အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

“အကြမ်းဖက်သမားများ” လက်ထဲမှရေယာဉ်ကို ပြန်သိမ်းယူသည့်ပုံစံ စစ်ရေးလေ့ကျင့်မှု မြန်မာနှင့်ရုရှား ပြုလုပ်မည်

မြန်မာစစ်အာဏာရှင် ရေတပ်နှင့် ပူးတွဲစစ်ရေးမှုများလုပ်ရန် ရုရှားရေတပ် သင်္ဘောများ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိနေသည်။

“အကြမ်းဖက်သမားအသွင်သဏ္ဌာန်ယူထားသူများ (simulated terrorists)” ထံမှ ရေယာဉ်ပြန်သိမ်းယူသည့် ပုံစံမျိုး စစ်ရေးလေ့ကျင့်မှုအပါအဝင် ကပ္ပလီပင်လယ်ပြင်တွင် တပ်ဖြန့်ချထားခြင်း၊ လေကြောင်းရန်ကာကွယ်ခြင်းနှင့် ရေမြှုပ်မိုင်း တန်ပြန်ခြင်းစသည့် စစ်ရေးလေ့ကျင့်မှုများကို မြန်မာစစ်အာဏာရှင်ရေတပ်နှင့် ပူးပေါင်းပြုလုပ်ရန် ရုရှားပစိဖိတ်ရေတပ်မှ ရေယာဉ်သုံးစီးသည် ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိနေသည်ဟု ရုရှားအစိုးရပိုင် TASS သတင်းဌာနက နိုဝင်ဘာလ ၂၅ ရက်တွင်ဖော်ပြခဲ့သည်။

မြန်မာနိုင်ငံသို့ ရောက်ရှိပြီးနောက် ရက်အနည်းငယ်အတွင်း စစ်ရေးလေ့ကျင့်မှု အဆင့်ဆင့်အတွက် အစီအစဉ်များ ရေးဆွဲမည်ဖြစ်ပြီး တရားဝင်ဖွင့်ပွဲအခမ်းအနားနှင့် ကမ်းပေါ်အခြေပြု စစ်ရေးလေ့ကျင့်မှုများပြုလုပ်မည်ဟုလည်း TASS သတင်းဌာနက ရေးသားသည်။

MARUMEX 2026 (Myanmar-Russia Maritime Security Exercise) ဟု အမည်ပေးထားသည့် စစ်ရေးလေ့ကျင့်မှုတွင် ရုရှားပစိဖိတ်ရေတပ်မှ Marshal Shaposhnikov ဖရီဂိတ်စစ်ရေယာဉ်၊ Admiral Tributs ရေငုပ်သင်္ဘောတိုက်ဖျက်ရေး စစ်ရေယာဉ်ကြီးနှင့် Pechenga ဆီတင်ရေယာဉ်တို့ ပါဝင်မည်ဖြစ်သည်။

ရေယာဉ်များကို ပြန်လည်သိမ်းယူမည့် သရုပ်ပြစစ်ရေးလေ့ကျင့်မှု ပြုလုပ်ရန်                                        မြန်မာစစ်အာဏာရှင်တပ်နှင့် ရုရှားနှစ်ဖက်တပ်တို့ အကောင်အထည်ဖော်ရန် ပြင်ဆင်နေချိန်တွင် စစ်တပ်၏ ရေယာဉ်များကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်ကောင်စီ ရေတပ်ရေယာဉ်ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း အာရက္ခတပ်တော်(AA) က ဓာတ်ပုံနှင့်တကွ ထုတ်ပြန်ခဲ့ဖူးသည်။

ထို့အပြင် ယခုနှစ် ဩဂုတ်လနှင့် စက်တင်ဘာလများကလည်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် မဟာမိတ်တပ်ဖွဲ့များက စစ်ကောင်စီ၏ ရေယာဉ်များကို တိုက်ခိုက်သိမ်းယူခဲ့သည့် ဖြစ်စဉ်များလည်းရှိသည်။

အဆိုပါရေယာဉ်များကို ပြန်လည်သိမ်းယူရန် ယခုစစ်ရေးလေ့ကျင့်မှုက ရည်ရွယ်သည်ဟု မယူဆနိုင်သော်လည်း နှစ်ဖက်တပ်များ စစ်ရေးလေ့ကျင့်မှုမှတဆင့် ဆန့်ကျင်သူအပေါင်းအား စစ်ရေးအရခြိမ်းခြောက်နိုင်ရန် မြန်မာစစ်အာဏာရှင်တပ်က ရည်ရွယ်ထားပုံရသည်။ 

မြန်မာစစ်အာဏာရှင်တပ်အနေဖြင့် တော်လှန်ရေးတပ်များ သိမ်းယူထားသည့် သင်္ဘောများကို ပြန်လည်ရယူရန်လည်း မဖြစ်နိုင်ဟု KIA ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူက ဆိုသည်။

“သူတို့ ဆုံးရှုံးခဲ့ရတဲ့ သင်္ဘောတွေကို ပြန်ရနိုင်ဖို့အတွက် ဆိုတာကတော့ က ဘယ်လိုပဲဖြစ်ဖြစ် ကယ်ဆယ်နိုင်မယ်လို့တော့ ကျွန်တော် မထင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီ သင်္ဘောတွေလည်း အခုတော့ မီးလောင်ပျက်စီးသွားတာလည်း အများကြီး ရှိတယ်၊ နောက် ရေမြုပ်သွားတာလည်း အများကြီး ရှိပါတယ်။ အဲဒါတွေကို ပြန်ရဖို့ဆိုတာကတော့ လွယ်တဲ့ကိစ္စတော့ မဟုတ်ဘူး” ဟု ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

အဆိုပါ ပူးတွဲစစ်ရေးလေ့ကျင့်မှုသည် နှစ်နိုင်ငံရေတပ်အကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုခိုင်မာလာစေရန်နှင့် အရှေ့တောင်အာရှဒေသရှိ ပင်လယ်ရေပြင်များတွင် ရေကြောင်းသွားလာမှုနှင့် ရေကြောင်းစီးပွားရေးလုပ်ငန်းများ လုံခြုံဘေးကင်းစေရန် ရည်ရွယ်သည်ဟု ရုရှားဘက်က ထုတ်ပြန်ထားသည်။

ယခုစစ်ရေးလေ့ကျင့်မှုသည် မြန်မာနှင့် ရုရှားရေတပ်တို့အကြား စတုတ္ထအကြိမ်မြောက် ပူးတွဲရေကြောင်းလုံခြုံရေး စစ်ရေးလေ့ကျင့်မှုဖြစ်သည်ဟု စစ်အုပ်စု၏ ပြန်ကြားရေးဝန်ကြီးဌာနကလည်း နိုဝင်ဘာ ၂၅ ရက်တွင် ထုတ်ပြန်သည်။ မြန်မာစစ်အာဏာရှင်တပ်နှင့် ရုရှားရေတပ်တို့သည် ၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ သုံးနှစ်ဆက်တိုက် စစ်ရေးလေ့ကျင့်ခဲ့ပြီး ဖြစ်သည်။

ယခု စတုတ္ထအကြိမ်မြောက်ရောက်ရှိလာသည့် ရုရှား စစ်သင်္ဘောများကို ဦးဆောင်လာသူမှာ ရုရှားရေတပ်မှ ဒုတိယရေတပ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး Aleksei Anatolievich Kiiashko၊ ဖြစ်သည်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်း သီလဝါဆိပ်ကမ်းသို့ ရောက်ရှိခဲ့သည့် ရုရှား စစ်ရေယာဉ်များကို စစ်ခေါင်းဆောင်က ကြိုဆိုခဲ့စဉ်။ (ဓာတ်ပုံ- စစ်တပ်ထိန်းချုပ်သတင်းစာ)

အာရှ- ပစိဖိတ်ဒေသတွင် ရုရှား၏ ရေတပ်စစ်ရေးလေ့ကျင့်မှုများနှင့် နိုင်ငံခြား ဆိပ်ကမ်းများသို့ စစ်ရေယာဉ်များ စေလွှတ်ခြင်းသည် ဒေသတွင်း အင်အားကြီး နိုင်ငံတစ်ခုအဖြစ် ရုရှား၏ စစ်ရေးစွမ်းရည်ကို ပြသည့် လုပ်ဆောင်ချက်များဖြစ်သည်ဟု အမေရိကန်ကွန်ဂရက် သုတေသနဌာန (CRS) က ၂၀၂၆ ခုနှစ် ဇွန်လတွင် ထုတ်ပြန်ခဲ့ သည့် အာရှဒေသတွင်း ရုရှား၏ စစ်ရေးလှုပ်ရှားမှုများဆိုင်ရာ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ယခု မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ရေတပ်သည် အာရှ- ပစိဖိတ်ဒေသတွင် ရုရှား၏ အဓိကစစ်အင်အားဖြစ်ပြီး ဒေသတွင်း စစ်ရေးအင်အားဖြန့်ကြက်ရန် အဓိကအသုံးပြုသည့် တပ်ဖွဲ့လည်းဖြစ်သည်ဟု CRS အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြန်မာစစ်တပ်နှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နေခြင်းကိုကြည့်လျှင် မြန်မာနိုင်ငံတွင် အမြဲတမ်း စစ်အခြေစိုက်စခန်းထားရှိမည့် ရည်ရွယ်ချက် ရုရှားတွင် ရှိနိုင်သည်ဟု ဂျာမနီနိုင်ငံ ဘွန်းတက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံပါမောက္ခ ဒေါက်တာ အန်ဒရီယပ်စ် ဟိုင်နမန်-ဂရူးဒါ (Andreas Heinemann-Grüder) က သုံးသပ်သည်။

စက်တင်ဘာလ ၁၀ ရက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင်  Hanns Seidel Foundation က စီစဉ်ပြုလုပ်သည့် မြန်မာနိုင်ငံ၌ ရုရှား၏ အခန်းကဏ္ဍဆိုင်ရာ ဆွေးနွေးပွဲတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

ရုရှားသည် တနင်္သာရီတိုင်းရှိ ထားဝယ်အထူးစီးပွားရေးဇုန်ကို ရေနံသန့်စင်စက်ရုံ တည်ဆောက်ရန်သာမက စစ်ရေယာဉ်များ ဆိုက်ကပ်နိုင်ရန်ပါ စိတ်ဝင်စားနေပြီး နောင်တွင် စစ်အခြေစိုက်စခန်း ထူထောင်ရန် အစပျိုးခြေလှမ်းဖြစ်နိုင်သည်ဟုလည်း Grüder က ပြောသည်။

မြန်မာနိုင်ငံရှိ ရုရှား၏ ရင်းနှီးမြှုပ်နှံမှုများကို ကာကွယ်ရန် မြန်မာစစ်တပ်ကို အပြည့်အဝ မှီခိုလိုပုံမရဟုလည်း Grüder က ပြောသည်။ လစ်ဗျားနှင့် ဆီးရီးယားကဲ့သို့ ပဋိပက္ခဖြစ်နေသည့် နိုင်ငံများတွင် ရုရှားသည် ၎င်း၏ စီးပွားရေးလုပ်ငန်းများကို ကိုယ်ပိုင်စစ်အင်အားဖြင့် ကာကွယ်လေ့ရှိသည်ဟု Grüder က ဥပမာပေးသည်။

မြန်မာနိုင်ငံတွင် ရုရှားက စစ်အခြေစိုက်စခန်း ထူထောင်လာပါက ရုရှားနှင့် ယူကရိန်းတို့၏ စစ်ရေးပဋိပက္ခအနေအထားတွင် မြန်မာ့ပိုင်နက်ရှိ ရုရှား စစ်စခန်းများကို လာတိုက်ရန် ယူကရိန်းကို ဖိတ်ခေါ်သကဲ့သို့ ဖြစ်လိမ့်မည်ဟု Grüder က သုံးသပ်သည်။

ရုရှားသည် မြန်မာစစ်တပ်ကို အဓိကလက်နက်ရောင်းချသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် ပထမနှစ်နှစ်အတွင်း မြန်မာစစ်တပ်ထံ အမေရိကန်ဒေါ်လာ ၄၀၆ သန်းထက်မနည်း တန်ဖိုးရှိသည့်စစ်လက်နက်ပစ္စည်းများ၊ ဆက်စပ်ပစ္စည်းများနှင့် လက်နက်ထုတ်လုပ်ရန် ကုန်ကြမ်းများ ရောင်းချခဲ့သည်ဟု မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးအစီရင်ခံစာတင်သွင်းသူ တွမ်အင်ဒရူးစ်၏ ၂၀၂၃ ခုနှစ် မေလ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထိုကာလအတွင်း မြန်မာစစ်တပ်က ပြည်ပမှ ဝယ်ယူခဲ့သည့် ဒေါ်လာသန်း ၁,၀၀၀ ကျော်တန်ဖိုးရှိ စစ်လက်နက်နှင့် ဆက်စပ်ပစ္စည်းများ၏ ၄၀ ရာခိုင်နှုန်းခန့်မှာ ရုရှားမှဖြစ်ပြီး တရုတ်က ဒေါ်လာ ၂၆၇ သန်းဖြင့်ဒုတိယအများဆုံး ရောင်းချသူဖြစ်သည်ဟုလည်း အစီရင်ခံစာတွင် ဖော်ပြသည်။

မြန်မာစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများတွင် အသုံးပြုနေသည့် Su-30၊ MiG-29 နှင့် Yak-130 တိုက်လေယာဉ်များ၊ Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်များမှာလည်း ရုရှားထုတ် စစ်လက်နက်များဖြစ်သည်။

ရုရှားသည် ဆယ်စုနှစ်နှစ်ခုနီးပါး မြန်မာနိုင်ငံထံ လက်နက်ရောင်းချသူဖြစ်ခဲ့ပြီး ယခုအခါ မြန်မာနိုင်ငံ၏အုပ်ချုပ်ရေးနှင့် စီးပွားရေးကဏ္ဍများတွင်ပါ ပိုမိုပါဝင်ပတ်သက် လာနေသည်ဟုလည်း  ဩစတြေးလျအခြေစိုက် Lowy Institute က စက်တင်ဘာလ ၁၄ ရက်တွင် ထုတ်ဝေခဲ့သည့် ဒေါက်တာ Adam Simpson ၏ သုံးသပ်ချက်ဆောင်းပါးတွင် ဖော်ပြထားသည်။

စစ်အာဏာသိမ်းပြီးနောက် ရုရှားနှင့် ဆက်ဆံရေး ပိုမိုတိုးမြှင့်လာသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည်၂၀၂၆ ခုနှစ် ဩဂုတ်လ ၁၈ ရက်ကလည်း ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် မော်စကိုမြို့၌ တွေ့ဆုံခဲ့သည်။ 

ထိုတွေ့ဆုံမှုအပြီး ထုတ်ပြန်သည့် ကြေညာချက်တွင် အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများကို ဆန့်ကျင်သည့် ပူးတွဲကြေညာချက်အပြင် စွမ်းအင်၊ အာကာသ၊ ဒီဂျစ်တယ်နည်းပညာနှင့် နျူကလီယားစွမ်းအင်ဆိုင်ရာ သဘောတူညီချက်များကိုလည်း လက်မှတ်ရေးထိုးခဲ့သည်။

ယခုနှစ် ဖေဖော်ဝါရီလတွင် ရုရှားလုံခြုံရေးကောင်စီ အတွင်းရေးမှူး၊ ကာကွယ်ရေး ဝန်ကြီးဟောင်း ဆာဂေးရှိုက်ဂူ (Sergei Shoigu) မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည်။ ထိုခရီးစဉ်တွင် နှစ်နိုင်ငံ ငါးနှစ်တာ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် ချုပ်ဆိုခဲ့ပြီး ဇူလိုင်လတွင်လည်း Tiger-2026 အမည်ဖြင့် ပထမဆုံး မြန်မာစစ်တပ် -ရုရှား စစ်တပ် စစ်ရေးလေ့ကျင့်မှုကို နေပြည်တော်၌ ပြုလုပ်ခဲ့သည်။

စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုများအပြင် တနင်္သာရီတိုင်းရှိ ထားဝယ်အထူးစီးပွားရေးဇုန်တွင် ရေနက်ဆိပ်ကမ်းနှင့် ရေနံသန့်စင်စက်ရုံ တည်ဆောက်ရန် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင် နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြသည်။

ယခုနှစ် ဇွန်လတွင်လည်း မဂ္ဂါဝပ် ၆၆၀ အားရှိ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် ရုရှားနိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီ Inter RAO နှင့် သဘောတူညီချက် ချုပ်ဆိုခဲ့သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles