သတင်း

မန္တလေးတွင် လိုင်စင်မရှိဘဲ ကျောက်ဝယ်ရောင်းလုပ်ပါက ဖမ်းမည်ဟု ကြေညာထား

လုပ်ငန်းလိုင်စင်မရှိဘဲ ကျောက်အရောင်းအဝယ်လုပ်ပါက ဖမ်းဆီးထောင်ချမည်ဟု မန္တလေးမြို့ရှိ ကျောက်မျက်ရောင်းဝယ်ရေးစခန်း၌ စစ်ကောင်စီက သတိပေးစာများ ကပ်ထားသည်ဟု သိရသည်။

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်ရှိ ကျောက်ဝိုင်းခေါ် ကျောက်မျက်ရောင်းဝယ်ရေးစခန်း၏ ဝင်ထွက်ပေါက်များတွင် ထိုသို့သတိပေးစာများ ကပ်ထားခြင်းဖြစ်ကာ ကျောက်မျက်ဝယ်ရောင်းသမားများအနေဖြင့် လုပ်ငန်းအမျိုးအစားအလိုက် တစ်နှစ်သက်တမ်းရှိ လိုင်စင်အတွက် ကျပ်သုံးသောင်းမှ ငါးသောင်းအထိ ပေးသွင်းရမည်ဟု ဆိုသည်။

လုပ်ငန်းလိုင်စင်မရှိဘဲ ကျောက်အရောင်းအဝယ်လုပ်ပါက ထောင်ဒဏ် သုံးနှစ်အထိ ချမှတ်နိုင်သည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု စစ်ကောင်စီက ခြိမ်းခြောက်ထားသည်။

ယခုလ ၁၈ ရက်ကတည်းက စစ်ကောင်စီလက်အောက်ခံ စည်ပင်သာယာဌာနက သတိပေးဆိုင်းဘုတ်များ ထောင်ထားသည့်အပြင် လုပ်ငန်းလိုင်စင်ပြုလုပ်ရန် ဖိအားပေးနေသည်ဟုလည်း မြို့ခံကျောက်သမားများက ဆိုသည်။

“ဈေးကွက်ကျပြီး အရောင်းအဝယ်မဖြစ်ကြတဲ့အချိန်မှ ဒါကြီးထပြီး ကြေညာတယ်။ အတော်များများအတွက် ခက်ခဲကုန်တာပေါ့။ လုပ်ငန်းကြီးသမားတွေအတွက် မခက်ခဲပေမဲ့ လက်လုပ်လက်စားတွေအတွက်ကတော့ အဆင်မပြေဖြစ်ကြတာပေါ့” ဟု ကိုအောင်ဆိုသည့် ကျောက်စိမ်းဝယ်ရောင်းသမားတစ်ဦးက ပြောသည်။

“ပြီးရင် သူက သက်တမ်းတစ်နှစ်ပြည့်ရင်လည်း ထပ်သက်တမ်းတိုးရင် တစ်နှစ်အတွင်း ရောင်းဝယ်ခဲ့တဲ့ ပမာဏအပေါ် မူတည်ပြီး အခွန်ကလည်း ထပ်ပေးဆောင်ရဦးမယ်ဆိုပြီး ကြားတယ်။ သိန်းချီနေမှာပေါ့ ဒါဆိုရင် သူတို့ကိုပဲ လုပ်ကျွေးနေရသလိုဖြစ်နေပြီ”

ယခင်က ကျောက်ဝိုင်းအတွင်းရှိ ဆိုင်ခန်းပိုင်ရှင်များသာ အခွန်အခနှင့် ဆိုင်ခန်းကြေး ပေးသွင်းရသော်လည်း ယခုအခါ အာဏာသိမ်းစစ်တပ်က ကျောက်သွေး၊ ကျောက်ဖြတ် စသည့် လုပ်ကိုင်သည့် လက်လုပ်လက်စားကျောက်သမားများကိုပါ လိုင်စင်လုပ်ရန် ဖိအားပေးလာခြင်းဖြစ်သည်။

တရုတ်နိုင်ငံသားကျောက်ပွဲစားများဖြင့် အဆက်မပြတ်စည်ကားလေ့ရှိသော မန္တလေးမြို့ ကျောက်ဝိုင်းတွင် နေ့စဉ် လူသိန်းချီ ဝင်ထွက်နေပြီး စည်ပင်သာယာအနေဖြင့် ဆိုင်ခန်း ၁၀၀၀ ကျော်ထံမှ တစ်နှစ်စာအခွန်ငွေ တစ်သိန်းနှစ်သောင်း ရရှိနေသည့်အပြင် ထိုင်ခုံဖြင့် ရောင်းချသူများကိုလည်း နေ့စဉ် ကျပ် ၂၀၀ နှုန်းဖြင့် ကောက်ခံနေသည်။ နိုင်ငံခြားများကိုမူ နေ့စဉ်ဝင်ကြေး တစ်ဦး ၁ ဒေါ်လာ ကောက်ခံသည်ဟု သိရသည်။

စစ်ကောင်စီက ကျောက်မျက်ဥပဒေကို အကြောင်းပြကာ ယင်းသို့ ဖိအားပေးနေခြင်းဖြစ်ပြီး ယင်းမတိုင်မီကလည်း ကျောက်လက်ဝယ်တွေ့ရှိမှုဖြင့် ခြိမ်းခြောက်ကာ ငွေညှစ်တောင်းခံလေ့ရှိသည်ဟု မြို့ခံကျောက်သမားအချို့က ဆိုသည်။

လွန်ခဲ့သည့် ခြောက်လခန့်က ဆိုင်ကယ်စီးနင်းလာသည့် ကျောက်သမားနှစ်ဦးကို ဖမ်းဆီးစစ်ဆေးစဉ် ကျောက်အရိုင်းတုံး တွေ့ရှိသဖြင့် စစ်သားများက ကျပ်နှစ်သိန်း တောင်းခဲ့ကြောင်း၊ ဧပြီလအတွင်းကလည်း ဈေးချိုအနီး စစ်ဆေးခံရစဉ် ငွေငါးသိန်း အတောင်းခံရသည်ဟု ကိုယ်တွေ့ကြုံခဲ့သူ ကျောက်သမားနှစ်ဦးက ဆိုသည်။

“စစ်သားနဲ့ ရဲ ပေါင်းပြီးတောင်းတာ။ ဒါတွေက တရားမဝင်ဘူးဆိုတာ မင်းတို့ မသိဘူးလား။ သိမ်းလိုက်ပြီ ဆိုပြီးလုပ်တော့ တောင်းတောင်းပန်ပန်ပြောရတယ်။ သူတို့ကပဲ ပြန်လိုချင်ရင် ဘယ်လောက်ပေးဆိုပြီး ဖွင့်တောင်းတယ်“ ဟု ငွေပေးခဲ့ရသူ ကျောက်သမားတစ်ဦးက ပြောသည်။

“ငါးသိန်းဆိုလည်း ကြံဖန်ပေးလိုက်ရတာ။ မဟုတ်ရင် သူများကျောက်၊ ကျွန်တော်တို့က ပွဲစားကိုင်ထားရတာ။ တန်ဖိုးကြီးနေတော့ လျော်ရရင် ဘဝပါပျက်မှာ”

အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ကျောက်ဝိုင်းပြန်ဖွင့်ရန် ဖိအားပေးခြင်းများ ရှိခဲ့သည့်နည်းတူ တော်လှန်ရေးအဖွဲ့များက လုံခြုံရေးယူနေသော စစ်သားများကို ပစ်မှတ်ထားကာ ၇ ကြိမ်ထက်မနည်း ဖောက်ခွဲတိုက်ခိုက်ခဲ့ဖူးသည်။

ထိုသို့သော အခြေအနေများကြောင့် ကျောက်စိမ်းအဓိက ဝယ်သူများဖြစ်သော တရုတ်နိုင်ငံသားများက WeChat အက်ပလီကေးရှင်းကို အသုံးပြုကာ အွန်လိုင်းမှတစ်ဆင့် အရောင်းအဝယ်ပြုလုပ်လာကြသည်။

၂၀၂၁ ဒီဇင်ဘာတွင် အွန်လိုင်းမှ ကျောက်အရောင်းအဝယ်ပြုလုပ်သူ ၄၀၀ ကျော်ကို စစ်ကောင်စီက အင်အားသုံးဖမ်းဆီးခဲ့သည်။

“သူတို့လက်ထက်မှာ ကျောက်သမားမှမဟုတ်ဘူး။ ဘာလုပ်ငန်းမဆိုက ကျီးလန့်စာစားနေရသလိုပါပဲ။ အခွန်အခတွေကလည်း နစ်လို့။ လူတွေလည်း တဖြည်းဖြည်းမွဲလာကြပြီ” ဟု မန္တလေးမြို့ခံ အမျိုးသားတစ်ဦးက ဆိုသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button