သတင်း

အရာတော်တွင် စစ်သားသစ်များ ဖမ်းခံရပြီးနောက် အရပ်သားများကို စစ်တပ်က တန်ပြန်သတ်ဖြတ်

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် ပြီးခဲ့သည့် ဧပြီ ၁၂ နေ့က စစ်မှုထမ်းသင်တန်းသားသစ် ၅၀ နီးပါးကို တော်လှန်ရေးတပ်များက ဖမ်းဆီးပြိးနောက် လက်တုံ့ပြန်သည့်အနေဖြင့် စစ်တပ်က အရပ်သားများကို သတ်ဖြတ်နေခဲ့သည်။

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် စစ်သားသစ်စုဆောင်းခံရသူများ ပါဝင်သည့် ယာဉ်တန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက လေကြောင်း၊ မြေပြင်စစ်ကြောင်းများဖြင့် စီးနင်းခဲ့ရာ ရက်ပိုင်းအတွင်း အရပ်သား ၃ ဦး အသတ်ခံရသည်။

ပြီးခဲ့သည့် ဧပြီ ၁၂ နေ့လယ်တွင် မုံရွာမြို့၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) နှင့် ထောက်ပံ့ရေးနှင့်ပို့ဆောင်ရေးတပ်ရင်း (ထပရ) ၉၂၉ တပ်မှ အရာတော်မြို့အခြေစိုက် အမှတ် (၁၀) စစ်အခြေခံလေ့ကျင့်ရေးတပ် (စခတ) သို့ စစ်သင်တန်းသားသစ် ၂၀၀ ကျော် ပို့ဆောင်ရန် ထွက်လာသည့် ကား ၆ စီးပါ ယာဉ်တန်းသည် အရာတော်မြို့နယ်၊ ကမ်းဖြူရွာအနီး ကြားဖြတ်တိုက်ခိုက်ခံရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ အမှတ် (၁) စစ်ဒေသ၏ ယမန်နေ့က ထုတ်ပြန်ချက်အရ စစ်ကောင်စီဘက်မှ ဗိုလ်ကြီး အပါအဝင် ထိခိုက်သေဆုံးမှုများရှိပြီး စစ်သုံ့ပန်း ၄၉ ဦး ဖမ်းဆီးရမိကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အထိနာသွားသည့် စစ်ကောင်စီတပ်က နောက်တစ်နေ့ ဧပြီ ၁၃ မှစတင်ပြီး ကျေးရွာများကို ဝင်ရောက်စီးနင်းပြီးနောက် ဒေသခံများ သတ်ဖြတ်ခံရခြင်းဖြစ်သည်။

သင်္ကြန်အကြိုနေ့ နံနက် ၅ နာရီခန့်တွင် အရာတော်မြို့ အခြေစိုက် အမှတ် (၅၀၀၄) တင့်ကားတပ်ရင်းမှ ကား ၉ စီးဖြင့် အင်အား ၂၀၀ ဝန်းကျင်ပါ စစ်ကောင်စီတပ်ဖွဲ့သည် မြို့မြောက်ဘက်ရှိ ကျေးရွာ ၄ ရွာကို အင်အားအလုံးအရင်းဖြင့် ရုတ်တရက် စစ်ကြောင်းထိုး စီးနင်းခဲ့သည်ဟု ဒေသခံတို့က ဆိုသည်။

အရာတော်မြို့မြောက်ဘက် ဝါးတောမ၊ စည်သာ၊ မန်ကျီးစု၊ ဘော်ကုန်း ရွာ၄ ရွာကို စစ်တပ်က ပစ်ခတ် စီးနင်း၊ မီးရှို့ဖျက်ဆီးပြီး ဝါးတောမကျေးရွာမှ ရွာသား၂ ဦး အသတ်ခံရကာ လေယာဉ်ဖြင့် ပစ်ခတ်မှုကြောင့် ကံရင်းရွာမှ သက်ကြီးပိုင်းအရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့သည်ဟု မြို့နယ် ပကဖတာဝန်ခံက ဆိုသည်။

“အဲ့ဒီမှာ ပြည်သူတွေ ဝရုန်းသုန်းကားနဲ့ ပြေးရတာပေါ့ဗျာ။ ကျည်ထိမှန်တဲ့ တစ်ယောက်တော့ လောလောဆယ်တော့ ဘာမှမဖြစ်ဘူး။ အသက်ရှင်တယ်။ အမျိုးသား ၂ ယောက်ကိုတော့ သတ်ထားခဲ့တာ” ဟု ၎င်းက ပြောသည်။

ဒေသခံများမှာ လက်ရှိအချိန်ထိ နေရပ်ပြန်ဝင်နိုင်ခြင်းမရှိသေးသဖြင့် သတ်ဖြတ်ခံရသူများ၏ အမည်၊ အသက် စသည့် အသေးစိတ်အချက်အလက်များ၊ မီးရှို့ခံရသည့် အိမ်ခြေအရေအတွက် အတိအကျကို မသိရသေးဟု ထိုသူက ဆိုသည်။

အရာတော်မြို့ ၅၀၀၄ တပ်ရင်းမှ စစ်သားများသည် မြောက်ပိုင်းကျေးရွာများကို ဝင်စီးနင်းပြီးနောက် နေ့ချင်း တပ်ရင်းသို့ ပြန်ဝင်သွားခဲ့ပြီး ထိုတစ်နေ့တည်းမှာပင် လေကြောင်းဖြင့် မြို့တောင်ပိုင်းကျေးရွာများသို့ ရောက်ရှိလာကြပြီး စီးနင်းခဲ့ကြသည်ဟု ပြောသည်။

”အရာတော် ၅၀၀၄ က ဝါးတောမဘက်က ပြန်သွားတဲ့ စကစတွေကို တင်ပြီးတော့ မလဲသာဘက်ကို ထပ်ပို့တယ်။ Mi 35 က ပစ်တယ်။ ပစ်ပြီးတော့ Mi 17 စုစုပေါင်း ၅ စီး၊ လူအင်အား ၁၅၀ ကျော်လောက် ဖြစ်မယ်” ဟု အထက်ပါ တာဝန်ခံ အမျိုးသားက ဆိုသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့သည် မြို့တောင်ဘက် ကျေးရွာများဖြစ်သော မလဲသာနှင့် ကံရင်းကျေးရွာတို့တွင် ယမန်နေ့က တပ်စွဲခဲ့ပြီး ယနေ့နံနက်တွင်လည်း ကျောက်စရစ်ကံရွာဘက်သို့ စစ်ကြောင်းဆက်ထိုးနေသည်ဟု သိရသည်။

အရာတော်မြို့သည် အနောက်မြောက်တိုင်းစစ်ဌာနချုပ်တည်ရှိရာ မုံရွာမြို့နှင့် ၂၅ မိုင်ခန့်သာ ကွာဝေးပြီး ကားဖြင့် သွားလာပါက တစ်နာရီခန့်သာ ကြာမြင့်သည်။

တော်လှန်ရေးအင်အားစုများအားကောင်းရာ အရာတော်မြို့ကို စစ်တပ်က အင်အားအလုံးအရင်းဖြင့် ကျေးရွာများကို စစ်ကြောင်းမထိုးသည့်တိုင် မုံရွာနှင့် အရာတော်ကြား လှုပ်ရှားစစ်ကြောင်း တစ်လတစ်ကြိမ်ခန့် ထိုးလေ့ရှိသည်ဟု အရာတော်ပကဖ တာဝန်ခံက ဆိုသည်။

“ဒီတစ်ခေါက်စစ်ကြောင်းက ကွာခြားမှုတွေ ရှိတယ်။ အင်အားအလုံးအရင်းနဲ့ စနစ်ကျကျဝင်လာတာ။ ရည်ရွယ်ချက်ရှိရှိပေါ့။ (ဖမ်းဆီးခံထားရသူများကို) လိုက်လံရှာဖွေတာက ၅၀ ရာခိုင်နှုန်းလောက်တော့ ပါမယ် ထင်တယ်။ ရာနှုန်းပြည့်တော့ မဖြစ်နိုင်ဘူး။ မြေပြင်လှုပ်ရှားသွားတဲ့ပုံစံတွေ ကြည့်ရတာက အဲ့ဒီအချက်တစ်ချက်တည်းနဲ့တင် မဟုတ်ဘဲ အရင် သတင်းရထားပြီးတော့ ဝင်တဲ့ပုံစံမျိုးရှိတယ်” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီ စစ်ကြောင်းကြောင့် အရာတော်မြို့နယ်ရှိ ကျေးရွာ ၈ ရွာခန့်မှ ထောင်နှင့်ချီသည့် ဒေသခံများမှာ သင်္ကြန်ပွဲတော်ကာလအတွင်းမှာပင် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည်။

Show More

Related Articles

Back to top button