မြဝတီမြို့ အမှတ် (၅) ရပ်ကွက်ရှိ Grand Myawaddy ကာစီနိုရုံနှင့် Heng Seng Group Entertainment Complex ကာစီနိုလောင်းကစားရုံတို့ကို ယနေ့ နေ့လယ်ပိုင်းတွင် စစ်တပ်က ဝင်ရောက်စီးနင်းခဲ့သည်ဟု မျက်မြင်တွေ့ရှိခဲ့ရသူများက ပြောသည်။
ယင်းကာစီနိုရုံများသည် ထိုင်း- မြန်မာ ချစ်ကြည်ရေးအမှတ် (၁) တံတား၏ ဘယ်ဘက် လေးကီလိုမီတာ အကွာအဝေးတွင်ရှိပြီး ဒေသအခေါ် ၁၃ ဂိတ်ဟုလည်း လူသိများသည်။
အဖမ်းမခံလိုကြသည့် တရုတ်နိုင်ငံသားများနှင့် နိုင်ငံခြားသားအချို့သည် သောင်ရင်းမြစ်ကမ်းဘေးတလျှောက်နှင့် မြဝတီနှင့် ကပ်လျက်ရှိသည့် ထိုင်းနိုင်ငံ မဲဆောက်မြို့ဘက်ခြမ်းသို့ ထွက်ပြေးနေကြသည်ဟု ၁၃ ဂိတ်၌ နေထိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။
“ရှမ်း(ထိုင်း)အချိန် ၁၂ နာရီမခွဲခင်၊ မြန်မာပြည် ၁၂ နာရီလောက်ပေါ့ ဒီကနေ လှမ်းမြင်နေရတယ်။ မြန်မာပြည်ဘက်ခြမ်းမှာ ဖမ်းတော့ သူတို့ ဒီချောင်း (သောင်ရင်းမြစ်) နားပဲ ပြေးလာကြတယ်”ဟု အဆိုပါ အမျိုးသားက ပြောသည်။
အထက်ပါ ကာစီနိုရုံနှစ်ခုကို အွန်လိုင်းငွေလိမ်လုပ်ငန်းများနှင့် ဆက်စပ်သံသယရှိသောကြောင့် ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးမှုတွင် ကာစီနိုရုံအတွင်းရှိ တရုတ်နိုင်ငံသားအများအပြားနှင့် နိုင်ငံခြားသား စုစုပေါင်း ၁၀၀ ဝန်းကျင်ခန့် ဖမ်းဆီးရမိခဲ့သည်ဟု စစ်တပ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ထို့အပြင် မြဝတီမြို့ ထိုင်း- မြန်မာ သောင်ရင်းမြစ်ကမ်းဘေးတလျှောက်ရှိ ကာစီနိုရုံအချို့ကို စစ်တပ်က ယမန်နေ့ (နိုဝင်ဘာလ ၂၆ ရက်) ကတည်းက ဝင်ရောက်ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု မြဝတီမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။
“ဖမ်းတာတော့ မနေ့ကတည်းက ကြားတယ်။ မဲဆောက်ဘက်တောင် ချောင်းကူးပြီး ထွက်ပြေးကြတယ်” ဟု ယင်း အမျိုးသမီးက ဆိုသည်။
ထိုင်းဘက်ခြမ်း ၁၃ ဂိတ်မှတဆင့် မြန်မာဘက်ခြမ်းသို့ သွားရောက်သည့် ဘိလပ်မြေကား သုံးစီး၊ ဆီပေပါတင်ဆောင်ထားသည့် ကားတစ်စီးအပါအဝင် အလုပ်သွားရောက်လုပ်ကိုင်သော မြန်မာနိုင်ငံသားအချို့လည်း ဖမ်းဆီးခံရမှုများရှိသည်ဟု ထိုင်းဘက်ခြမ်း သောင်ရင်းမြစ်ဘေးနေထိုင်သူ တစ်ဦးက ပြောသည်။
“မြန်မာဘက် ၁၃ ဂိတ်ကို ဝင်ဖမ်းပြီးတော့ ဒီဘက်ကမ်း (ထိုင်းဘက်ခြမ်း) ကနေ ဘိလပ်မြေကား သုံးလေးစီးလောက် ပါသွားတယ်။ ဆီဘောက်ဆာ ကားအသေးတစ်စီးကလည်း ပါသွားတယ်။ ဟိုဘက်ကမ်းသွားအလုပ်လုပ်တဲ့သူတွေပေါ့၊ သူတို့ညီအစ်ကို မောင်နှမတွေ ဖမ်းခံရတယ်လို့ ပြောသံကြားရတယ်” ဟု ၎င်းက ပြောသည်။
အဆိုပါကားများသည် ထိုင်းဘက်ခြမ်းမှ ကုန်ပစ္စည်းများကို မြန်မာပြည်ဘက်ခြမ်းသို့ မကြာခဏ ပို့ဆောင်ပေးလေ့ရှိသော ကားများဖြစ်သည်ဟုလည်း သူက ပြောသည်။
စစ်တပ်၏ ဝင်ရောက်ဖမ်းဆီးမှုများကြောင့် သောင်ရင်းမြစ်အား ဖြတ်ကျော်၍ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်မှုများလည်း ရှိနေပြီး ထိုင်းစစ်တပ်မှ နယ်စပ်တလျှောက်တွင် လုံခြုံရေးထပ်မံတိုးမြှင့်ထားသည်ဟုလည်း ထိုင်းသတင်းဌာနတစ်ခုဖြစ်သော Thai PBS က ဖော်ပြထားသည်။
ထို့အပြင် စစ်တပ်က ငွေလိမ်ဂိုဏ်းများကို ဝင်ရောက်စီးနင်းမည်ကို ငွေလိမ်ဂိုဏ်းများက သတင်းကြိုတင်ရရှိခဲ့ပြီး တရုတ်နှင့် နိုင်ငံခြားသားအချို့သည် ကြိုတင်တိမ်းရှောင်မှုများလည်း ပြုလုပ်ခဲ့သည်ဟု Thai PBS က ဖော်ပြထားသည်။
မြဝတီမြို့နယ်ရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများကို စစ်တပ်က ပြီးခဲ့သည့်နှစ်ကုန်ပိုင်းတွင် စီးနင်းမှုများ ပြုလုပ်ခဲ့ပြီးနောက် ယခုနှစ်ကုန်ပိုင်းတွင် ပြန်လည်စီးနင်းမှုများ ပြုလုပ်လာခြင်းဖြစ်သည်။ အခြားတစ်ဖက်တွင် မြန်မာ စစ်တပ်သည် ရန်ကုန်၊ ရှမ်းနှင့် ကရင်ပြည်နယ်တို့ရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများကို ဖမ်းဆီးနေကြောင်း သတင်းများ ဆက်တိုက်ထုတ်ပြန်နေသည်။
စစ်တပ်၏ သတင်းထုတ်ပြန်ချက်များအရ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းတွင် စစ်တပ်က မြဝတီမြို့နယ် ရွှေကုက္ကို၊ KKPark နှင့် မြဝတီမြို့ပေါ်ရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းများကို နှိမ်နင်းခဲ့ပြီးနောက် ငွေလိမ်လုပ်ငန်းများသည် ရန်ကုန်၊ မန္တလေးကဲ့သို့သော မြို့ကြီးများတွင် အခြေစိုက်လာခဲ့သည်။



