သတင်း

ဦးခေါင်းဖြတ်ခံထားရသော PDF ၅ ဦး၏ ရုပ်အလောင်းများ မြင်းမူတွင် တွေ့ရှိ

(သတင်းအတွင်း စိတ်မချမ်းမြေ့ဖွယ်ရာ ဓာတ်ပုံအချို့ ပါဝင်သည်)

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် စစ်ကောင်စီတပ် ထွက်ခွာသွားပြီးနောက် ဦးခေါင်းနှင့် ခန္ဓာကိုယ်အစိတ်အပိုင်းများ ပြတ်တောက်နေသည့် လက်နက်ကိုင်တိုက်ခိုက်ရေးသမား ၅ ဦး၏ ရုပ်ကြွင်းများကို မကြာသေးမီက တွေ့ရသည်၊ အသတ်ခံရသူများထဲတွင် အသက် ၁၈ နှစ် မပြည့်သေးသူ ၂ ဦး ပါဝင်သည်ဟု သိရသည်။

ဒေသတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနက် အင်အား ၇၀ ခန့်သည် ဖေဖော်ဝါရီ ၂၅ တွင် အရာတော်နှင့် မြင်းမူအစပ်ရှိ ပဒတ္တိုင်းရွာကို ကနဦး စီးနင်းခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က ပြောသည်။

ပဒတ္တိုင်းရွာတွင် ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦး မိုင်းထောင်နေစဉ် စစ်ကောင်စီတပ်က ဖမ်းဆီး၍ ခန္ဓာကိုယ်ကို အပိုင်းပိုင်းဖြတ်သွားသည်ဟု မြင်းမူ PDF ပြန်ကြားရေးတာဝန်ခံ ရဲဘော်ခင်သောင်းက ပြောသည်။

“သူ့ကို အပိုင်းပိုင်းဖြတ်ပြီး အဝတ်နဲ့ ထုပ်ထားတာ” ဟု ၎င်းက ပြောသည်။

ပဒတ္တိုင်းရွာအရှေ့ဘက်သို့ ဆက်လက် ချီတက်သွားသည့် ထိုစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရန် ဒေသခံ ကာကွယ်ရေးအဖွဲ့ဝင်နှစ်ဦးက ထိုနေ့ (ဖေဖော်ဝါရီ ၂၅) တွင် ထပ်မံကြိုးပမ်းခဲ့သော်လည်း ပဒတ္တိုင်းရွာ အရှေ့ဘက် ၃ မိုင်အကွာရှိ ညောင်ပင်ကန်ရွာအနီးတွင် ဖမ်းဆီးခံလိုက်ရသည်။

ဖေဖော်ဝါရီ ၂၆ တွင် ညောင်ပင်ကန်မှ အရှေ့ဘက် ၈ မိုင်အကွာ ကန်တော်ရွာသို့ ချီတက်ရာလမ်းတွင် စစ်ကောင်စီတပ်က တိုက်ခိုက်ခံရခြင်းမရှိစေရန် ထိုသုံ့ပန်းနှစ်ဦးကို စစ်ကြောင်းတွင် ဓားစာခံအဖြစ် အသုံးပြုခဲ့ကြောင်း ကာကွယ်ရေးအဖွဲ့ ၃ ဖွဲ့က ပြောသည်။

ထိုစစ်ကြောင်းကို ကန်တော်ရွာ အနောက်မြောက်ဘက် မီတာ ၈၀၀ ခန့်အကွာတွင် စစ်ကိုင်းမြို့နှင့် မြင်းမူမြို့အခြေစိုက် PDF ၇ ဖွဲ့က ဖေဖော်ဝါရီ ၂၆ နံနက်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့သည်။

ယင်းသို့ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သည် အနီးရှိ Zero ပြောက်ကြားတပ်ဖွဲ့၏ စခန်းတစ်ခုကို စီးနင်းမီးရှို့ကာ ၎င်းတို့ ဖမ်းဆီးလာသူနှစ်ဦးကို သတ်လိုက်ခြင်းဖြစ်သည်ဟု တိုက်ပွဲတွင် ပါဝင်ခဲ့သည့် အဖွဲ့တစ်ခုဖြစ်သော စစ်ကိုင်းခရိုင် PDF တပ်ရင်း (၂)၊ တပ်ခွဲ (၂) ခေါင်းဆောင် ကိုအက်ဆစ်က ပြောသည်။

အသတ်ခံရသည့် ၁၅ နှစ်အရွယ် ကိုလမင်းစိန် (ခ) ဖိုးစိန်၊ ၁၇ နှစ်အရွယ် ဖိုးကဲ တို့သည် ACID Army People Defence Force ဟုလည်း ခေါ်သော ၎င်းတို့၏တပ်မှ ဖြစ်သည်ဟု ကိုအက်ဆစ်က ပြောသည်။

“ကန်တော်ရွာဘက်ကို စစ်ကြောင်းထိုးတော့ ဒီကလေးနှစ်ယောက်ကို ဓားစာခံအနေနဲ့ ခေါ်လာတာ။ 

ကလေးနှစ်ယောက် ညောင်ပင်ကန်ရွာဘက်မှာ အဖမ်းခံလိုက်ရတာ။ ကန်တော်ရွာနားမှာ ကျွန်တော်တို့က ပထမတစ်ကြိမ် တိုက်လိုက်တယ်။ ကျည်ကုန်လို့ ပြန်ဆုတ်လာတာ။ အဲဒီချိန်မှာ ကလေးနှစ်ယောက်ကို သတ်သွားတာ” ဟု ၎င်းက ဆိုသည်။

“အရှင်လတ်လတ်ကိုမှ ခေါင်းဖြတ်သွားတဲ့ပုံစံမျိုးလို့ ယူဆရတယ်။ ရုန်းရင်းဆန်ခတ်ဖြစ်ထားတဲ့ အနေအထားတွေ တွေ့ရတယ်။ မြေကြီးတွေကအစ အလောင်းပေါ်မှာ တွေ့တယ်။ ကလေးနှစ်ယောက်မှာ သေနတ်ဒဏ်ရာ မရှိဘူး။ ခေါင်းဖြတ်ပြီး ခေါင်းနဲ့ ကိုယ်နဲ့ သက်သက်စီ ထားခဲ့တယ်” ဟု ကိုအက်ဆစ်က ပြောသည်။

ခေါင်းများကို စားပွဲခုံတွင် တစ်လုံး၊ တိုင်ပေါ်တွင် တစ်လုံး တင်ထားသည်ကို တွေ့ရသည်ဟု ၎င်းက ဆက်ပြောသည်။

ထို့နောက် ကန်တော်ရွာကို ဆက်လက်စီးနင်း တပ်စွဲနေသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရန် PDF ပူးပေါင်းအဖွဲ့က ရွာအနီးသို့ ည ၇ နာရီတွင် ချဉ်းကပ်သွားကြသည်။

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်အတွင်း ဖေဖော်ဝါရီလကုန်ပိုင်းက စစ်ကောင်စီ ရက်စက်စွာ သတ်ဖြတ်ခဲ့သည့် တော်လှန်ရေးအဖွဲ့ဝင်အချို့။ ဓာတ်ပုံပေးပို့

ကန်တော်ရွာအတွင်း၌ စစ်ကောင်စီတပ်နှင့် ပေ ၅၀ အကွာမှ အပြန်လှန်ပစ်ခတ်ကြစဉ် အသက် ၁၉ နှစ်အရွယ် ကိုမျိုးဇင်နှင့် ကိုဇော်မျိုးသန့် ကျည်ဆန်ထိမှန် လဲကျပြီး ကျန်ရစ်ခဲ့သည်ဟု စစ်ကိုင်းမြို့အခြေစိုက် ဆားတောင်မိုးကြိုး PDF ခေါင်းဆောင် ကိုမိုးကြိုးက ပြောပြသည်။ 

“သူတို့ လဲကျသွားတဲ့အချိန်မှာ အလောင်းရလိုရငြား ပြန်ခံပစ်နေပေမဲ့ လက်နက်အင်အား နည်းတဲ့အတွက် အလောင်းတွေ ထားခဲ့ရတယ်၊ ကျန်တဲ့ ရဲဘော်တွေ ထိခိုက်မှုနည်းအောင်လို့” ဟု ကိုမိုးကြိုးက ပြောသည်။

“လက်နက်အင်အားသာ ကောင်းရင် ကျွန်တော်တို့ ရဲဘော်နှစ်ဦးကို သတ်တဲ့ xx တွေ တစ်ယောက်မှ မလွတ်မသွားဘူး”

၎င်းတို့နှစ်ဦးလုံးမှာလည်း ဦးခေါင်းဖြတ်ခံထားရပြီး ကိုဇော်မျိုးသန့်မှာသည် လက်ကောက်ဝတ်နေရာများတွင်ပါ ဖြတ်တောက်ခံထားရသည်ဟု ကိုမိုးကြိုးက ပြောသည်။

“နောက်နေ့ ပြန်ဝင်တော့ အဲဒီနားမှာပဲ  နှစ်ယောက်လုံးကို ဇက်ဖြတ်ခဲ့တာ။ တစ်ယောက်က လက်တစ်ဖက်ပါ အဖြတ်ခံရတာ။ ခေါင်းတခြား၊ ကိုယ်တခြား လုပ်သွားတာ။ ခေါင်းတစ်ခေါင်းကို အိမ်နံရံပေါ်မှာ ချိတ်ခဲ့တာ” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီ၏ ဝါဒဖြန့် အွန်လိုင်းမီဒီယာများက ကိုမျိုးဇင်နှင့် ကိုဇော်မျိုးသန့်တို့၏ သေဆုံးနေမှုအကြောင်း ဖော်ပြသည့် သတင်းဓာတ်ပုံတွင်မူ ဦးခေါင်းနှင့် လက်တို့ကို ဖြတ်တောက်ထားခြင်း မရှိသေးပေ။

မှတ်တမ်းဓာတ်ပုံရိုက်ကူးပြီးချိန်မှသာ တစ်ပိုင်းစီ ဖြတ်တောက်ပစ်ကာ အိမ်ခြံစည်းရိုးတွင် ချိတ်ဆွဲခဲ့ခြင်း ဖြစ်မည်ဟု ၎င်းတို့၏ အဖွဲ့ဝင်များက ယူဆနေကြသည်။

“သူတို့က လူစိတ်မှ မရှိတာ။ လူစိတ်မရှိလို့ပဲ ဖမ်းမိတဲ့ကလေးတွေကို ရက်ရက်စက်စက်သတ်သွားတာ” ဟု ကိုအက်ဆစ်က မှတ်ချက်ပြုသည်။

ဖမ်းဆီးရမိထားသူများ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကို ဖြတ်တောက်သွားသည့် စစ်ကောင်စီတပ်ကို ဆက်လက် တိုက်ခိုက်သွားမည်ဟု ကာကွယ်ရေးအဖွဲ့များက ဆိုသည်။

“ဒီကောင်တွေသည် ကျွန်တော်တို့အဖွဲ့တွေကို စိန်ခေါ်တဲ့အပိုင်းပါတယ်။ စိတ်ဓာတ်ပိုင်းဆိုင်ရာ ခြောက်လှန့်တဲ့အပိုင်းလည်း ပါတယ်။ ဒါကြောင့်မလို့ ဒီလိုလုပ်သွားတာ။ လူမဆန်စွာသတ်သွားတဲ့အပေါ် ဘယ်လိုမှ ခွင့်မလွှတ်ဘူး” ဟု ကိုမိုးကြိုးက ပြောသည်။

ရုပ်အလောင်း ၅ ခုလုံးကို ဖေဖော်ဝါရီ ၂၇ တွင် PDF ပူးပေါင်းအဖွဲ့က တွေ့ရှိခြင်းဖြစ်သည်။

ပဒတ္တိုင်းရွာတွင် တွေ့ရသည့် ရုပ်အလောင်းမှာမူ မည်သူမည်ဝါဖြစ်ကြောင်း အတည်မပြုနိုင်သေးပေ။​

လက်ရှိတွင် စစ်ကောင်စီတပ်သည် မြင်းမူမြို့နယ် ကန်ပြားရွာအနီး စစ်ကြောင်းထိုးနေဆဲဖြစ်ကြောင်း သိရသည်။

ယင်းဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီတပ်က တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိသေးပေ​။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button