အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ယင်းမာပင်တပ်ရင်းမှူး လုပ်ကြံခံရမှု ခရိုင်ကွပ်ကဲရေးမှူး ဗိုလ်စွမ်းသူမောင်ကို NUG စစ်ဆေးမေးမြန်းနေ

ခရိုင်ကွပ်ကဲရေးမှူး ဗိုလ်စွမ်းသူမောင်နှင့် တပ်ဖွဲ့ဝင်အချို့ကို လက်နက်ဖြုတ်သိမ်းထားပြီး ဗိုလ်စွမ်းသူမောင်ကို NUG ၏  စစ်ကိုင်းတိုင်းစစ်ရုံးသို့ ခေါ်ဆောင်ထားသည်ဟု မြေပြင်သတင်းရင်းမြစ်များက ပြောသည်။ 

ပြည်သူ့ကာကွယ်ရေးတပ်မတော် ယင်းမာပင်ခရိုင်မှ တပ်ရင်းမှူး ဗိုလ်ပုလဲမောင် လုပ်ကြံသတ်ဖြတ်ခံရမှု နှင့်ပတ်သက်၍ ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူး ဗိုလ်စွမ်းသူမောင်ကို ယမန်နေ့ (ဇွန်လ ၂၈ ရက်) တွင် ထိန်းသိမ်းလိုက်ကြောင်း မြေပြင်သတင်းရင်းမြစ်များက ပြောသည်။ 

ယင်းမာပင်ခရိုင် အမှတ် (၆) တပ်ရင်း တပ်ရင်းမှူး ပုလဲမောင် (ခ) ပီတာသည် ယင်းမတိုင်မီ နှစ်ရက်တွင် ယင်းမာပင်ခရိုင် ကွပ်ကဲရေးရုံးတွင် အစည်းအဝေးပြုလုပ်ရန် စောင့်ဆိုင်းနေစဉ် ဗိုလ်စွမ်းသူမောင်၏ တပည့် ရဲဘော်ငဖြိုး၏ အနီးကပ်ပစ်သတ်မှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်သည်။ ကျူးလွန်သူ ရဲဘော်ငဖြိုးကို နေ့တွင်းချင်း ဖမ်းဆီးခဲ့ပြီးနောက် ခရိုင်ကွပ်ကဲရေးမှူးကိုပါ ထိန်းသိမ်းလိုက်ခြင်းဖြစ်သည်။ 

ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူး ဗိုလ်စွမ်းသူမောင်အပါအဝင် တစ်ဖွဲ့လုံးကို တာဝန်မှ ယာယီရပ်နားထားပြီး စစ်ကိုင်းတိုင်းစစ်ဌာနသို့ခေါ်ယူထားကြောင်း မြေပြင် စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။ တာဝန်မှ ယာယီရပ်နားခံထားရသူဦးရေနှင့် ပတ်သက်၍ အသေးစိတ်ကို မသိရသေးပါ။

ဗိုလ်စွမ်းသူမောင်ကို ယမန်နေ့ နံနက်ပိုင်းတွင် ကားဖြင့်ခေါ်ဆောင်သွားပြီး တိုင်းစစ်ဌာနသို့ ပို့ဆောင်လိုက်ကြောင်း ဆားလင်းကြီးမြို့နယ်မှ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ 

သို့သော် NUG ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကမူ ဗိုလ်စွမ်းသူမောင်ကို “ဖမ်းဆီးထိန်းသိမ်း” သည်ဟု မသုံးလိုဘဲ အမှုနှင့်သက်ဆိုင်သူများ၊ ဆက်နွှယ်သူများကို ခေါ်ယူစစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေခြင်းသာ ဖြစ်သည်ဟု Myanmar Now ကို ပြောသည်။ 

“လောလောဆယ်တော့ ပစ်ခတ်တယ်လို့ ကိုယ်တိုင်ဝန်ခံထားတဲ့ တပ်ဖွဲ့ဝင်တစ်ယောက်ကို ဖမ်းဆီး ထိန်းသိမ်းထားတဲ့သဘောဖြစ်တယ်။ ကျန်တဲ့သူတွေကိုတော့ ဖမ်းဆီးထိန်းသိမ်းတယ်ဆိုတဲ့ စကားလုံးကို သုံးလို့မရဘူးလို့ ပြောလိုပါတယ်။ လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့အတွက်ကို ကျွန်တော်တို့တွေ ခေါ်ယူစစ်ဆေးမေးမြန်းတဲ့အခြေအနေပဲဖြစ်တယ်”ဟု ဦးနေဘုန်းလတ်က ပြောသည်။ 

ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူး ဗိုလ်စွမ်းသူမောင်။ (ဓာတ်ပုံ- ဗိုလ်စွမ်း fb) 

တာဝန်ရှိသူများကို စုံစမ်းစစ်ဆေးနိုင်ရန် လုပ်ဆောင်နေဆဲဖြစ်ပြီး သင့်တော်သည့်အချိန်တွင် တရားဝင် ထုတ်ပြန်သွားမည်ဟု ၎င်းကဆက်ပြောသည်။ 

တပ်ရင်းမှူး ပုလဲမောင် (ခ) ပီတာသည် NUG ကာကွယ်ရေးဝန်ကြီးဌာန အမှတ်(၁) စစ်ဒေသ ပြည်သူ့ ကာကွယ်ရေးတပ်မတော် ကွပ်ကဲမှုအောက်သို့ ၂၀၂၂ ခုနှစ်တွင် ယင်းမာခရိုင်ထဲမှ ပထမဆုံးအဖြစ် ၎င်းနှင့်အတူ ၎င်း၏ တပ်ရင်းတစ်ရင်းလုံး ဝင်ရောက်လာသော တပ်မှူးတစ်ဦးဖြစ်ပြီး ယခုကဲ့သို့ လုပ်ကြံသတ်ဖြတ်ခံရသည့် အတွက် ဝမ်းနည်းကြေကွဲရကြောင်း၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ကျူးလွန်သူများအား ထိရောက်စွာအပြစ်ပေး အရေးယူရန်နှင့် သမာသမတ်ကျကျ ကိုင်တွယ်ဖြေရှင်းပေးရန် တောင်းဆိုကြောင်း အမှတ် (၁) စစ်ဒေသက ယနေ့ ထုတ်ပြန်ထားသည်။ 

တပ်ရင်းမှူးတစ်ဦး ပေါ်ပေါ်တင်တင် သတ်ဖြတ်ခံရခြင်းနှင့်ပတ်သက်၍ လုပ်ကြံသတ်ဖြတ်သူ၊ ပူးပေါင်းပါဝင်သူ၊ နောက်ကွယ်မှ ကြိုးကိုင်စေခိုင်းသူများကို ထိရောက်စွာအရေးယူနိုင်ရန် အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွား မည်ဖြစ်ကြောင်း အမှတ် (၁) ရွှေဘိုခရိုင်စစ်ဌာနက ယမန်နေ့တွင် ထုတ်ပြန်ထားသည်။ 

ခရိုင်ကွပ်ကဲရေးမှူး ဗိုလ်စွမ်းသူမောင်ကို လုပ်ကြံပေးလျှင် ကျပ်သိန်းငါးထောင်ပေးမည်ဟု ဗိုလ်ပုလဲမောင်က ကမ်းလှမ်းခဲ့သည့်အတွက် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ရဲဘော်ငဖြိုးက ထွက်ဆိုဝန်ခံထားသည့် ရုပ်သံဖိုင်တစ်ခု ဇွန်လ ၂၆ ရက် ပစ်ခတ်မှုအပြီးတွင် လူမှုကွန်ရက်ပေါ်၌ ပျံ့နှံ့လာခဲ့သည်။ 

“တကယ်တော့ ပုလဲမောင်က ဗိုလ်စွမ်းကို သတ်ဖို့ (ငဖြိုးကို) ‌ပြောတယ်။ လူငှားထားတယ်ဆိုရင်တောင် ပုလဲမောင်ကို သက်သေနှင့်တကွ ခေါ်ယူစစ်ဆေးဆောင်ရွက်ရမယ်။ စုံခုံ(စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့) စစ်ဆေးမယ်။ ပေါ်ပေါက်ရင်တော့ ဥပဒေအတိုင်း ပြစ်ဒဏ်ပေးရမှာပေါ့။ ဒီလိုတွေ တော်လှန်ရေးအတွင်းမှာ ရဲဘော်အချင်းချင်း ဂန်း (သေနတ်) နဲ့ဖြေရှင်းတာ နည်းလမ်းမမှန်သလို တော်လှန်ရေးအတွက်လည်း အားလျော့တယ်”ဟု ဆားလင်းကြီးမြို့နယ်မှ တော်လှန်ရေး အင်အားစုဝင် နောက်တစ်ဦးကပြောသည်။ 

ပုလဲမောင်သည် လက်နက်ကိုင်တော်လှန်ရေးအစပိုင်းကတည်းက ပါဝင်လာသူဖြစ်ပြီး တော်လှန်ရေးကို  သစ္စာဖောက်သည့် လုပ်ရပ်မျိုးလုပ်ကိုင်မည့်သူမဟုတ်ကြောင်း ၎င်း၏မိတ်ဆွေတစ်ဦးက ပြောသည်။ 

ထိုလုပ်ကြံသတ်ဖြတ်ခံရမှုနှင့်ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းရန် ကနီ၊ ရွှေဘို၊ ယင်းမာပင်၊ တမူး၊ မုံရွာ၊ ပြင်ဦးလွင်၊ မြင်းခြံ၊ မကွေး၊ ဂန့်ဂေါစသည့် ဒေသအသီးသီးမှ တော်လှန်ရေးအင်အားစုများကလည်း တောင်းဆိုထားသည်။ 

“တော်လှန်ရေး ရဲဘော်အချင်းချင်း ပူးပေါင်းမှု၊ ယုံကြည်မှုတွေ ‌အားနည်းသွားနိုင်တယ်။ သေချာမကိုင်တွယ်နိုင်ရင်တော့ ပြည်သူတွေရဲ့ ယုံကြည်မှုတွေ ကျဆင်းလာနိုင်ပါတယ်။ တပ်ရင်းတပ်ဖွဲ့တွေ ပွတ်တိုက်မှုတွေ ဖြစ်လာနိုင်တယ်” ဟု အထက်ပါ ဆားလင်းကြီးမြို့နယ်မှ တော်လှန်ရေးအင်အားစုဝင်က ဆိုသည်။ 

ကျူးလွန်ခဲ့သူ ရဲဘော်ငဖြိုးကို လက်နက်ဖြုတ်သိမ်းပြီး ယင်းမာပင်ခရိုင် စစ်ဌာနအချုပ်ထောင်တွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း၊ မလိုလားအပ်သည့် နောက်ဆက်တွဲကိစ္စရပ်များ မဖြစ်ပေါ်စေရန် စစ်ကိုင်းတိုင်းစစ်ဌာန တာဝန်ရှိသူများက အနီးကပ်ကွင်းဆင်းဆောင်ရွက်နေပြီး စစ်ဘက်ဆိုင်ရာ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကိုင်တွယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ရုံးချုပ်က ဇွန်လ ၂၆ ရက်တွင် ထုတ်ပြန်ထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button