ခိုကိုးရာမဲ့ ရွာသူရွာသားတို့ ကြောက်လန့်တကြား ပုန်းခိုနေသော ရွာဦးဘုန်းကြီးကျောင်းဆောင်အတွင်းသို့ စစ်သားများ ဝင်ရောက်လာချိန် အသက် ၃၇ နှစ်အရွယ် လက်ထုတ္တောရွာသား ကိုကံကောင်း*သည် ခပ်နိမ့်နိမ့် ခုတင်အောက်ထဲသို့ ဝင်ပုန်းနေလိုက်သည်။
မေ ၁၁ ရက် နံနက်ဝေလီဝေလင်းအချိန်တွင် ဧရာဝတီမြစ်အနောက်ဘက်ကမ်း စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ လက်ထုတ္တောကျေးရွာကို အင်အား ၁၀၀ ဝန်းကျင်ရှိ အာဏာသိမ်းစစ်ကောင်စီတပ်က စီးနင်းပြီးနောက် အမျိုးသား၊ အမျိုးသမီးများပါဝင်သော ရွာခံအများစု ပုန်းခိုနေသည့် ရွာဦးဘုန်းကြီးကျောင်းကို ချဉ်းနင်းဝင်ရောက်လာခြင်း ဖြစ်သည်။
ချက်ချင်းဆိုသလို တံခါးဖွင့်သံ ကြားလိုက်ရပြီး စစ်သားယူနီဖောင်းဝတ်ထားသူ၊ ဂျင်းဘောင်းဘီဝတ်ဆင်ထားသူ စစ်ကောင်စီတပ်သားများက ကျောင်းဆောင်ထဲသို့ ဝင်လာကြသည်။ ခုတင်အောက်တွင် ပုန်းနေသော ကိုကံကောင်းကို သူတို့ သတိမထားမိကြပေ။
ထို့နောက် “မောင်ဉာဏ်တို့အဖွဲ့ ဘယ်မှာလဲ။ PDF တွေဘယ်မှာလဲ။ လက်နက်တွေ ဘယ်မှာလဲ” ဟူသော စစ်ကောင်စီတပ်သားတို့၏ မေးမြန်းသံကို အတိုင်းသားကြားနေရသည်။ မောင်ဉာဏ်သည် လက်ထုတ္တောရွာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ခေါင်းဆောင်ဖြစ်သည်။
သေနတ်သံများကြားရခြင်းကြောင့် ဘုန်းကြီးကျောင်းတွင် လာရောက် ခိုလှုံပုန်းအောင်းကြခြင်းဖြစ်ပြီး အခြားဘာမှ မသိရှိကြောင်း ပြောဆိုကြရာ အခန်းထဲရှိ ယောကျ်ားလေးများအားလုံး အပြင်ထွက်ရန် စစ်သားများက အမိန့်ပေးလိုက်သည်။ ထို့နောက် သေနတ်သံများ ဆက်တိုက်ထွက်ပေါ်လာသည်ဟု ကိုကံကောင်းက ပြန်ပြောပြသည်။ အပြင်ခေါ်ထုတ်သွားသည့် အမျိုးသားများ ပစ်သတ်ခံလိုက်ရခြင်းပင်။
ထိုဖြစ်စဉ်မှာ အာဏာသိမ်းစစ်ကောင်စီတပ်သားတို့ သွေးအေးအေး ကျူးလွန်ခဲ့သည့် လက်ထုတ္တောရွာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုဖြစ်သည်။ ဘုန်းကြီးကျောင်းထဲ ခိုလှုံနေသူ ၅၀ ကျော်ရှိသည့်အနက် အမျိုးသား ၂၀ ကျော်ကို ခေါ်ထုတ်ကာ ပစ်သတ်ခဲ့ကြခြင်းဖြစ်သည်။
“မြင်တော့မမြင်ရဘူး။ ဘုန်းကြီးကျောင်းတိုက်ထဲမှာဆိုတော့ ကြားနေရတာ။ တစ်ယောက်ကတောင် မသေလို့ဆိုပြီးတော့မှ ဒီကောင်လှုပ်နေတာ၊ မသေသေးဘူးဆိုပြီးတော့မှ နောက်ထပ်ပစ်သံတစ်ချက် ကြားရတယ်။ သတ်သွားတာတော့ ပြောမနေနဲ့ဗျာ။ လူသတ်မသတ်ဘူး၊ တိရစ္ဆာန်သတ်သတ်သွားတာ” ဟု ထိုသူက ပြောသည်။
ကျောင်းတိုက်အတွင်း မိသားစုလိုက် စုဝေးခိုလှုံနေကြရာ ပစ်ခတ်မှုအပြီး သမီးဖြစ်သူများ၊ ဇနီးသည်များ၊ မိသားစုဝင်များနှင့် ဆွေမျိုးသားချင်းတို့ ပွက်ပွက်ညံအောင် ငိုကြသည်ဟု သူက ဆိုသည်။
အရပ်သားအစိုးရကို ဖြုတ်ချကာ အကြမ်းဖက်အာဏာသိမ်းယူမှု ပေါ်ပေါက်လာပြီးနောက် စစ်ကောင်စီကို နိုင်ငံအနှံ့တွင် လက်နက်ကိုင် ခုခံကြရာ စစ်ကောင်စီကလည်း ပြင်းပြင်းထန်ထန် တုံ့ပြန်လျက်ရှိသည်၊ တုံ့ပြန်မှုများထဲတွင် လက်ရှိ လက်ထုတ္တောရွာဖြစ်ရပ် အပါအဝင် အစုအပြုံလိုက်သတ်ဖြတ်မှုများလည်း ပါဝင်နေသည်။
လက်ထုတ္တောရွာသည် မြင်းမူမြို့အနောက် ၁၂ မိုင်အကွာ မန္တလေး-မုံရွာကားလမ်းမကြီးဘေးအနီးတွင် ရှိပြီး အိမ်ခြေ ၇၀၀ ကျော်ရှိ ရွာကြီးတစ်ရွာ ဖြစ်သည်။
လက်ထုတ္တောရွာမြောက်ဘက် ၂ မိုင်၊ ၃ မိုင် အကွာတွင် စစ်ကောင်စီတပ်တို့ တပ်စွဲအထိုင်ချထားသည့် စစ်စခန်း အနည်းဆုံး ၃ ခုအထိ ရှိနေသည်။ နတ်ရေကန်ကျေးရွာ၊ ဂွေးပင်တောကျေးရွာနှင့် မန္တလေး-မုံရွာ ကားလမ်းပေါ်မှ မြင်းမူလမ်းခွဲနေရာတို့တွင်ဖြစ်သည်။
လက်ထုတ္တောရွာ ကံကြမ္မာဆိုးဝင်မွှေသည့်နေ့
မေ ၁၀ ရက်နေ့၊ ညသန်းခေါင်ကျော် ၁ နာရီခန့်တွင် ချောင်းဦးမြို့နယ်အတွင်းရှိ နတ်ရေကန်ကျေးရွာ စစ်စခန်းမှ အင်အား ၁၀၀ ခန့်ပါသည့် စစ်ကြောင်းတစ်ခုသည် ၃ မိုင်အကွာတွင် ရှိသော လက်ထုတ္တောကျေးရွာသို့ လာရန် ပြင်ဆင်နေကြောင်း သတင်းကြားခဲ့ကြသည်။
ထိုသတင်းကြောင့် ဒေသကာကွယ်ရေးအဖွဲ့များက ကျေးရွာအတွင်း ခရာမှုတ်ပြီး တိမ်းရှောင်ကြရန် သတိပေးခဲ့ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
ပုန်းခိုရန် ရွာ၏အရှေ့ဘက်နှင့် အနောက်ဘက်ရှိ ဘုန်းကြီးကျောင်းများကို ရွေးချယ်လိုက်သူတို့မှာ စစ်ကောင်စီတပ်နှင့် ရင်ဆိုင်ခဲ့ရသည်ဟု ဆိုသည်။
“အများစုက တောထဲတောင်ထဲ ထွက်ပြေးကြတယ်။ တချို့က ထွက်မပြေးနိုင်ကြဘူး။ တချို့ကလည်း ထွက်သွားပြီးတော့မှ ရွာကို ပြန်ဝင်လာကြတာ။ အဘိုးကြီးအဘွားကြီးတွေက နီးရာဘုန်းကြီးကျောင်း ရှောင်ကြတာပေါ့။ စစ်ကြောင်းက မနက် ၅ နာရီလောက်မှာ ရွာကို စီးနင်းတယ်” ဟု ပြောရေးဆိုခွင့်ရှိသူ မဟုတ်သဖြင့် အမည်မဖော်ပြလိုသည့် အဆိုပါ တပ်ဖွဲ့ဝင်က ပြောသည်။
နံနက် ၅ နာရီတွင် လက်ထုတ္တောရွာကို စီးနင်းသူတို့က ရွာကို မီးရှို့ခဲ့ပြီးနောက် နံနက် ၆ နာရီခွဲခန့်တွင် ပြန်လည်ထွက်ခွာသွားကြသည်။ အိမ်ခြေများစွာ မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း၊ ၂ ရက်အကြာ ၁၃ ရက်နေ့အထိ မီးငြှိမ်းသတ်နိုင်ခြင်း မရှိသေးကြောင်း၊ အိမ်ခြေအရေအတွက်ကိုလည်း အတိအကျမသိနိုင်သေးကြောင်း ကာကွယ်ရေးအဖွဲ့များက ပြောကြသည်။
“အရင်ကလည်း မီးရှို့ခဲ့ဖူးတယ်။ အခုတစ်ကြိမ်လည်း အဟောင်းရော၊ အရင်ရှို့ခံရလို့ ပြန်ဆောက်ထားတဲ့ အသစ်ရော အကုန်ထပ်ရှို့ခံရတယ်။ ရွာအနှံ့ပါပဲ” ဟု အထက်ပါ ကာကွယ်ရေးအဖွဲ့ဝင်အမျိုးသားက ပြောသည်။
စစ်ကြောင်းက ရွာအတွင်းနှင့် ရွာအနီးဝန်းကျင်ကို ပိုက်စိပ်တိုက်ရှာဖွေပြီး ဒေသခံများကို သတ်ဖြတ်ခဲ့သည်။
ကိုကံကောင်း ပုန်းခိုခဲ့သည့် ရွာဦးဘုန်းကြီးကျောင်းတွင်၂၅ ဦး၊ ရွာအနောက်ဘက် ဘုန်းကြီးကျောင်းတွင် ၅ ဦးနှင့် ကျေးရွာအတွင်းမှ ၂ ဦးတို့၏ ရုပ်အလောင်းများကို တွေ့ရှိခဲ့သည်ဟု ထိုသူက ဆိုသည်။
ဘုန်းကြီးကျောင်းအတွင်း သတ်ဖြတ်ခံရသည့် ဖြစ်စဉ်အတွင်း ဒဏ်ရာရရှိသူနှစ်ဦးကို ဆေးရုံပို့စဉ် လမ်းတွင် တစ်ဦးသေဆုံးသည်။ ထို့နောက် ၁၃ ရက်နေ့ နံနက်ပိုင်းတွင် မီလောင်ပြင်ထဲမှ အဘွားအိုတစ်ဦး၏ မီးကျွမ်းရုပ်အလောင်း တွေ့ရှိခဲ့ရာ သေဆုံးသူ စုစုပေါင်း ၃၃ ဦးအထိ ရှိလာသည်ဟု သိရသည်။
သတ်ဖြတ်ခံရသူများ၏ အသက်အရွယ်၊ အမည်နှင့် အခြားအချက်အလက်များကို အတည်ပြုနိုင်ရန် Myanmar Now က စုံစမ်းနေဆဲဖြစ်သည်။
အစုအပြုံလိုက် သတ်ဖြတ်ခံရပုံ
ရွာအနောက်ဘက် ဘုန်းကြီးကျောင်းတွင် သတ်ဖြတ်ခံရသူ ၅ ဦးမှာ မီးလောင်ဒဏ်ရာများတွေ့ရသည်ဟု ဒေသခံတို့က ဆိုသော်လည်း အသေးစိတ်အခြေအနေကို မသိရပေ။
ရွာအရှေ့ဘက် ဘုန်းကြီးကျောင်းတွင် အစုလိုက်အပြုံလိုက်သတ်ခံရသူ ၂၅ ဦးကိုမူ ပုန်းခိုနေသည့် ကျောင်းဆောင်အပြင်ဘက် ခြေလှမ်း ၁၀ လှမ်းအကွာ ဘုန်းကြီးကျောင်းဝင်းထဲတွင် သတ်ဖြတ်ခဲ့ကြောင်း ကိုကံကောင်းအပြင် သတ်ကွင်းမှ လွတ်မြောက်ခဲ့သည့် ဒေသခံတစ်ဦးက Myanmar Now ကို ပြောသည်။
ထိုသတ်ဖြတ်မှုမဖြစ်မီ မကြာသေးခင်ရက်ပိုင်းအတွင်း ဒေသကာကွယ်ရေးအဖွဲ့က ထိုစစ်ကြောင်းကို ချုံခိုပစ်ခတ်ခဲ့စဉ် စစ်ကောင်စီတပ်မှ ၂ ဦး ထိခိုက်ခဲ့သည်။ ထိုနှစ်ဦးတွင် တပ်ထဲ ပြန်ခေါ်ခံထားရသည့် အသက် ၆၀ ကျော်အရွယ် ပင်စင်စား စစ်အရာရှိတစ်ဦးလည်း ပါဝင်သည်ဟု သိရသည်။
စစ်သားများက ၎င်းတို့ဘက်မှ တပ်သား ၃ ဦးနှင့် အရာရှိတစ်ဦး ပစ်ခတ်ခံရသဖြင့် လက်ထုတ္တောရွာကို လက်တုံ့ပြန်ရန် လာရောက်ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု ကိုကံကောင်းထံမှ သိရသည်။
“အန်မတုနဲ့၊ အကုန်လုံးပြာကျသွားမယ်။ နောက်တစ်ခါလာလုပ်ရင် မင်းတို့တစ်ရွာလုံး မိန်းမလည်းမချန်ဘူး၊ အကုန်လုံးကို သတ်ပစ်မယ်” ဟု စစ်သားများက ကြိမ်းဝါးကြောင်း ကိုကံကောင်းက ပြန်ပြောပြသည်။
စစ်သားများ လာရှာသည့် ကျေးရွာပကဖခေါင်းဆောင် ကိုဉာဏ်
စစ်ကောင်စီတပ် လိုက်လံရှာဖွေခဲ့သည်မှာ အသက် ၃၀ ဝန်းကျင် ကျေးရွာပကဖခေါင်းဆောင် ကိုဉာဏ် ဖြစ်သည်။
“ငြိုးတာတော့ ကျွန်တော့်ကို ငြိုးတာ၊ ကျွန်တော်လုပ်ခဲ့တဲ့စစ်ဆင်ရေးကြောင့်။ ကျွန်တော်က နာမည်လည်း ပေါက်နေတယ်။ ပစ်ခတ်တိုက်ခိုက်တာကို ဘယ်သူလုပ်သွားမှန်းလဲ သူတို့သိတယ်။ အခုတော့ ကျွန်တော် စိတ်မကောင်းဖြစ်ရတယ်ဗျာ” ဟု ကိုဉာဏ်က ပြောသည်။
ထိုစစ်ကြောင်းကို ၂ ခါ တိုက်ခိုက်ခဲ့ပြီး စစ်သား ၃ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရခဲ့သည်ဟု ၎င်းက ဆိုသည်။
“ကျွန်တော်က ဝမ်ပေါင် (ကြေးနီစီမံကိန်း) က တက်လာတဲ့ကားတန်းကို ချောင်းဦးလမ်းပေါ်မှာ တက်ပစ်ထားတာ ရှိတယ်။ သုံးကောင်ပြုတ်သွားတယ် (သေဆုံးသွားတယ်)” ဟု ကိုဉာဏ်က ပြောသည်။
“မနေ့ (မေ ၁၂) ကကျတော့ တစ်ခါ၊ သူတို့ တက်လာတဲ့ယာဉ်လမ်းကြောကို ပစ်ဖို့လုပ်တော့ သူတို့ကင်းပုန်းနဲ့ တွေ့ပြီး ထိပ်တိုက်တွေ့ကြပြီး ပစ်ကြတော့ နှစ်ကောင်ထိသွားတယ်။ အဲ့ဒါကို စိတ်ဆိုးပြီးတော့ လုပ်တာ”
အမျိုးသားများကို အစုအပြုံလိုက် ပစ်ခတ်သတ်ဖြတ်ပြီးနောက်တွင် ကျန်ရှိနေသည့် အမျိုးသမီးများကို စစ်သားများ ခြိမ်းခြောက်မေးမြန်းနေသည်ဟု ပုန်းခိုသည့် နေရာမှ ကြားခဲ့ရကြောင်း ကိုကံကောင်းက ပြောသည်။
‘မောင်ဉာဏ် ဘယ်မှာလဲ၊ လက်နက်တွေ ဘယ်မှာဖွက်ထားလဲ၊ မောင့်ဉာဏ်မိန်းမဘယ်မှာလဲ၊ သိကိုသိရမယ်’ ဟု မေးမြန်းကြကြောင်း သူက ဆက်ပြောသည်။
အလောင်းပုံအောက်မှ လွတ်မြောက်ခဲ့သူ
လူသတ်ကွင်းမှ လွတ်မြောက်ခဲ့သည့် အခြားဒေသခံအမျိုးသားတစ်ဦးကလည်း ပုန်းခိုနေသည် ကျောင်းဆောင်းအတွင်းသို့ စစ်သားများ ဝင်ရောက်လာပြီး “ယောကျ်ားလေးမှန်သမျှ ထွက်” ဟု ဆိုကာ သက်ကြီးရွယ်အိုများအပါအဝင် လေဖြတ်နေသူမပါမချန် အပြင်ထွက်ခိုင်းသည်ဟု ဆိုသည်။
“ဝင်လာတဲ့အချိန်ကတော့ သိပ်မလင်းသေးဘူး။ တိုက်ထဲဆိုတော့ မှောင်မဲနေတာ၊ ကျုပ်တို့ကို (အပြင်) ထုတ်မှ လင်းနေတာမှန်းသိတာ။ သူတို့ခေါ်လို့ အပြင်ထွက်တော့ (အလင်းရောင်ရှိ) လူကွဲပါပြီ” ဟု ထိုဒေသခံက ပြောသည်။
ခေါ်ထုတ်လာသည့် အမျိုးသားများကို ကျောင်းဝင်းထဲတွင်ပင် စုဝေး ငုတ်တုတ်ထိုင်ခိုင်းသည်။ စစ်သားများ၏ ပြောဆိုသံကို သဲသဲကွဲကွဲ မကြားရကြောင်း သူက ဆိုသည်။ မကြာမီတွင် ပထမဆုံးသေနတ်သံ ထွက်ပေါ်လာသည်။
သူ့နားများ အူသွားသည်။ သေနတ်သံကြောင့် ထိုးဝပ်လိုက်ချိန် မြေကြီးပေါ် မှောက်လျက်ကျသွားသည်။
သေနတ်သံများ ဆက်တိုက်ထွက်ပေါ်လာကာ တစ်ရွာတည်းသားချင်းတို့၏ အရုပ်ကြိုးပြတ်ခန္ဓာကိုယ်များ သူ့အပေါ် ပိကျလာသည်ဟု ပြောသည်။
“ကြောက်လည်းကြောက်တော့ ဝမ်းလျားမှောက်ပစ်လိုက်တာလည်း ပါတာပေါ့။ လူတွေပိလာတာပဲ။ ဘယ်ကနေပြီးတော့ ဘယ်လိုပစ်လဲတော့ ကျုပ်လည်း မသိတော့ဘူး။ အောက်ကနေပြီး အသက်ကို မှန်မှန်မရှူရဲတာပဲ” ဟု သူက ပြောသည်။
“ခံစားရတာတော့ ကနေ့ထိ ကိုယ့်ကိုယ်ကိုယ် သေပြီလို့ကို သဘောထားလိုက်တာပဲ။ နားထဲတော့ ကြားနေတာပဲ တဖုန်းဖုန်း…. တစ်ဒိုင်းဒိုင်းနဲ့”
သူ့ခန္ဓာကိုယ်ပေါ် အလောင်းများပိလာချိန်အထိ သတိရှိနေသေးသည်။ အလောင်းပုံကို မီးရှို့မည်ဆိုပါက လွတ်မြောက်ရန် နည်းမရှိတော့ကြောင်း သူတွေးမိသည်။ သို့သော် မီးရှို့မခံရသလို ကံကောင်းထောက်မစွာ အံဩဖွယ် လွတ်မြောက်ခဲ့ကြောင်း သူက ဆိုသည်။
“ကိုယ့်ကိုယ်ကိုယ် သေပြီလို့ ဆုံးဖြတ်ထားလိုက်တယ်။ စိတ်ထဲ ဘုရားစာလေးရွတ်ပြီးတော့ သေပြီလို့ စိတ်ထဲ ဒုန်းဒုန်းချလိုက်တာပဲ” ဟု သူက ပြောသည်။
သေနတ်သံများတိတ်သွားကာ စစ်သားများထွက်ခွာသွားပြီးနောက် ကျောင်းဆောင်အတွင်း ကျန်နေသည့် အမျိုးသမီးများက အလောင်းများကို စစ်ဆေးသည်။ ဝမ်းနည်းပက်လက် ငိုကျွေးကြသည်။ ထို့နောက် သူ့ကို အသက်ရှင်နေသေးမှန်း သိသွားကာ ထွက်ပြေးရန် ပြောခဲ့ကြသည်ဟု ဆိုသည်။
ဘုန်းကြီးကျောင်းဝင်းထဲမှ စစ်သားများထွက်ခွာသွားပြီးနောက် နံနက် ၇ နာရီဝန်းကျင်တွင် ကိုကံကောင်းလည်း ပုန်းနေသည့် နေရာမှ ထွက်သည်၊ အင်္ကျီအဖြူကို ချွတ်၍ ချုံပုတ်များကို အကာအကွယ်ယူ ပုန်းခိုကာ အရှေ့ဘက်သို့ ထွက်ပြေးခဲ့သည်ဟု ကိုကံကောင်းက ဆိုသည်။
စစ်သားများက ဘုန်းကြီးကျောင်းမှ ထွက်ခွာရာတွင် ချုံခိုတိုက်ခိုက်ခံရမည်ကို စိုးရိမ်သဖြင့် အမျိုးသမီးများကို ဓားစာခံအဖြစ် ဖမ်းဆီးသွားရာ ထိုအထဲတွင် ကိုကံကောင်း၏ အမျိုးသမီးလည်း ပါသွားသည်။ ထို့နောက် ရွာကို မီးရှို့ပြီး စစ်သားများက ရွာအနောက်ဘက် ဘုန်းကြီးကျောင်းတွင် လူပြန်စု၍ ၎င်းတို့ စစ်တပ်စခန်းရှိသည့် နတ်ရေကန်ရွာသို့ နေ့ချင်းပြန်သွားသည်။
ဓားစာခံများကို ပြန်လွှတ်ပေးခဲ့သည်ဟူသောသတင်း ကြားရချိန် ပုန်းခိုနေသည့်နေရာမှ မိသားစုကို ဆက်သွယ်ခဲ့ကြောင်း ကိုကံကောင်းက ဆိုသည်။
“သူတို့ကတော့ ကျွန်တော့်ကို သေပြီလို့ အောက်မေ့တာ၊ ကျွန်တော်ပုန်းတာမှန်းလည်း သူတို့က မသိဘူး။ သတ်တဲ့ထဲ ကျွန်တော်ပါပြီ ထင်ပြီးတော့ ငိုနေကြတာ။ သူတို့ ဓားစာခံခေါ်သွားပြီး ရွာထဲ မီးရှို့တော့ကို ကျွန်တော်သေပြီဆိုပြီး သူတို့သားမိက ငိုနေကြတာတဲ့” ဟု ကိုကံကောင်းက ပြန်လည်ပြောပြသည်။
အသက်ဘေးမှ ကိုယ်တိုင်လွတ်မြောက်လာကြသော်လည်း သေဆုံးသွားသည့် တစ်ရွာတည်းသားချင်းများအတွက် စိတ်မကောင်းကြပေ။
ဘုန်းကြီးကျောင်းအတွင်း သတ်ဖြတ်ခံရသူများအနက် အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦး၊ သက်ကြီးရွယ်အို ၄ ဦးခန့်ပါဝင်သည်ဟု လက်ထုတ္တောရွာသို့ ရောက်ရှိ ကူညီနေသည့် ဒေသကာကွယ်ရေးအဖွဲ့ဝင် နောက်တစ်ဦးက ပြောသည်။
“ကျောင်းမှာ စစ်ဘေးရှောင်နေတဲ့ ပြည်သူတွေကို ဖမ်းပြီးတော့ ယောက်ျားလေးမှန်သမျှကို သတ်သွားတာ၊ ၆၀၊ ၇၀၊ ၈၀ အဘိုးကြီးတွေပါတယ်။ အမျိုးသမီးတစ်ဦးလည်း ပါတယ်။ သေဆုံးသူတွေက ဘုန်းကြီးကျောင်းဝင်းထဲ တစ်နေရာတည်းမှာပဲ အစုလိုက်တွေ့ရတာပါ” ဟု သူက ပြောသည်။
သေဆုံးသူအားလုံးတွင် ဦးခေါင်းကို အနီးကပ်ပစ်ခတ်ထားသည့်ဒဏ်ရာနှင့် ညှဉ်းပန်းနှိပ်စက်ထားသည့်ဒဏ်ရာများ တွေ့ခဲ့ရကြောင်း သူက ပြောသည်။
လက်ထုတ္တောကျေးရွာ အစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရမှုသည် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က မေ ၁၂ တွင် သတင်းထုတ်ပြန်သည်။
ထိုသတ်ဖြတ်မှုကို စစ်ကောင်စီလက်အောက်ခံ ခြေမြန်တပ်မဌာနချုပ် (၃၃) ၏ အမှတ် (၁၃) ခြေမြန်တပ်ရင်း၊ အမှတ် (၉၀၉) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း၊ အမှတ် (၉၂၉) ထောက်ပံ့နှင့် ဆက်သွယ်ရေးတပ်ရင်းနှင့် စစ်မှုထမ်းဟောင်းများဖြင့် ဖွဲ့စည်းထားသည့် ပျူစောထီးတပ်သားများက ကျူးလွန်ခဲ့သည်ဟု ထုတ်ပြန်သည်။
လက်ထုတ္တောရွာသတ်ဖြတ်မှုနှင့်ပတ်သက်၍ အသေးစိတ်မှတ်တမ်းကောက်ယူနေပြီး တရားမျှတမှု ဖော်ဆောင်မည်ဟု ဆိုသည်။ စစ်ကောင်စီတပ်သားများအနေဖြင့် ပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ရနေပြီး နိုင်ငံတကာအသိုင်းအဝိုင်းက ထိရောက်စွာအရေးယူရန်လည်း တိုက်တွန်းထားသည်။
ထိုဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်းမရှိသလို စစ်ကိုင်းတိုင်းပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို Myanmar Now က ဆက်သွယ်သော်လည်း ဖြေဆိုခြင်းမရှိပေ။
အစုအပြုံလိုက်သတ်ဖြတ်မှုများနှင့် မြင်းမူနယ်
စစ်ကိုင်းတိုင်းမှ အခြားမြို့နယ်များနည်းတူ လက်နက်ကိုင် ခုခံတော်လှန်မှု အားကောင်းသည့် ဒေသဖြစ်သော ဧရာဝတီမြစ် အနောက်ဘက်ကမ်းရှိ မြင်းမူနယ်သည် ထိုသို့ အစုလိုက်အပြုံလိုက်သတ်ဖြတ်ကျူးလွန်ခြင်းများ ယခင်ကလည်း ခံစားခဲ့ရသည်။
မြင်းမူမြို့မှ ၁၃ မိုင်ခန့် ကွာဝေးပြီး ဒေသခံ ၂၅၀၀ ကျော် နေထိုင်သည့် ပဒတ္ထိုင်းရွာတွင် ၂၀၂၂ ဇန်နဝါရီ ၃၁ ရက်က အစုအပြုံလိုက်သတ်ဖြတ် မီးရှို့ခံရမှု ဖြစ်ပွားခဲ့သည်၊ ထိုစဉ်က လူ ၂၀ ကျော် သတ်ဖြတ်ခံရ၍ ၁၀ ဦးခန့်ကိုသာ အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့သည်။ ၂၀၂၃ ဖေဖော်ဝါရီ ၂၅ တွင်လည်း အဆိုပါရွာ စီးနင်းခံရပြီး ကာကွယ်ရေးအဖွဲ့ဝင် ၅ ဦး ခေါင်းဖြတ်သတ်ခံရသည်။
၂၀၂၃ ဖေဖော်ဝါရီ ၂၈ တွင် မြင်းမူနှင့် စစ်ကိုင်းမြို့နယ်အစပ်ရှိ ဒေသခံ လူ ၁၇ ဦး အသတ်ခံရသည့် တာတိုင်ရွာ လူသတ်ပွဲ၊ မတ် ၅ ရက်မှ ၇ ရက်အတွင်း မြင်းမူမြို့နယ်နှင့် မြောင်မြို့နယ်အစပ်ရှိ လက္ကပင်ရွာတွင် ဒေသခံ ၁၀ ဦး သတ်ဖြတ်ခံထားရသည်။
ယမန်နှစ် စက်တင်ဘာ ၂၂ ရက်က မြောင်နှင့် မြင်းမူ နှစ်မြို့နယ်၏အစပ် ခြေရာတော်ကျေးရွာအနီး ဖမ်းဆီးခံရသည့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၂၆ ဦးကို စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့သည်။
၂၀၂၂ ဩဂုတ်လဆန်းက မြင်းမူမြို့မြောက်ဘက် လက်ပံကျင်းရွာကို စစ်ရဟတ်ယာဉ် ၃ စီး လာရောက်ပစ်ခတ်ပြီး၊ ရဟတ်ယာဉ် ၂ စီးဖြင့် စစ်တပ်အင်အား ၅၀ ခန့် ချထားကာ ထိုးစစ်ဆင်ခဲ့စဉ်အတွင်း အရပ်သားနှင့် ကာကွယ်ရေးအဖွဲ့ဝင် စုစုပေါင်း ၁၈ ဦး သေဆုံးခဲ့သည်။
မြင်းမူနယ်သည် ဧရာဝတီမြစ်၏ အနောက်ဘက်ကမ်းနဖူးတွင် တည်ရှိသည့် မြေပြန့်ဒေသမြို့ငယ်တစ်ခုဖြစ်ပြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ မန္တလေးမြို့အနောက်ဘက် ၃၃ မိုင်အကွာ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) ရှိရာ မုံရွာမြို့အရှေ့ဘက် မိုင် ၃၀ အကွာတွင်ရှိသည်။
မြင်းမူနယ်သည် နွေဦးတော်လှန်ရေးကာလတွင် ဧရာဝတီမြစ်အနောက်ဘက်တွင်ရှိသည့် စစ်ကိုင်းတိုင်းအတွင်းမှ တော်လှန်ရေးတပ်ဖွဲ့များအပြင် မြစ်အရှေ့ဘက်ကမ်း မန္တလေးတိုင်းအတွင်းမှ တော်လှန်ရေးတပ်ဖွဲ့များကပါ ခြေကုပ်ယူလှုပ်ရှားကြသည့်ဒေသများအနက် တစ်ခုလည်းဖြစ်သည်။