သတင်း

မန္တလေးတွင် ကျောက်အရောင်းအဝယ်သမား ၄၀၀ ဝန်းကျင် အဖမ်းခံရ

မန္တလေးမြို့တွင် စစ်ကောင်စီ သတ်မှတ်ထားသော ကျောက်မျက်ဈေး၌ မရောင်းချဘဲ အခြားနေရာများတွင် ကျောက်မျက်အရောင်းအဝယ်လုပ်နေသူ ၄၀၀ ကျော် ယမန်နေ့ (ဒီဇင်ဘာ ၂၀) နေ့လယ်ပိုင်းက ဖမ်းဆီးခံခဲ့ရသည်။  

မဟာအောင်မြေမြို့နယ်၊ ၈၄ လမ်း (၄၃ လမ်းနှင့် ၄၄ လမ်းကြား)ရှိ Happy Birthday ကျောက်မျက်ကုမ္ပဏီဝင်းအတွင်းမှ ၂၆၀ ကျော်နှင့် အောင်မြေသာစံမြို့နယ်၊ ၈၇ လမ်းနှင့် ၁၅ လမ်းအနီး ရွှေဓူဝံကျောက်မျက်ကုမ္ပဏီဝင်းအတွင်းမှ ၁၆၀ ကျော် အဖမ်းခံလိုက်ရသည်ဟု ဒေသခံ ကျောက်မျက်ရောင်းဝယ်သူများထံမှ သိရသည်။  

အရောင်းအဝယ်သမားများ ရှိမနေသည့် နေရာတချို့လည်း စီးနင်းခံရပြီး ကျောက်မျက်ရောင်းဝယ်မှုလုပ်ငန်းများ ရပ်တန့်သွားသည်ဟု သိရသည်။

ကျောက်သမားများကို အစုလိုက်အပြုံလိုက်ဖမ်းဆီးခြင်းသည် စစ်ကောင်စီက အခွန်ရလိုခြင်းကြောင့်ဖြစ်ကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသော ကျောက်သမားတစ်ဦးက ပြောသည်။  

“သူတို့က အစကတည်းက သူတို့ဖွင့်တဲ့ကျောက်ဝိုင်းအတွင်းကိုပဲ ဝင်လုပ်ကိုင်ဖို့ အကြိမ်ကြိမ်သတိပေးတာတွေ၊ ခြိမ်းခြောက်တာတွေ လုပ်တယ်။ အခုက တရားမဝင်စုဝေးလုပ်ကိုင်နေတယ်ဆိုပြီး ဖမ်းတာပဲ” ဟု အသက် ၃၀ ကျော်အရွယ် အထက်ပါ ကျောက်သမားက ပြောသည်။ 

“ပထမ ဆယ်သိန်းစီတို့၊ ငါးသိန်းစီတို့ တောင်းတယ်လို့ ကြားတယ်။ ငွေပေးနိုင်သူတွေ ချက်ချင်းလွတ်တယ်။ အဓိကက သူတို့ဖွင့်တဲ့ဝိုင်းထဲ မဝင်လို့ အခွန်မရလို့ ငွေညှစ်တာပါပဲ” 

အာဏာသိမ်းအပြီး လအနည်းငယ်အကြာ စစ်ကောင်စီက အခွန်ရရှိစေရန် ဆိုင်ခန်းပေါင်း ၁၀၀၀ ကျော်ရှိ မဟာအောင်မြေကျောက်မျက်ဈေးကို ပြန်လည်ဖွင့်လှစ်ခဲ့ရန် ကြိုးစားခဲ့သော်လည်း ကျောက်သမားအများစုက ထိုစျေးပြင်ပအနီးအနားရှိ သင်္ဂဇာချောင်းဘေးတွင်သာ လုပ်ကိုင်ခဲ့ကြသည်။ 

အဆိုပါဈေးအနီး နိုဝင်ဘာလဆန်းတွင် နှစ်ရက်ဆက်ပေါက်ကွဲမှုဖြစ်ခဲ့ပြီးနောက် တရုတ်နိုင်ငံသားများ အထိုင်ချဝယ်ယူသည့် အဆောက်အအုံများတွင် အရောင်းအဝယ် ပိုမိုလုပ်ကိုင်လာကြသည်။

မန္တလေးမှ ပွဲစားများ အမြဲတမ်းဝင်ထွက်နေကြသည့် အဆိုပါ နေအိမ်ခြံဝင်းများတွင် တရုတ်နိုင်ငံသားကျောက်အဝယ်တော်များ၊ ကုန်သည်များ၊ မြန်မာပွဲစားများက အွန်လိုင်းမှလည်း အရောင်းအဝယ်လုပ်ကြရာ အသုံးပြုကြသော တရုတ်အပလီကေးရှင်းမှာ WeChat ဖြစ်သည်။  

တရုတ်ဝယ်လက်အများစုဖြစ်သော မန္တလေးစျေးကွက်တွင် ထိုစနစ်ကြောင့် အရောင်းအဝယ် ပိုမိုတွင်ကျယ်သည်ဟု စိန်ပန်းရပ်ကွက်မှ ကျောက်စိမ်းအရောင်းအဝယ်လုပ်ကိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။ 

“ဒီ WeChat နဲ့ ရောင်းဝယ်တဲ့စနစ်ကို သူတို့(စစ်တပ်) က ပိတ်ထားတယ်။ ကျွန်တော်တို့ကလည်း ဒါနဲ့ပဲ အဆင်ပြေနေတယ်ဗျာ။ ကျွန်တော်တို့ကျောက်သမားတွေက မနှစ်က ပထမကိုဗစ်စကတည်းက ခက်ခဲနေကြရတာ၊ အဆင်မပြေကြတာ”ဟု သူက  ဆိုသည်။  

စစ်ကောင်စီတပ်က မည်သူ့ကိုမဆို ပစ်ခတ်ရန် လက်မနှေးသလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ကလည်း စစ်ကောင်စီနှင့် ပူးပေါင်းခြင်းမပြုရန် တိုက်တွန်းနေသည်ဟု အဆိုပါ ကျောက်သမားက ရှင်းပြသည်။

“သူတို့ဖွင့်တဲ့ဝိုင်းအတွင်းကို ရှင်းရှင်းပြောရရင် အခွန်မပေးချင်လို့ မဝင်ချင်ဘူး။ ချောင်းဘေးမှာ လုပ်ကိုင်ကြတော့လည်း သူတို့က သေနတ်တွေဖောက်၊ (ကျောက်ဝိုင်း) အတွင်းဝင်ဖို့ ဇွတ်ခြိမ်းခြောက်တာတွေ လုပ်ခဲ့တယ်” ဟု သူက ပြောသည်။

“တစ်ဖက် (PDF) ကလည်း သူတို့ဝိုင်းထဲမဝင်စေချင်လို့ သတိပေးတာတွေ လုပ်တယ်။ ဒီတော့ ကျောက်သမားတွေက အွန်လိုင်းရောင်းဝယ်ရေးစနစ်ကိုပဲ အားပြုနေကြရတာဗျာ”

ကျောက်သမားများကို ဝင်ရောက်ဖမ်းဆီးခြင်းနှင့် ပတ်သက်ပြီး စစ်ကောင်စီဘက်မှ သတင်းမထုတ်ပြန်သေးသလို စစ်ကောင်စီ ပြန်ကြားရေးတာဝန်ယူထားသူများကို ဆက်သွယ်မေးမြန်း၍မရသေးပေ။ 

ဖမ်းဆီးခံရသူအများစုသည် ဝယ်ရောင်းလုပ်သည့် ကျောက်မျက်ပွဲစားများဖြစ်ပြီး ၎င်းတို့ကို မန္တလေးမြို့၊ အိုးဘိုထောင်တွင် ထိန်းသိမ်းထားသည်ဟု ကြားသိရသော်လည်း Myanmar Now အနေဖြင့် အတည်ပြုနိုင်ခြင်း မရှိပေးပေ။  

တရုတ်ကုန်သည် ၃၀ နီးပါး ဖမ်းဆီးခံထားရပြီး ထိုသူများလွတ်မြောက်ရေးအတွက် မန္တလေးရှိ တရုတ်ကောင်စစ်ဝန်ရုံးက ကူညီနေသည်ဟု သိရကြောင်း တရုတ်ကုန်သည်တချို့နှင့် ရင်းနှီးသည့် ဒေသခံ ကျောက်မျက်လုပ်ငန်းဝန်ဆောင်မှုပေးသူတစ်ဦးထံမှ သိရသည်။

အမည်မဖော်လိုသည့် ကျောက်မျက်လုပ်ငန်းရှင်တစ်ဦးက သူ၏ မိတ်ဆွေတစ်ဦး သိန်း ၆၀ ဖိုး ရောင်းချရပြီးနောက် ထိုငွေများ အသိမ်းခံရသဖြင့် ကျောက်ပိုင်ရှင်ကို ငွေပြန်လျော်ရန် အခက်အခဲဖြစ်နိုင်ကြောင်း ပြောသည်။ 

စစ်ကောင်စီက WeChat ဖြင့် ကျောက်များရောင်းချခြင်းကို တရားမဝင်ဟု ခေါင်းစဉ်တပ်သော်လည်း မြေပြင်တွင်မူ နယ်စပ်ဂိတ်ပိတ်ထားသောကြောင့် အရပ်သားအစိုးရလက်ထက်ကတည်းက ရောင်းချမှုရှိကြောင်း၊ ကျောက်မျက်ဥပဒေအရ သတ်မှတ်ထားသည့်နယ်စပ်မြို့များမှလွဲ၍ လွတ်လပ်စွာရောင်းဝယ်ခွင့်ရှိသည်ဟု နားလည်ထားကြောင်း ၎င်းက ပြောသည်။ 

ယခုကဲ့သို့ဖမ်းဆီးခြင်းကြောင့် ကျောက်သမားများသည် စစ်ကောင်စီ စီစဉ်သည့် ကျောက်ဝိုင်းအတွင်း ဝင်ရောက်ရောင်းချလာမည်ဖြစ်ပြီး အခွန်ငွေရလာနိုင်သည်ဟု ထိုသူက ယူဆနေသည်။ 

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် ၈၈ လမ်း (လမ်း ၄၀ နှင့် ၄၁ လမ်းကြား) သင်္ဂဇာချောင်းအနီးတွင် တည်ရှိသည့် ကျောက်မျက်ရောင်းဝယ်ရေးစခန်းကို ကိုဗစ်နိုင်တင်းရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် ၂၀၂၀ မတ်လကတည်းက ပိတ်ထားခဲ့ရာမှ စစ်ကောင်စီက အောက်တိုဘာ ၁၂ ၌  ပြန်လည်ဖွင့်လှစ်ခဲ့သည်။ 

စစ်ကောင်စီလက်အောက်ခံ မန္တလေးစည်ပင်သာယာရေးကော်မတီကလည်း ကျောက်သမားများ ကျောက်မျက်ဈေးအတွင်း၌သာ ဝင်ရောက်လုပ်ကိုင်ကြရန် အသိပေးစာကပ်နှိုးဆော်ထားသလို စစ်ကောင်စီတပ်ဖွဲ့ဝင်များကလည်း မဝင်ရောက်ဘဲ ပြင်ပတွင် လုပ်ကိုင်နေပါက ပစ်သတ်မည်ဟုလည်း ခြိမ်းခြောက်ထားကြသည်။ 

နို၀င်ဘာတွင် ကျောက်မျက်ဈေးပြင်ပ ချောင်းတစ်လျှောက် ရောင်းဝယ်လုပ်ကိုင်ကြသော ကျောက်သမားများကို သေနတ်ဖောက်ခြိမ်းခြောက်၍ ဝိုင်းအတွင်း ဝင်ခိုင်းခဲ့သည်။ 

PDF ကလည်း စစ်ကောင်စီ အခွန်ရစေမည့် ကျောက်မျက်ဈေးအတွင်း မဝင်ရောက်ကြရန် အကြိမ်ကြိမ်သတိပေးထားပြီး ကျောက်မျက်ဈေးလုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်သားများအနီး ၅ ကြိမ်ထက်မနည်း ဗုံးခွဲတိုက်ခိုက်ခဲ့သည်။ 

ကျောက်စိမ်းအပွင့်လိုင်းလုပ်ကိုင်သူ အမျိုးသမီးတစ်ဦးက စည်ပင်ဌာနတိုက်တွန်းချက်ကို လိုက်နာမည်မဟုတ်ဟု ပြောသည်။

“ကျွန်မတို့လည်း အခွန်မပေးလိုဘူး။ သင်းတို့အတွက် ကျည်ဆန်ဖိုး မပေးဘူး။ သူတို့ကို အခွန်မပေးခြင်းနဲ့ တော်လှန်နေကြတာပါပဲ။ အခုဆို သူတို့အုပ်ချုပ်မှ အစစအရာရာ ကျပ်တည်းမွဲတေနေပြီ။ တော်ရုံပဲ တိုင်းပြည်ကို ဒုက္ခပေးပါတော့လို့ ပြောချင်ပါတယ်”ဟု ထိုအမျိုးသမီးက ပြောသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button