စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ထီးလှိုင် (ခေါ်) တလိုင်းကျေးရွာကို ယမန်နေ့ (ဇွန်လ ၂၈ ရက်) တွင် စစ်တပ်က ဗုံးကြဲသဖြင့် ကလေး လေးဦး အပါအဝင် ရှစ်ဦး သေဆုံးခဲ့ကာ ခြောက်ဦးထိခိုက်ဒဏ်ရာရသည် ဟု စုံစမ်းသိရှိရသည်။
ဧရာဝတီမြစ် အနောက်ဘက်ကမ်း၊ စစ်ကိုင်းမြို့မြောက်ဘက် ၁၉ မိုင်ကျော်အကွာ ဝက်လက်မြို့နယ်အစပ်ရှိ တလိုင်း(ခေါ်) ထီးလှိုင် ကျေးရွာကို စစ်တပ်၏ တိုက်လေယာဉ်တစ်စီးက ယမန်နေ့ မွန်းလွဲ ၂ နာရီကျော် အချိန်၌ သုံးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့စဉ်အတွင်း ဒေသခံများ ထိုသို့ သေဆုံး၊ ဒဏ်ရာရခြင်းဖြစ်သည်ဟု ဒေသခံ အမျိုးသား တစ်ဦးက Myanmar Now ကို ပြောသည်။
“ရွာအရှေ့ဘက် လူနေအိမ်တွေပေါ်ကျတာ။ သူတို့ (စစ်တပ်) ဗုံးကြဲတိုက်ခိုက်တဲ့အချိန်မှာ ရွာထဲမှာက ပုံမှန်ပါပဲဗျ။ တိုက်ပွဲဖြစ်ပွားခြင်းလည်းမရှိဘူး။ အေးအေးချမ်းချမ်းနဲ့ပဲ နေနေကြတာ။ အားလုံး တောင်သူ လုပ်သူလုပ်၊ ဈေးရောင်းသူ ရောင်းနေနေကြတာ”ဟု အသက် ၂၅ နှစ်အရွယ် အထက်ပါ ဒေသခံ အမျိုးသားက ဆိုသည်။
လေကြောင်းဗုံးကြောင့် သေဆုံးသူများမှာ မောင်နှမများဖြစ်သည့် အသက် ခြောက်နှစ်အရွယ် မဂျူးဂျူးနှင့် အသက် ၁၄ နှစ်အရွယ် မောင်ဟန်လင်းထက်၊ အသက် ၄၀ အရွယ် ဒေါ်သန်းသန်းစိုးနှင့် ၎င်း၏ ၁၀ နှစ်အောက်ကလေးနှစ်ဦး၊ အသက် ၂၀ အရွယ် မောင်နိုးနိုး၊ အသက် ၅၀ အရွယ် ဒေါ်သင်းနှင့် ၅၂ နှစ် အရွယ် ဒေါ်ဝင်းတို့ဖြစ်ကြသည်။
ထို့အပြင် ထိခိုက်ဒဏ်ရာရရှိသူ ခြောက်ဦးသည် အရေးပေါ် ဆေးဝါး ကုသမှုခံယူနေရပြီး နေအိမ်သုံးလုံး ပျက်စီးခဲ့သည်ဟု ဒေသခံများထံက သိရသည်။
သေဆုံးသွားသည့် ကလေးတစ်ဦးမျက်နှာ ဗုံးစထိမှန်ထားပြီး မျက်နှာတစ်ခုလုံးနီးပါး ပျက်စီးနေသည်ကို ဒေသခံများပေးပို့သော ပုံများတွင် တွေ့ရကာ အားလုံးကို ယင်းနေ့ ညနေမှာပင် မီးသင်္ဂြိုဟ်လိုက်ကြောင်း သိရသည်။
ထီးလှိုင်(ခေါ်)တလိုင်းကျေးရွာသည် စစ်ကိုင်းမြို့နယ်၏မြောက်ဘက်စွန်း၊ ဝက်လက်မြို့နယ်နှင့်နယ်နိမိတ် ထိစပ်သည့် ဧရိယာတွင် တည်ရှိသည်။ ဧရာဝတီမြစ်အနောက်ဘက်ကမ်းတွင်တည်ရှိပြီး စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်ကြသည်။
ရွာသူရွာသားများသည် စိုက်ပျိုးရေးကိုအဓိကထားလုပ်ကိုင်ကြပြီး ဧရာဝတီမြစ်နှင့် နီးကပ်သည့်အတွက် ငါးဖမ်းလုပ်ငန်းနှင့် မြစ်ကမ်းဘေးသီးနှံစိုက်ပျိုးခြင်းလုပ်ငန်းများလည်း လုပ်ကိုင်ကြသည်။
ထိုဒေသသည် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေများဖြစ်သည့် စစ်ကိုင်းနှင့်ဝက်လက်တို့ကို ဆက်သွယ် ပေးသည့်လမ်းကြောင်းတွင်တည်ရှိသဖြင့် ကုန်စည်စီးဆင်းမှုတွင်အရေးပါသည်။ သို့သော် စစ်တပ် အာဏာသိမ်းပြီးနောက် အဆိုပါ စစ်ကိုင်း-ဝက်လက် နယ်မြေထိစပ်နေသောဒေသများသည် စစ်ရေး မတည်ငြိမ်မှုများရှိနေသည့်အတွက် ဒေသခံများ၏ နေထိုင်ရေးမှာ စိန်ခေါ်မှုများစွာနှင့် ကြုံတွေ့နေရပြီး အသက်ဘေးရင်ဆိုင်နေရသဖြင့် လူအများအပြားနေရပ်စွန့်ခွာရမှုများရှိသည်။
“မနေ့က ဖြစ်တဲ့ကိစ္စကြောင့် ရွာခံတော်တော်များများလည်း တောထဲ ထွက်ပြေးနေကြတယ်။ ကျွန်တော်တို့ ဒီဘက်ရွာတွေက ဒါမျိုး (လေကြောင်းဗုံးကြဲမှု) ခဏခဏဖြစ်လို့ အရင်ကတည်းက စစ်ရှောင်နေကြတာ တွေလည်း များတယ်”ဟု အထက်ပါဒေသခံက ဆက်ပြောသည်။
အဆိုပါ စစ်ကိုင်း-မင်းကွန်း-ဝက်လက်နယ်မြေတဝိုက် စစ်ရေးလှုပ်ရှားတတ်သည့် ဒေသကာကွယ်ရေးအဖွဲ့ တစ်ဖွဲ့ ဖြစ်သည့် People Servant Force မှ တပ်ဖွဲ့ဝင်တစ်ဦးက ယခုလများအတွင်း စစ်ကိုင်းမြို့နယ်၌ နှစ်ဖက်လုံး စစ်ရေးလှုပ်ရှားမှုများ မရှိကြောင်း ဆိုသည်။
“အခုလက်ရှိမှာတော့ အဲဒီဘက်မှာ စစ်ရေးအခြေအနေကတော့ ကျွန်တော်တို့ဘက်အဖွဲ့တွေကလည်း ဘာမှ လှုပ်ရှားတာမရှိသလို၊ စကမဘက်ကလည်း လှုပ်ရှားနေတာမရှိပါဘူး”ဟု သူက ပြောသည်။
မန္တလေးမြို့မြောက်ဘက် မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းနယ်များကို စစ်တပ်ပြန်ရသွားပြီးနောက် မျက်နှာချင်းဆိုင် ဧရာဝတီမြစ်အနောက်ဘက်ကမ်း စစ်ကိုင်းတိုင်း ဝက်လက်၊ စစ်ကိုင်းမြို့နယ်များသို့ ထွက်ပြေးတိမ်းရှောင်ကြသူ အများအပြား ရှိခဲ့သည်။
အထူးသဖြင့် ဝက်လက်နယ်မှတဆင့် စစ်ကိုင်းတိုင်းအတွင်း ဝင်ရောက်ခိုလှုံ ထွက်ပြေးသူ အများအပြားရှိခဲ့ပြီး မန္တလေးမြို့မျက်နှာချင်းဆိုင် စစ်ကိုင်းမြို့တွင် စစ်ရေး ငြိမ်သက်သွားခဲ့သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) စာရင်းများအရ ယခုနှစ် ဇွန်လ ၁ ရက်မှ ၂၅ ရက်အထိ စစ်တပ်ကြောင့် ကလေးလေးဦး အပါအဝင် ၄၆ ဦး သေဆုံးခဲ့သည်။ ထို သေဆုံးရသူများ အနက် ၃၀ ဦးမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ဖြစ်သည်။




