည်။

စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် မိုးကာများလိုအပ်နေကြောင်း စစ်ရှောင်အရေး ကူညီနေသူ အမျိုးသားတစ်ဦးက ပြောသည်။

“တောထဲတောင်ထဲ ရှောင်ရတာလည်း ရှိတယ်။ တချို့က လက်လုပ်လက်စား အခြေခံလူတန်းစားဆိုတော့ သူများတဲမှာ နေရတာလည်း ရှိတယ်။ နေရာမဆံ့တဲ့အတွက် သစ်ပင်အကြီးကြီးအောက်တွေမှာ မိုးကာလေး ခင်းပြီး အိပ်ရတဲ့ အခြေအနေရှိတယ်။ နေအရမ်းပူတော့ မိုးကာတွေ ဓာတ်ဆားထုပ်တွေ လိုအပ်တယ်” ဟု ၎င်းက ဆိုသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ပဋိပက္ခများကြောင့် နိုင်ငံအနှံ့ လူဦးရေ ၂ ဒသမ ၅ သန်းကျော် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရကြောင်း ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရေးရုံး၏ ဧပြီ ၅ ထုတ်ပြန်ချက်အရ သိရသည်။

Show More

Related Articles

Back to top button