အမျိုးသားညီညွတ်ရေးအစိုးရ NUG ကွပ်ကဲမှုအောက်တွင် မဟုတ်ဘဲ သီးခြားတပ်ဖွဲ့အဖြစ် ရပ်တည်နေသည့် စစ်ကိုင်းပြည်သူ့ ကာကွယ်ရေးတပ်မတော် (စစ်ကိုင်း PDF) ၏ခေါင်းဆောင် ကိုစစ်ငြိမ်းနိုင် အပါအဝင်လေးဦးကို NUG က ပြီးခဲ့သည့် တနင်္လာ(ဇွန်လ ၁၅ရက်) တွင် ဖမ်းဆီးသွားကြောင်း မိသားစုက အတည်ပြုသည်။
၎င်းတို့သည် ခရီးတစ်ခုမှအပြန် စစ်ကိုင်းတိုင်းတွင် ဖမ်းဆီးခံရခြင်းဖြစ်ပြီး၊ အကြောင်းအရင်းကို မသိရသေးကြောင်း ကိုစစ်ငြိမ်းနိုင်၏ မိသားစုဝင်က ပြောသည်။ ဖမ်းဆီးခံခဲ့ရပြီး နောက်တစ်ရက်အကြာ ဇွန်လ ၁၆ ရက် နံနက်ပိုင်းတွင် ၎င်းတို့နှင့် အဆက်အသွယ်ရခဲ့သော်လည်း နောက်ပိုင်းတွင်သတင်းမကြားရတော့ဟု အထက်ပါ မိသားစုဝင်ကဆိုသည်။
“ဖမ်းခံရတာတော့ သိရတယ်။စစ်ဒေသရုံးကလို့တော့ သူကိုယ်တိုင်ပြောသွားပါတယ်။ ဘာကြောင့်ဖမ်းသွားတယ်တော့ မသိရဘူး။ မနေ့(ဇွန်လ ၁၆ ရက်) မနက်၁၀ နာရီအထိတော့ အဆက်အသွယ်ရသေးတယ်။ အဲဒီနောက်ပိုင်း မရတော့ဘူး သူနဲ့ရော သူနဲ့ပါသွားတဲ့ ရဲဘော်နဲ့ရော မရတော့တာ” ဟု ၎င်းကပြောသည်။
Sagaing/စစ်ကိုင်း PDF သည် စစ်ကိုင်းတိုင်းလွတ်မြောက်ရေးမှသည် ပြည်ထောင်စုလွတ်မြောက်ရေးဆီရည်ရွယ်ချက်ဖြင့် ၂၀၂၁ ခုနှစ် ဇူလိုင်လတွင် စတင်စုဖွဲ့ခဲ့ပြီးနောက် စစ်ကိုင်းတိုင်းအပါအဝင် မဟာမိတ် ဆက်စပ်နေသည့် တိုင်းရင်းသားတော်လှန်ရေး တပ်နယ်မြေများတွင် စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်ခဲ့ကြောင်းသိရသည်။
စစ်အာဏာရှင် တိုက်ဖျက်ရေးအတွက် သီးခြားရပ်တည်နေသော တော်လှန်ရေးအင်အားစု ၁၉ ဖွဲ့ဖြင့် စုဖွဲ့ထားသည့် နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု SRA တပ်ဖွဲ့ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် စတင်တည်ထောင်ခဲ့ပြီးနောက် ခြောက်လတာအတွင်း SRA အဖွဲ့ဝင် ခေါင်းဆောင်ပိုင်းကို NUG က ဖမ်းဆီးခြင်းမှာ ဒုတိယအကြိမ်မြောက် ဖြစ်သည်။ Sagaing/စစ်ကိုင်း PDFနှင့် ထိုအဖွဲ့ပါဝင်သည့် SRA တပ်ပေါင်းစုသည် NUG ကွပ်ကဲမှုအောက်တွင်မရှိဘဲ သီးခြားရပ်တည်နေကြသည့် တပ်ဖွဲ့များဖြစ်သည်။
ပြီးခဲ့သည့် မတ်လတွင် SRA တပ်ဖွဲ့ဝင် အမျိုးသားလွတ်မြောက်ရေးတပ်တော် NLA အဖွဲ့ ထိပ်ပိုင်း တာဝန်ရှိသူအပါအဝင် တပ်ဖွဲ့ဝင်အချို့ကို အမှတ် ၁ စစ်ဒေသက တစ်ပတ်ကျော်ကြာ ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ထို့နောက် NLA သည် အမျိုးသားညီညွတ်ရေး အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၏ ကွပ်ကဲမှုခံယူလိုက်ကြောင်း MOD က ဓာတ်ပုံများနှင့် တကွထုတ်ပြန်ခဲ့သည်။
ယခု စစ်ကိုင်း PDF ခေါင်းဆောင် ကိုစစ်ငြိမ်းနိုင် ဖမ်းဆီးခံရမှု အခြေအနေ၊ ဖြေရှင်းရန် ကိုင်တွယ်ဆောင်ရွက်နေသည့် အခြေအနေတို့နှင့်ပတ်သက်ပြီး SRA ပြောရေးဆိုခွင့်ရှိသူ ကိုမင်းဟန်ထက်ကို ဆက်သွယ်မေးမြန်းထားသော်လည်း တစုံတရာ အကြောင်းပြန်ကြားခြင်းမရှိသေးပါ။
ယခုဖမ်းဆီးမှုနှင့်ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေ၊ PDF စစ်ရုံးချုပ်တို့ကို Myanmar Now က ဆက်သွယ်မေးမြန်းထားသော်လည်း ညနေပိုင်းအထိ အကြောင်းပြန်ကြားခြင်းမရှိသေးပေ။
ဖမ်းဆီးမှုနှင့်ပတ်သက်၍ စိုးရိမ်ပူပန်နေပြီး အမြန်ဆုံးပြန်လွှတ်ပေးရန် အထက်ပါ မိသားစုဝင်က မျှော်လင့်နေသည်။
ပြီးခဲ့သည့် မေလအတွင်းကလည်း စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် အခြေစိုက်သော သီးခြားရပ်တည်လှုပ်ရှားနေပြီး NUG လက်အောက်ခံ ပသုံးလုံးယန္တရားနှင့် ပွတ်တိုက်မှုများရှိနေသည့် ကျောင်းသားတော်လှန်ရေးတပ်တော် SRF အဖွဲ့ခေါင်းဆောင် ကိုစံတင်ထွန်းအပါအဝင် တပ်ဖွဲ့ဝင် တစ်ဒါဇင်ကျော်ကို ပြစ်မှုကျူးလွန်ကြောင်း အကြောင်းပြချက်ဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။
ထို့နောက် နှစ်ဖက်ဆွေးနွေးညှိနှိုင်းပြီးနောက် SRF ခေါင်းဆောင် ကိုစံတင်ထွန်းမှအပ ဖမ်းဆီးထားသူများကို ပြန်လွှတ်မည်ဖြစ်ပြီး SRF အနေဖြင့် NUG လက်အောက်ခံ ပကဖအဖြစ် ရပ်တည်ရန် သဘောတူခဲ့သည်။



