စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အတွင်းမှ လက်ထုတ္တောကျေးရွာကို ယမန်နေ့ (မေ ၁၁) ရက်နေ့ နံနက်အစောပိုင်းတွင် စစ်တပ်က ဝင်ရောက်စီးနင်းပြီး ကလေးငယ်နှင့် သက်ကြီးရွယ်အိုများအပါအဝင် အမျိုးသား ၃၂ ဦးကို သတ်ဖြတ်ခဲ့သည်ဟု မျက်မြင်သက်သေများက ဆိုသည်။
စစ်ကောင်စီတပ်သည် ကျေးရွာအတွင်း တွေ့ရှိသမျှ အမျိုးသားအားလုံးကို ဖမ်းဆီးပြီးနောက် သတ်ဖြတ်ခဲ့ရာ အသက် ၁၃ နှစ်သားမှ ၈၀ နှစ်အရွယ် အမျိုးသား ၃၂ ဦးအထိ သတ်ဖြတ်ခံခဲ့ရသည်ဟုလည်း ဒေသခံများက ပြောသည်။
စစ်ကောင်စီတပ် ရွာကို စီးနင်းချိန်တွင် ပုန်းခိုနေခဲ့ပြီးနောက် ထွက်ပြေးလွတ်မြောက်ခဲ့သည့် အမျိုးသားတစ်ဦးနှင့် Myanmar Now က စကားပြောခွင့်ရခဲ့ပြီး ထိုသူက တုန်လှုပ်ချောက်ချားဖွယ်ရာအဖြစ်အပျက်ကို ပြန်လည်ပြောကြားခဲ့သည်များထဲမှ အချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။
ဘာတွေဖြစ်ပျက်ခဲ့တာလဲ
ကျွန်တော် ဘုန်းကြီးကျောင်းရောက်နေတဲ့အချိန် သူတို့က ဘုန်းကြီးကျောင်းပေါက်အဝင်ကနေ လာပြီဆိုတာ မြင်လို့ ကျွန်တော်က ဒီအတိုင်းနေရင်တော့ သတ်မှာပဲဆိုပြီး ခုတင်အောက် ဝင်ပုန်းနေလိုက်တာ။ သူတို့ကို မမြင်ရပေမဲ့ အကုန်ကြားနေရတာ။ သူတို့မျက်ခွက်တွေကတော့ မမြင်ရဘူး။ ခြေထောက်တွေလမ်းလျှောက်နေတာ မြင်နေရတာ။
သူတို့ပြောနေတာက ဒီရွာမှာ ဘာလို့ဘုန်းကြီးကျောင်းထဲမှာ လူတွေစုပြီးနေတာလဲ မေးတယ်။ မေးတော့ မိန်းမတစ်ယောက်က ပြန်ဖြေတယ်။ ရွာထဲက သေနတ်သံတွေကြားလို့ ကြောက်လို့ ဒီမှာလာနေတာပါလို့ ပြန်ဖြေတယ်။
သူတို့က (ရွာရဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပကဖခေါင်းဆောင်) မောင်ဉာဏ်တို့အဖွဲ့တွေကို မေးတယ်။ ရွာကလူတွေ ဘယ်သူမှ မဖြေဘူး။ မသိဘူးပဲ ပြောနေကြတာ။ သူတို့က သိကိုသိရမယ်။ ငါတို့ဒီလာတာတောင်မှ မင်းတို့ရွာမှာ မိုင်းတွေဆင်ထားတာ။ မင်းတို့ရွာ ပီဒီအက်ဖ်တွေမရှိဘဲ ဒီမိုင်းတွေ ဘယ်သူကလာဆင်မှာတုန်း၊ မင်းတို့ သိကိုသိရမယ်၊ အမှန်အတိုင်းမပြောရင် မင်းတို့ကို မိန်းကလေးတွေပါ သတ်မယ်ဆိုပြီး ပြောတယ်။ မိန်းမတွေက မပြောကြရှာပါဘူး။ ဘူးချည်းပဲ ခံနေတာ။ နောက်ဆုံး လက်လျှော့သွားပုံပေါ်တယ်။
ယောက်ျားလေးမှန်သမျှ အကုန်လုံးအပြင်ထွက်ခဲ့ကြဆိုပြီး ခေါ်တယ်။ အားလုံးပေါင်း ၂၉ ယောက်ရှိတာမှာ ၂၇ ယောက် အပြင်ထွက်သွားရတယ်။ ကျွန်တော်တို့နှစ်ယောက်ပဲ ခုတင်အောက်မှာ။
၂၇ ယောက်ကတော့ အကုန်ပစ်သတ်သွားတာ။ မပစ်ခင်ကို သူတို့မေးသေးတယ်။ ဘာမှမဖြေလို့။
ဘာတွေမေးနေလဲ ကြားရသလား
ပီဒီအက်ဖ်တွေဘယ်မှာနေတုန်း၊ လက်နက်တွေ ဘယ်မှာဖွက်ထားတုန်း သိလား။ သိရင်ဖြေ၊ ရွာသားတွေကလည်း ဘယ်သူမှလည်း မဖြေရဲဘူး။ သူတို့က အကုန်ခေါင်းငုံ့ထား၊ ဘယ်သူမှ မော်မကြည့်နဲ့ မေးတာ အမှန်အတိုင်းဖြေ။ မဖြေရင် သတ်ပစ်မှာ ပြောနေကြတာ။ ဘယ်သူမှမဖြေဘူး။ နောက်ပြီးတော့ ပစ်ကြတော့တာပဲ။ ဖြေလည်းသတ်မှာပဲ၊ မဖြေလည်း သတ်မှာပဲဆိုတာ သိနေကြတော့ မဖြေတော့ဘူး။ အကုန်လုံးသတ်တာပဲ။ ကျွန်တော်က သူတို့ပြောတာဆိုတာတွေကို အတွင်းထဲကနေ အသံပဲ ကြားနေတာ။ မြင်တော့မမြင်ရဘူး။ ဘုန်းကြီးကျောင်းတိုက်ထဲမှာဆိုတော့ ကြားပဲကြားနေရတာ။ တစ်ယောက်ကတောင် မသေလို့ဆိုပြီးတော့မှ ဒီကောင်လှုပ်နေတာ မသေသေးဘူးဆိုပြီးတော့မှ နောက်ထပ်ပစ်သံတစ်ချက်ကြားရတယ်။ သတ်သွားတာတော့ ပြောမနေနဲ့ဗျာ။ လူသတ်မသတ်ဘူး။ တိရစ္ဆာန်သတ်သတ်သွားတာ။
လက်နက်ကိုင်တွေက ဘယ်လိုပုံစံမျိုးတွေလဲ
သူတို့ခန္ဓာတစ်ကိုယ်လုံးတော့ မမြင်ဘူး။ သူတို့အောက်ပိုင်းတွေ မြင်ရတယ်။ ယူနီဖောင်းပါတဲ့ဟာတွေလည်း ရှိတယ်။ သာမန်ဂျင်းဘောင်းဘီအနက်တွေနဲ့ပါတဲ့ဟာလည်း ရှိတယ်။
သူတို့ပြောတာက မင်းတို့မဖြစ်စလောက်လက်နက်လေးနဲ့ ငါတို့ကိုလာပြီးတော့ အန်မတုနဲ့ အကုန်လုံးပြာကျသွားမယ်။ နောက်တစ်ခါလာလုပ်ရင် မင်းတို့တစ်ရွာလုံး မိန်းမလည်းမချန်ဘူး အကုန်လုံးကို သတ်ပစ်မယ်လို့ ကြိမ်းဝါးတယ်။ အဲ့ဒီကနေ ဘုန်းကြီးကျောင်းထဲက မိန်းကလေးတွေကို တော်တော်များတယ်။ ဘုန်းကြီးကျောင်းကနေ နှစ်ဖွဲ့ခွဲပြီးထွက်သွားတာ။ နှစ်ဖွဲ့ခေါ်သွားပြီးတော့ ရွာထဲကို မီးလိုက်ရှို့တာ။ ပီဒီအက်ဖ်တွေကို အားပေးရမလား၊ ကြည့်ထား၊ နောက်ထပ်ပြီး အားပေးနေရင် ဒီထက်ဆိုးမယ် ဆိုပြီး ပြောဆိုနေတာ။
အခုလို လူအများကြီးကို သတ်သွားသူတွေက ဘယ်သူတွေဆိုတာသိလား
သိတယ်ဗျ။ စစ်သားတွေ၊ သူတို့ပြောသွားတာက အရင်ရက်က သူတို့အဖွဲ့ကို ပစ်သွားလို့ မကျေနပ်လို့ပေါ့၊ ပြီးကျတော့ ပင်စင်ယူထားတဲ့ ၆၇ လောက်ရှိတဲ့ သူတို့ စစ်ဗိုလ်ကြီး၊ အခုမှ အထက်က အမိန့်ပြန်ကျလို့ ပြန်စစ်မှုထမ်းခိုင်းလို့ အခုမှ စပြီးတော့ ဒီနယ်ကို ပထမဦးဆုံးရောက်လာတဲ့အချိန်မှာ ပစ်လိုက်တာ အဲ့ဒီဗိုလ်ထိသွားလို့ မကျေနပ်လို့ ဒီရွာကိုလာပြီး အပြတ်လုပ်မယ်ဆိုတဲ့ပုံစံမျိုး သူတို့ပြောသွားတာ။ သူတို့ပြောသွားတာကို ကြားရတာ။
မှတ်မိသလောက်ဆိုရင် သူတို့ပြောတာ ဒီအရင် မီးမရှို့ခင်ရက်က သူတို့အဖွဲ့ထဲက ၃ ယောက်ကကျ၊ တစ်ယောက်က မျက်ခွက်မှာ ဒဏ်ရာရတာတဲ့၊ သူတို့ကို လာပြီးတော့ ချောင်းပစ်သွားတာတဲ့၊ ငါတို့မလုပ်ရင် မင်းတို့ကို ဘာမှမလုပ်ဘူး။ ငါတို့ကို လာလုပ်လို့ မင်းတို့ကို ပြန်လုပ်တာ၊ အခု ၆၇ နှစ်ရှိပြီ၊ ဗိုလ်ကြီး၊ ပင်စင်ယူထားတာ၊ အခုမှ အထက်က အမိန့်ကျလို့ ပြန်ပြီးတော့စစ်မှုထမ်းတာ၊ အခုမှ ပထမဆုံးစပြီးတော့ ဝင်လာခါရှိသေး မင်းတို့ ပီဒီအက်ဖ်တွေက ဝင်ပစ်သွားတာ၊ မကျေနပ်ဘူး။ မရရအောင် ရှာမယ်။
မိန်းမတွေကို ပြောနေတာ။ ဖမ်းထားတဲ့ ယောက်ျားလေးတွေကိုက အဲ့အချိန်က သတ်ပြီးပြီ။ မိန်းကလေးတွေကို မေးနေတာ၊ မောင်ဉာဏ်ဘယ်မှာလဲ၊ မောင်ဉာဏ်မိန်းမနာမည်နဲ့လည်း မေးတာ၊ ဘယ်မှာလဲ၊ မဖြေဘူးလား၊ ဖြေမှာလား၊ မဖြေရင် မိန်းကလေးတွေပါ သတ်ပစ်ရမှာလား။ အဲ့လိုတွေမေးနေတာ၊ ဘယ်သူမှလည်း မဖြေကြဘူး။ သူတို့လိုချင်တဲ့အဖြေ ရမသွားဘူး။ သူတို့ပြောတာက မင်းတို့ကလေးပေါက်စလေးတွေပါလို့ ဒီတစ်ခေါက်ကတော့ မသတ်ဘူး။ နောက်တစ်ခါဆိုလို့ကတော့ ယောက်ျားလည်းမချန်ဘူး၊ မိန်းမလည်းမချန်ဘူး အကုန်သတ်ပစ်မှာလို့ ပြောဆိုကြိမ်းသွားတာ။
ဘုန်းကြီးကျောင်းထဲမှာ ပုန်းရှောင်နေသူ လူဘယ်နှယောက်ရှိခဲ့လဲ။
ဘုန်းကြီးကျောင်းထဲမှာ ယောက်ျားလေး ၂၈/၂၉ လောက်ရှိတယ်။ ကျွန်တော်အပါအဝင်ပေါ့။ အခု သူတို့ပစ်သွားတဲ့သူကကို ၂၇ ယောက်၊ ခုတင်အောက်မှာ ကျွန်တော်နဲ့ပုန်းနေတာက နှစ်ယောက်။ အားလုံး ၂၉ ယောက်အတိအကျပါ။ မိန်းမတွေ ပိုပြီးများတယ်။ မိန်းမယောက်ျားအကုန်ဆို ၅၀-၆၀ ထက်မနည်းဘူး။ အတော်များတယ်။
ပုန်းနေတဲ့နေရာကနေ ဘယ်အချိန်မှာ ဘယ်လိုထွက်ခဲ့လဲ
ယောက်ျားသားတွေကို သတ်ပစ်၊ ဓားစာခံတွေခေါ်သွားပြီး ရွာထဲ မီးသွားရှို့တဲ့အချိန်က ၇ နာရီလောက်ပေါ့။
အကုန်ရွာထဲဝင်သွားပြီ၊ သူတို့အနောက်ကသွားတယ်၊ အရှေ့ပြေးပြေးဆိုတော့ ကျွန်တော်လည်း ခုတင်အောက်က ထွက်ပြီး ပြေးတာ၊ ကျွန်တော်ပြေးတော့ သူတို့သတ်သွားတဲ့အထဲက တစ်ယောက်က အောက်ကနေ သူ့အထက်ကအလောင်းတွေအောက်ကနေ ကံကောင်းစွာနဲ့ ကျန်နေတဲ့တစ်ယောက်က ထွက်လာတော့ နှစ်ယောက်သား တူတူပြေးကြတာ၊ ချုံတွေကွယ်ပြီးတော့ အရှေ့ပြေးရတာ။ အင်္ကျီကလည်း အဖြူဖြစ်နေတော့ အဝေးကကြည့်ရင် မြင်မှာစိုးလို့ ချွတ်ရသေးတာ။ အင်္ကျီ ခါးပုံထဲထည့်ပြီးတော့ ပြေးတာ။
ခုတင်အောက် ပုန်းနေတာ နှစ်ယောက်၊ ဟိုတစ်ယောက်က မလိုက်ရဲလို့ နေရစ်တာ။ သူက နည်းနည်းအသက်ကြီးပြီ။ ၆၀ ဝန်းကျင်လောက်ရှိမှာ။
အန္တရာယ်ကနေ ဘယ်အချိန်မှာ လွတ်ခဲ့လဲ
ရွာဘုန်းကြီးကျောင်းရဲ့ အရှေ့နားလေး သိပ်တော့မဝေးဘူး။ အဲ့ဒီဘက်မှာရောက်သွားတာ။ သူတို့က ရွာဘုန်းကြီးကျောင်းမှာ လူတွေသတ်ပြီးတော့ တစ်ယောက်မှ မရှိတော့ဘူး ရွာကို မီးရှို့ပြီးတော့ အနောက်ကို ပြန်ရင်းဆုတ်ရင်းနဲ့ အနောက်ဘုန်းကြီးကျောင်းမှာ စုတာ၊ အများကြီးပဲ မဲလို့လို့ပြောတာပဲ။ ကျွန်တော့်မိန်းမကလည်း ဓားစာခံပုံစံမျိုး ပါသွားတာ၊ သူကသိခဲ့ရတော့ သူပြောပြလို့ ကျွန်တော်က သိရတာ။ သူတို့ဓားစာခံခေါ်သွားပြီး ပြန်လာပြီး ကျွန်တော်နဲ့တွေ့တော့ အများကြီးပဲတဲ့ ဘုန်းကြီးကျောင်းထဲမှာ လုံးစုပြီးတော့ နတ်ရေကန်ဘက် ပြန်သွားတာပဲလို့ ပြောတာပဲ။
ညနက်ပိုင်းတုန်းက စစ်သားတွေလာပြီဆိုတာ ကြိုသိခဲ့ရလား၊ မရှောင်ခဲ့ဘူးလား။
မနေ့ညက ၁၂ နာရီထိုးလောက်ပေါ့၊ ဂွေးပင်တောက စစ်ကြောင်းထိုးမယ်လို့ ကြားတယ်၊ တောင်လှည့်ပြီးတော့ ချိန်ထားတယ်လို့ သတင်းကြားတယ်ဆိုပြီးတော့ ရွာကအဖွဲ့တွေက ထွက်ခိုင်းတာ၊ ယုံကြည်တဲ့သူတွေက ထွက်ကြတာပေါ့၊ မယုံကြည်တဲ့သူတွေကလည်း မထွက်ကြတာ။ အဲ့ကနေ မနက်ပိုင်း ၄ နာရီခွဲလောက်မှာ တစ်ခါထပ်ပြီးတော့ စစ်ကားနှစ်စီး ရေအိုးနားမှာ ချတယ်လို့ ကြားရတယ်။ ကျွန်တော်က ညတစ်ချက်ထိုးကတည်းက ရွာထဲကထွက်ထွက်ဆိုတော့ မနေတော့ဘူး။ ရွာတောင်အထွက်မှာ နေလိုက်တာ။ အခုဖြစ်တာက ရွာ့အရှေ့မှာဖြစ်တာဆိုတော့ ရွာ့အရှေ့မှာက ကျွန်တော့်သားသမီးနဲ့ မိန်းမရှိတယ်ဆိုတော့ စိတ်မချလို့ သွားပြီးခေါ်တဲ့အချိန် ဘုန်းကြီးကျောင်းကနေ ပြန်ထွက်တဲ့အချိန် ထွက်ခွင့်မရတော့တာ။ သူတို့လက်နက်ကြီးတွေက ဆက်တိုက် လှိမ့်ပစ်နေတော့ ထွက်ချိန်မရတော့တာ၊ ဘယ်လိုမှကို ထွက်လို့မရတော့ဘဲ ပိတ်မိသွားတာ။ ကျွန်တော်တစ်ယောက်တည်းဆို ကျွန်တော်ကလွတ်တယ်။ သားသမီးနဲ့မိန်းမဆီကို ပြန်ခေါ်တော့ အခုလိုဖြစ်သွားတာ။ မိန်းမနဲ့ကလေးက ဘုန်းကြီးကျောင်းထဲနေတာဗျ၊ တစ်ချက်ထိုးတော့ ရွာထဲကထွက်ကြဆိုတော့ စိတ်မချရဘူး။ တောင်သွားရအောင်ဆိုတော့ မိန်းမက ဒုက္ခများတယ်၊ ကလေးပေါက်စလေးနဲ့ ညကြီးမင်းကြီး သွားရလာရမကောင်းဘူး၊ မသွားတော့ပါဘူး ငါတို့သားအမိက ဘုန်းကြီးကျောင်းမှာ နေလိုက်မယ်တဲ့။ ငါကတော့ မနေရဲဘူးလို့ တောင်သွားမယ်လို့၊ အဲ့လိုနဲ့ ရွာကအဖွဲ့တွေက တောင်ဘက် ၆ လမ်းပေါ်မှာပဲ ထိုင်နေခဲ့တာ။ ရေအိုးနားမှာ စစ်ကားနှစ်စီးချတယ် သတင်းကြားတော့ သူတို့ကို သွားပြီးခေါ်တာ။ အဲ့မှာပဲ ပိတ်မိသွားတာပေါ့။ ရွာကို ပစ်ခတ်ပြီးဝင်တာက ၅ နာရီပတ်ဝန်းကျင်လောက်ပေါ့။ ကျွန်တော်က ၄ နာရီခွဲပြီးနောက်ပိုင်းမှ ကလေးဆီသွားတာ။ ကြားထဲမှာ မိဘတွေဆီလည်း သွားပြီး အကျိုးအကြောင်းပြောပြီးတော့ သားသမီးနဲ့မိန်းမဆီသွားတာ။ ၅ နာရီလောက်မှ ရောက်သွားတာ။ မိဘတွေက အခုဖြစ်တဲ့ကျောင်းမဟုတ်ဘူး။ တောင်ကျောင်းကို သွားပို့ထားတာ။ သူတို့ကတော့ အန္တရာယ်ကင်းခဲ့တယ်။
ပုန်းနေခဲ့ရတဲ့အခြေအနေ/အတွေ့အကြုံအကြောင်း
အမျိုးသားတွေကို ခေါ်ထုတ်သွားပြီးတော့ ကျွန်တော်က အတွင်းမှာဆိုတော့ မကြားရဘူး။ အပြင်ထွက်ခဲ့ အမျိုးသားတွေတစ်ယောက်မှမချန်နဲ့ အပြင်ထွက်ခဲ့၊ အကုန်သတ်ပစ်မှာ အဲ့တိုင်းပြောပြီး ထုတ်သွားတာ။ မှန်မှန်ဖြေရင်ဖြေ၊ မဖြေရင် အကုန်သတ်ပစ်မှာလို့ အစပိုင်းပြောတာ ကြားရတယ်။ ခဏနေတော့ ဘာသံမှ မကြားဘူး။ ဒိုင်းဒိုင်းဒိုင်း သေနတ်သံတွေပဲ ကြားရတော့တာ။
ကျွန်တော်ကတော့ မထွက်တော့ဘူး။ ဘာလို့တုန်းဆို သူတို့က သတ်မယ်ဆိုတာ များသောအားဖြင့် သေချာသလောက်ဖြစ်နေတယ်လို့ စိတ်ကဖြစ်နေတာ။ အဲ့ဒါကြောင့်မလို့ ဒီထဲပုန်းနေလို့ လွတ်ရင်လည်း ကိုယ့်အတွက် အခွင့်အရေးရတာပေါ့၊ မလွတ်လို့ သေရင်လည်း တူတူသေရမှာပဲပေါ့ အဲ့ဒါကြောင့်မလို့ ဝင်ပုန်းနေဖြစ်တာ။ သူတို့စဝင်လာပါပြီဆိုကတည်းက ငါးနာရီလောက်ကတည်းက ပုန်းနေတာပဲ။ ၇ နာရီလောက်မှ အပြင်ထွက်တာ ၂ နာရီလောက်ကြာတယ်ဗျ။ ကျောင်းမှာကို အကြာကြီးပဲ၊ မိန်းမတွေကို ပတ်ပြီးမေးနေတာ။ ကျွန်တော့်မိန်းမကိုလည်း မေးတာမြန်းတာရှိတယ်။ သူကလည်း သူ့တိုက်ရိုက်မေးမှ ဖြေတာ၊ အများအဖွဲ့နဲ့မေးရင် မဖြေဘူး။ ဖြေတဲ့လူ မဲမေးတာဆိုတော့ သူကလည်း မဖြေဘူး။ ကလေးလေးကလည်း လက်ထဲပွေ့ထားတော့ စစ်သားတွေကလည်း သူ့ကို သိပ်မမေးဘူး။
ရွာကို ဘယ်အချိန်ပြန်ရောက်လဲ၊ အမျိုးသမီးနဲ့ ဘယ်လိုပြန်တွေ့လဲ
ရွာကိုလည်း တော်တော်နဲ့မဝင်သေးဘူး။ ဖုန်းကလည်း ဆက်သွယ်လို့လည်းမရ၊ ရွာကိုလည်း ပြန်ဝင်လို့မရဆိုတော့ တော်တော်နဲ့မဝင်ဘူး။ နေကြီးတအားမြင့်မှ ၉ နာရီခွဲ ၁၀ နာရီလောက်မှ ပြန်ဝင်ဖြစ်တာ။ ဒါတောင် ကျွန်တော်လိုက်မသွားဘူး။ သေနတ်သံတွေကြားကတည်း ထွက်ပြေးလာတဲ့မိန်းမတွေက တောထဲရှိတယ်။ သူတို့က အရင်ပြန်ဝင်သွားတာ။ ကျောင်းထဲကို ပြန်ဝင်သွားတာ။ သူတို့ကို လှမ်းစုံစမ်းကြည့်တော့ မရှိတော့ဘူး။ ရှင်းတယ်တဲ့။ မိန်းမကိုလည်း ဓားစာခံခေါ်သွားတယ်လို့ ကြားတယ်။ ပြန်လွတ်လား မလွတ်ဘူးလားလဲ မသိဘူး။ အဲ့ဒါကြောင့် သတင်းလည်းစောင့်ရင်း ပြန်မဝင်ဖြစ်ဘူး။ အဲ့ကနေမှ ဓားစာခံခေါ်သွားခံရတဲ့ မိန်းမတွေ ပြန်လွှတ်လိုက်ပြီလို့ ကြားတယ်။ ခုနကဝင်သွားတဲ့ မိန်းမတွေကို မှာလိုက်တာ။ မိန်းမနဲ့ကလေးကို။ ကျွန်တော်ဒီဘက်ရှိတယ်၊ လာခဲ့ဖို့ ပြောပေးပါဆိုပြီး။
သူတို့ကတော့ ကျွန်တော့်ကို သေပြီလို့ အောက်မေ့တာ၊ ကျွန်တော်ပုန်းတာမှန်းလည်း သူတို့ကမသိဘူး။ သတ်တဲ့ထဲ ကျွန်တော်ပါပြီ ထင်ပြီးတော့ ငိုနေကြတာ။ သူတို့ ဓားစာခံခေါ်သွားပြီး ရွာထဲ မီးရှို့တော့ ကျွန်တော်သေပြီဆိုပြီး သူတို့သားအမိက ငိုနေကြတာတဲ့။
ကျွန်တော်က မဝင်ဖြစ်ဘူး။ ယောက်ျားလေးဆိုတော့ သူတို့နဲ့တွေ့ရင် သေမှာများတာ။ မိန်းကလေးဆိုတော့ ဘာမှမဖြစ်ဘူး။ သေချာပြီဆိုမှ ကျွန်တော်သွားတာ။
အမျိုးသားတွေကို သတ်ဖြတ်သွားတဲ့နေရာက ဘယ်နေရာမှာလဲ
အမျိုးသမီးတွေက တိုက်ထဲမှာ၊ အမျိုးသားတွေကို တိုက်အပြင်ကို ခေါ်ထုတ်သွားတာ။ မမြင်ရတော့ဘူးပေါ့။ သေနတ်သံတွေကြားတော့ မမြင်ရပေမဲ့ ပစ်ခံရတယ်ဆိုတာတော့ စိတ်ထဲကသိမှာပေါ့။ ဆူပွက်လို့ ငိုလိုက်ကြတာ အဲ့ရောက်တော့။ အဲ့ထဲမှာ အိမ်ထောင်သည် လင်မယားတွဲတွေပါတာပေါ့။ သားအဖတွဲတွေလည်း ပါတာပေါ့။ သားအဖတွဲကကို ၃ တွဲပါတယ်ဗျ။
ဘုန်းကြီးကျောင်းက ရွာ့အရှေ့ထိပ်မှာ၊ ကျောင်းက မနှစ်ပိုင်းကမှ စဆောက်ပြီးတော့ ကျောင်းထိုင်တာ မကြာသေးဘူး။ အရင်တုန်းကတော့ တောကျောင်းကြီးပေါ့ ဘာကျောင်းဆောင်မှလည်း မရှိဘူး။ အခုမှ တိုက်ကျောင်းသစ်တွေ ဆောက်ပြီးတော့၊ ရွာရဲ့အရှေ့တည့်တည့်မှာ ရွာကနေ တစ်ခေါ်ပေါ့၊ ပေ ၃၀၀ လောက်ရှိမှာ။ ယာခင်းတစ်ခင်းကျော်လေး ရွာနဲ့လေ။ ဘုန်းကြီးကျောင်းက တောင်ကို လှည့်ဆောက်ထားတာ။ ဓမ္မာရုံတွေတောင်မှ တန်းလန်းကြီး အပြီးမသတ်ရသေးဘူး။ ဘုရားတွေလည်း ပြုပြင်ထားတာ။ မုခ်ဦးကလည်း အခုမှစပြီးတော့ လုပ်ခါစရှိသေးတာ၊ အဲ့မုခ်လုပ်တဲ့ ပန်းရန်တွေကို ပါသွားတာ၊ ဝန်းကြီးကဗျ။ သုံးယောက်ပြောတယ်ဗျ။ ကျောင်းသစ်ဆိုတော့ အုတ်တံတိုင်းလည်း မရှိသေးဘူး။
ဘုန်းကြီးကျောင်းကို စဝင်လိုက်ပြီဆိုရင် ကျောင်းအရင်တွေ့တာ၊ ကျောင်းအရှေ့ဘက်မှာမှ ဘုရားတွေသိမ်တွေရှိတာ။ ကျွန်တော်တို့က ကျောင်းတိုက်ထဲမှာ ရောက်နေခဲ့တာ။ ကျောင်းတိုက်ရဲ့ တောင်ဘက်မျက်နှာစာမှာပဲ၊ ကျောင်းက တောင်ဘက်လှည့်ထားတာ။ အဲ့ဒီမှာပဲ ပစ်သတ်သွားတာ။ ကျွန်တော်ကတော့ သေပြီလို့ကို တွေးထားတာ။
အသံတွေကြားတော့ စိတ်မကောင်းဖြစ်တာဗျာ၊ တအားလည်းဝမ်းနည်းတယ်၊ ဒေါသလည်းဖြစ်တယ်။ စိတ်ထဲအမျိုးမျိုးပဲဗျာ။ လက်ရှိ ကိုယ့်ကိုယ်ကိုယ် အသက်အန္တရာယ်လည်း တအားကြောက်ရတာပေါ့ဗျာ။ ကျွန်တော်က အဲ့အောက်ဝင်ကတည်းက ဘုရားစာတွေ လှိမ့်ရွတ်နေတာ။ စဝင်ကနေ ထွက်သာထွက်လာတာ ဘုရားစာတွေ ပါးစပ်က ရွတ်နေတာ။ လောလောဆယ်ဘယ်လိုမှ ကိုယ်က ဘာမှမှမလုပ်နိုင်တော့ ကိုယ့်အတွက် အားကိုးစရာဆိုလို့ ဒါလေးပဲရှိတာဆိုတော့ဗျာ။ ကိုယ်နဲ့အတူနေတဲ့ ဘိုးတော်ကလည်း ဟကောင် ဘာမှမအောက်မေ့နဲ့ ဘုရားစာသာရွတ်၊ ခုချိန်မှာ ငါတို့အတွက် အားကိုးစရာ ဒါပဲရှိတော့တာတဲ့။ ကျွန်တော်ကတော့ ဂုဏ်တော်ကိုးပါးတွေရွတ်၊ ဣတိပိသောဘဂဝါ၊ အဲ့ဒါတွေ ကိုးခါရွတ်ပြီးတော့ ဗုဒ္ဓံသရဏံဂစ္ဆာမိ၊ ဓမ္မံသရဏံဂစ္ဆာမိ၊ သံဃံသရဏံဂစ္ဆာမိ သုံးခါသုံးခါ ပြန်ပြန်ရွတ်၊ ပြီးလိုက်ရွတ်လိုက်၊ ပြီးရွတ်လိုက် အဲ့လိုနေတာ။ အတော်ကို ကြာတယ်ဗျာ။
ကြာတော့ ညောင်းပြီးတော့ ချွေးတွေကို လုံလာတာ။ သူတို့အနီးအနားရှိရင်တော့ မပြောဖြစ်ဘူး။ အပြင်ထွက်သွားပြီဆိုရင်တော့ တိုးတိုးလေး တစ်ခါတလေ ပြောဖြစ်တယ်။ အတော်အသင့် သူကပြောချင်တာဗျ။ ကျွန်တော်က မပြောနဲ့ ခင်ဗျားအသံတွေ၊ ဒီမှာမသွားသေးဘူးလို့။ သူကလူကြီးဆိုတော့ ညောင်းတတ်တာထင်တယ်။ လှုပ်လှုပ်လှုပ်လှုပ်နဲ့ ဒီဘိုးတော်နဲ့ မိတော့မှာပဲ။ သူ့မိရင် ကိုယ်ပါ သေမှာလို့ အဲ့လို စိတ်ထဲကအောက်မေ့တာ။
အစောတုန်းက ကျွန်တော်ပထမဆုံးဝင်ပုန်းတုန်းက သူက ငုတ်တုတ်ကြီးထိုင်နေတာ၊ မပုန်းဘူး။ ကျွန်တော်တစ်ယောက်ဝင်ပုန်းတော့ သူက ကျွန်တော့်နောက်က လိုက်ပုန်းတာ။ စစ်သားတွေပြန်သွားတဲ့အချိန်က သူက ကျွန်တော့်ပြောတာ မင်းပေးတဲ့အသက်ပဲ ရှိတာ၊ ငါ့စိတ်နဲ့ငါ့ကိုယ်သာဆို ငါသေပြီ၊ ပစ်သတ်ခံရပြီ၊ မင်းပုန်းလို့ ငါလိုက်ပုန်းတာ။ ငါပါ မင်းနဲ့တူတူ မသတ်ခံရတာ၊ မင်းပေးတဲ့အသက်ပဲ ရှိတော့တာတဲ့ သူကတောင် အဲ့လိုပြောနေသေးတာ။ သူက အစောက အကြံမပေါက်ဘူးလေ၊ ရှေ့ကတစ်ယောက် ပုန်းတယ်ဆိုတော့ သူပါ အကြံပေါက်သွားတာ၊ သူပါ လိုက်ပုန်းတာ၊ အခုလိုအသတ်ခံရတဲ့ဘေးက လွတ်သွားတာပေါ့ဗျာ။
ကျွန်တော်တို့ပုန်းတာကို မြင်လိုက်တဲ့သူရှိတယ်ဗျ။ တော်တော်များများမြင်ကြတယ်။ ဘယ်သူမှလည်း ဒီအောက်မှာရှိတယ်၊ ပုန်းနေတယ်ဆိုတာ မပြောဘူးလေ၊ ဘယ်ပြောမှတုန်း၊ ဒုက္ခရောက်မှာ တစ်ဖက်သားဥစ္စာကြီး။
အမျိုးသမီးကလည်း ပုန်းတာတော့ မြင်တယ်တဲ့၊ ထွက်တဲ့ထဲ ပါသွားတာလို့ ထင်တာတဲ့၊ ခေါ်တဲ့အထဲ ပါသွားပြီလို့ ထင်လို့ သေပြီလို့ အောက်မေ့တာတဲ့။ သူက ရွာထဲက ဓားစာခံခေါ်ခံရပြီး ပြန်လာတော့ သူ့ယောက်ျားတော့ သေပြီဆိုပြီးတော့ သူ့စိတ်ထဲ သူ့ကြောင့်သေရတာပေါ့၊ ညတုန်းက ဘေးထွက်ဖို့ရာ ခေါ်တယ်ပေါ့၊ သူက မလိုက်လို့မို့ကြောင့် သူ့သံယောဇဉ်နဲ့ပြန်လာလို့ ခုလိုဖြစ်ရတယ်ပေါ့၊ သူ့ကြောင့် ဖြစ်ရတယ်ဆိုပြီးတော့ သူ့ကိုယ်သူ့ ယူကျုံးမရဖြစ်ပြီးတော့ တအားငိုတာတဲ့။ ဒီရောက်တော့ ယောက်ျားက မသေဘူး လွတ်တယ်လို့ ကြားတော့ စိတ်ဆင်းရဲနေရတာကနေ စိတ်ထဲနည်းနည်းတော့ ပေါ့ပြီးတော့ ပျော်မိပါတယ်။ ဒါပေမဲ့ ဘေးလူတွေအတွက်တော့ စိတ်မကောင်းဘူးပေါ့တဲ့ ပြန်ပြောပြနေတာ။
လူပုံကြားထဲက ထွက်ပြေးလာတဲ့သူက ကျွန်တော်တို့အထက် နည်းနည်းအသက်ကြီးတယ်ဗျ။ ၄၅ လောက်တော့ရှိမှာ။