သတင်း

တရုတ်ဝယ်လက် မလာသည့် မန္တလေးကျောက်ဝိုင်း အရောင်းအဝယ် အေးနေ

နိုင်ငံအနှံ့ စစ်ပွဲများ၊ လုံခြုံရေးအာမခံချက်မရှိမှုတို့ကြောင့် တရုတ်ကုန်သည်အများအပြား ပျောက်ကွယ်နေချိန်တွင် ၎င်းတို့ကို အားကိုးနေရသည့် မန်းကျောက်ဝိုင်းသည် နှိပ်ကွပ်မှုများနှင့် ရင်ဆိုင်နေရသည်။

တရုတ်ကုန်သည်တို့ လာရောက်မှု နည်းပါးသဖြင့် အရောင်းအဝယ်အေးစက်လာနေသည့် မန္တလေးမြို့ မဟာအောင်မြေကျောက်ဝိုင်းသည် စစ်ကောင်စီ၏ နှိပ်ကွပ်မှုကိုပါ ရင်ဆိုင်နေရသည်ဟု ကျောက်လုပ်ငန်းလုပ်ကိုင်သူများက ဆိုကြသည်။

မဟာအောင်မြေမြို့နယ်၊ ၄၁ လမ်းနှင့် ၈၇ လမ်းကြား သင်္ဂဇာချောင်းအနီး ဖွင့်လှစ်ထားသည့်၊ ဆိုင်ခန်း ၁၀၀၀ ကျော် ရှိသည့် အဆိုပါ ကျောက်မျက်ရောင်းဝယ်ရေးစခန်းတွင် ကျောက်စိမ်းရောင်းဝယ်ရေးက အဓိကလုပ်ငန်းဖြစ်သလို ဝယ်ယူသူအများစုမှာ တရုတ်နိုင်ငံသားများ ဖြစ်သည်။

မြန်မာ-တရုတ် နယ်စပ် အပါအဝင် နိုင်ငံအနှံ့တွင် စစ်ဖြစ်ပွားခြင်း၊ လုံခြုံရေးအာမခံမှု မရှိခြင်းတို့ကြောင့် တရုတ်ကုန်သည် လာရောက်မှု ပိုမိုနည်းပါးသွားချိန်တွင် ဖေဖော်ဝါရီလဆန်းပိုင်းတွင် ကျရောက်သည့် တရုတ်နှစ်သစ်ကူးကာလ အရောင်းအဝယ် ရပ်ဆိုင်းသွားတတ်သည့် အစဉ်အလာကြောင့် စျေးကွက် ပိုမို ခြောက်သွေ့လာနေသည်ဟု အသက် ၄၀ အရွယ် ကျောက်ကုန်သည်တစ်ဦးက ဆိုသည်။

“သူတို့က အဝယ်နည်းလာတော့ ကျောက်စိမ်းဈေးကွက်က အတော်အေးတယ်။ ၈၀ ရာခိုင်နှုန်း သူတို့ကို မှီတင်း ရောင်းဝယ်နေကြရတဲ့လုပ်ငန်းဆိုတော့ အားလုံးအဆင်မပြေကြဘူး” ဟု ၎င်းက ပြောသည်။

“ကုန်သည်တွေ အဆင်မပြေတော့ အောက်ခြေ အသွေး၊ အဖြတ်လုပ်ငန်းတွေ စတဲ့ မှီတင်းနေတဲ့ ဆက်စပ်တဲ့လုပ်ငန်းတွေ ဘာတစ်ခုမှကို မပြေကြဘူး”

ကျောက်ဝိုင်းတွင် အများအပြား တွေ့ရတတ်သည်မှာ ဒေသတွင်း ဝယ်ရောင်းသမားများ၊ ပွဲစားများ ဖြစ်သည်။

ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေ ထွက်ပေါ်လာပြီး လူငယ်အမျိုးသားများကို ပေါ်တာဆွဲသည်ဟူသော သတင်းများ ဆက်တိုက်ထွက်လာနေချိန်တွင် ဈေးအတွင်း လူသွားလူလာနည်းပါးလာသည်။

တရုတ်နိုင်ငံသား အဝယ်တော်များ၊ ကုန်သည်များက မန္တလေးကျောက်ဝိုင်းအတွင်း ဆိုင်ခန်းများတွင် အထိုင်ချပြီး ပစ္စည်းပြသူများကို လက်ခံတွေ့ဆုံတတ်သလို ကျောင်းဝိုင်းအတွင်းတွင်လည်း လှည့်ပတ်ကြည့်ရှုတတ်သည်။

၂၀၁၅ ဧပြီလက မန္တလေးကျောက်ဝိုင်းတွင် ခင်းကျင်းပြသထားသော ကျောက်စိမ်းအချောထည်များ (ဓာတ်ပုံ – EPA)

နေအိမ်များ၌ ချိန်းဆိုပြီး ပြသ၊ ရောင်းဝယ်ကြသည့် ကျောက်မျက်များတွင်လည်း တန်ဖိုးကြီးကျောက်များ ပါဝင်သည်။

ပြီးခဲ့သည့် ၃ နှစ်အတွင်း ကျောက်လောကသမားတချို့ အခြားလုပ်ငန်း ပြောင်းလဲလုပ်ကိုင်ကြသော်လည်း အများအပြားမှာ  ကျောက်အရောင်းအဝယ်လောကတွင် ဆက်ရှိနေကြသည်ဟု ကျောက်ဝိုင်းတွင် လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

“ကျောက်သမားအများစုကလည်း ကျောက်မလုပ်ရင် အခြားအလုပ်လည်း လုပ်တတ်ကြတာမဟုတ်ဘူး။ ကျောက်လုပ်ငန်းမှမဟုတ်ဘူး၊ ဘာတစ်ခုမှကို လူတွေက အဆင်မပြေနေကြတာ” ဟု ထိုအမျိုးသားက ဆိုသည်။

ကျောက်ဝိုင်းရောက် အသံတိတ်သပိတ်

စစ်အာဏာသိမ်းမှု ၃ နှစ်ပြည့်မြောက်သည့် ယခုနှစ် ဖေဖော်ဝါရီ ၁ တွင် ရုံးချိန်အတွင်း အိမ်နှင့် လုပ်ငန်းခွင်ထဲတွင်သာ နေထိုင်သည့်နည်းဖြင့် စစ်ကောင်စီကို ဆန့်ကျင်ရန် တက်ကြွလှုပ်ရှားသူများက ဆော်ဩခဲ့ကြရာ ထိုနေ့က မန္တလေးကျောက်ဝိုင်းတွင် ဆိုင်ပိတ်ထားသူ အများအပြားရှိခဲ့သည်။

ထိုကဲ့သို့သောနေ့မျိုးတွင် ဆိုင်ပိတ်သည်ကို လက်မခံနိုင်သော စစ်ကောင်စီက ထိုလှုပ်ရှားမှုတွင် ပါဝင်သည်ဟု ယူဆရသည့်  ဆိုင်ခန်း ၉၀ ခန့်၏ ပိုင်ရှင်များကို ဒဏ်ရိုက်ပြီး ဆိုင်များကို ၆ လ ပိတ်သိမ်း အရေးယူခဲ့သလို ကျောက်ဝိုင်းအနီး ပိတ်ထားသော လမ်းဘေးဆိုင်များ၏ ခုံများ၊ ပစ္စည်းများကိုလည်း သိမ်းယူသွားသည်။

ထို့နောက် ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် အဆိုပါ ကျောက်ဝိုင်း အနောက်ဘက်ဂိတ်ပေါက်အနီးရှိ စည်ပင်သာယာရုံးတွင် ဆိုင်ခန်းရှင်များကို ခေါ်ယူပြီး နိုင်ငံရေးနှင့် စည်ပင်ဥပဒေဆိုင်ရာ လုပ်ငန်းကန့်သတ်မှုများအပါအဝင် အချက်၂၀ ကျော်ပါဝင်သော စည်းကမ်းချက်များကို သိရှိကြောင်း လက်မှတ်ထိုးခိုင်းခဲ့သည်။

ကျောက်ဝိုင်းအတွင်း စည်ပင်ရုံးခန်းတွင် အလှည့်ကျခေါ်တွေ့ကာ ၎င်းတို့ထုတ်ပြန်ထားသည့် စည်းကမ်းချက်ပေါင်း၂၀ ကျော်ကို ဖတ်ခိုင်းခဲ့သည်ဟု ကျောက်မျက်လုပ်ငန်းလုပ်ကိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။

“သူတို့ ထုတ်ထားတဲ့ စည်းကမ်းချက်တွေကို အတင်းအကျပ် လက်မှတ်ထိုးခိုင်းတယ်။ မလိုက်နာရင် ဖမ်းဆီးမယ်၊ ဆိုင်ခန်းပိတ်သိမ်းသည်အထိ အရေးယူမယ် ဆိုတာမျိုး ခြိမ်းခြောက်တယ် ကြားတယ်” ဟု သူက ပြောသည်။

“ဆိုင်ခန်းတွေကို အမိုး၊ အဖီတွေ ထုတ်ပြီး ခုံတွေ မခင်းဖို့၊ နောက်ပြီး အသွေး၊ အဖြတ် အကြမ်းထည်အတွက် လိုင်စင်တင်ထားရင် အသွေး၊ အဖြတ်ပဲ လုပ်ဖို့။ အချောထည်နဲ့အရောင်းပိုင်းဆို အရောင်းဆိုင်ခန်းပေါ့။ လိုင်စင်တင်ထားတဲ့အတိုင်းက ကျော်လွန် ပြီးလုပ်ရင် စည်ပင်ဥပဒေတွေနဲ့ အရေးယူမယ်ပေါ့”

စည်းကမ်းချက်များတွင် တော်လှန်ရေးတပ်ဖွဲ့များနှင့်မပတ်သက်ရန်၊ ၎င်းတို့ လှုံ့ဆော်သော “အသံတိတ်သပိတ်” ကဲ့သို့သော ဆန္ဒပြမှုများတွင် မပါဝင်ရန်၊ ထိုအဖွဲ့အစည်းများကို ကူညီထောက်ပံ့မှုမပြု ရန် အစရှိသည့်အချက်များလည်း ပါဝင်သည်ဟု သိရသည်။

တော်လှန်ရေးအဖွဲ့အစည်းများနှင့် ပတ်သက်ပါက ထို့ထက်ဆိုးသည့်အရေးယူမည်ဖြစ်ကြောင်း စည်ပင်ရုံးအရာရှိဆိုသူများက သတိပေးသည်ဟု လက်မှတ်ထိုးခဲ့ရသည့် ကျောက်ဝိုင်းဆိုင်ခန်းရှင်များကို ကိုးကား၍ အထက်ပါအမျိုးသားက ဆိုသည်။

၂၀၁၈ ဒီဇင်ဘာအတွင်းက တွေ့ရသည့် မန္တလေးကျောက်ဝိုင်းဈေးတစ်နေရာ (ဓာတ်ပုံ-Myanmar Now)

ငွေဒဏ်ပေးဆောင်ရခြင်း၊ ဆိုင်ခန်းများ ၆ လ ချိပ်ပိတ်ခံရခြင်းအတွက် လုပ်ငန်းရှင်တို့ များစွာနစ်နာသည်ဟု ကျောက်ပွဲစား အမျိုးသမီးတစ်ဦးက ဆိုသည်။

“ဆိုင်ခန်းရှင်တချို့ကတော့ နီးစပ်ရာအိမ်လေးတွေ၊ ဆိုင်ခန်းလေးတွေငှားပြီး ပြန်လုပ်နေကြရတာမျိုး ရှိတယ်။ ဆိုင်ခန်းတွေ ပိတ်ခံရတော့ သူတို့ဆီ ကျောက်ကောက်တဲ့ တနိုင်တပိုင်ကုန်သည်တွေ၊ ပွဲစားတွေ၊ ဈေးဆိုင်လာဖွင့်သူတွေ အကုန်အခက်အခဲဖြစ်ကြတာပေါ့” ဟု ထိုအမျိုးသမီးက ပြောသည်။

စစ်ကောင်စီ ငွေရလမ်း

၂၀၂၁ ခုနှစ်တွင် အာဏာသိမ်း စစ်ကောင်စီကို သပိတ်မှောက်ကြရာ မန္တလေး မဟာအောင်မြေကျောက်မျက်ဝိုင်းမှ လူဦးရေသောင်းချီကာ ပါဝင်၍ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြသည်။

ကျောက်ဝိုင်းတွင် ဆိုင်ခန်းပေါင်း ၁၀၀၀ ကျော်ရှိပြီး နိုင်ငံခြားသားများအပါအဝင် နေ့စဉ်လူဦးရေ သောင်းနှင့်ချီ ဝင်ထွက်လုပ်ကိုင်နေကြရာ ဝင်ကြေး၊ ကျောက်မျက်အခွန်၊ ဆိုင်ခန်းခ၊ စည်ပင်ခ စသည့် သိန်းရာနှင့်ချီ အခွန်ငွေများစွာမှာ စစ်ကောင်စီလက်ထဲရောက်မည် ဖြစ်သည်။

ထို့ကြောင့် တော်လှန်ရေးသမားများက စစ်ကောင်စီငွေရလမ်းဖြတ်တောက်သည့်အနေဖြင့် ထိုကျောက်မျက်ဝိုင်းတွင် လုပ်ကိုင်ခြင်း မပြုရန် လှုံ့ဆော်ခဲ့ကြရာ ကျောက်မျက်သမားက ဆိုင်ခန်းများကို ကျောခိုင်းကာ အနီးရှိ သင်္ဂဇာချောင်းဘေးတွင်သာ ရောင်းဝယ်ရေး လုပ်ဆောင်ခဲ့ကြသည်။ အထိုင်ချတတ်သည့် တရုတ်ဝယ်လက်များ၊ ဝင်ထွက်သွားလာနေတတ်သည့် ပွဲစားများ ရှိသည့် အဆောက်အအုံကြီးများတွင်လည်း ကျောက်အရောင်းအဝယ် လုပ်ကိုင်ကြသည်။

ထို့ကြောင့် စစ်ကောင်စီတပ်က သေနတ်ဖောက်၍ ကျောက်ဝိုင်းအတွင်းသို့ အဓမ္မဝင်ရောက်စေခဲ့သည်။

၂၀၂၁ ဒီဇင်ဘာ၂၀ တွင် အဆောက်အအုံတချို့ကို ဝင်ရောက်ဖမ်းဆီးပြီး အရောင်းအဝယ်ပြုလုပ်နေသူ တရုတ်နိုင်ငံသားများ၊ ကျောက်သမားများ ၄၀၀ ကျော်ကို အိုးဘိုထောင်သို့ ပို့ဆောင် အမှုဖွင့်ခဲ့သည်။

၈ လခန့်အကြာတွင် တရုတ်နိုင်ငံသားများ၊ ကျောက်သမားများ လူ၂၀၀ ခန့်ကို ပြန်လွှတ်ပေးခဲ့သည်။ လွတ်မြောက်ရန်အတွက် ငွေအမြောက်အမြားပေးခဲ့ရမည်ဟု ဒေသခံတို့က ယုံကြည်ကြသည်။

ကျောက်လုပ်ငန်းလုပ်သူ ကျန် လူ ၃၀၀ ခန့်ကို ထောင်ဒဏ် ၃ နှစ်အထိချနိုင်သည့် လိုင်စင်မရှိဘဲ ရောင်းဝယ်ခြင်းဆိုင် ရာ မြန်မာကျောက်မျက်ဥပဒေ ပုဒ်မ ၅၁ (ခ)၊ ပူးပေါင်းကြံစည်လျှင်ပင် ထိုပြစ်ဒဏ်သင့်သည်ဟု ရည်ညွှန်းထားသည့် ပုဒ်မ ၅၄ တို့ဖြင့်  ထောင်ချခဲ့သည်။

ဒေသတော်လှန်ရေးအဖွဲ့များကလည်း စစ်ကောင်စီထံ အခွန်ငွေ စီးဆင်းမှု တားဆီးရန် အဆိုပါကျောက်ဝိုင်းကို ဗုံးဆယ်ကြိမ်ထက်မနည်းခွဲ၍ သတိပေးမှုပြုလုပ်ခဲ့ပြီး ကျောက်ဝိုင်းအနီးအစောင့်ရဲ ၂ ဦးကို လုပ်ကြံသတ်ဖြတ်ခဲ့ဖူးသည်။

အရောင်းအဝယ်သမားများကလည်း စစ်ကောင်စီကို ငွေပေးလိုခြင်းမရှိဟု ကျောက်စိမ်းလုပ်ကိုင်သည့် အမျိုးသမီးတစ်ဦးက မှတ်ချက်ပြုသည်။

“ဆန္ဒအရဆိုရင် သူတို့ကို အခွန်မပေးချင်တဲ့သူ၊ ဝင်မလုပ်ချင်ကြတဲ့သူတွေချည်းပါဘဲ။ ဒါပေမဲ့ စားဝတ်နေရေးတွေရှိတော့ တော်လှန်ရေးကလည်း ကြာလာတော့ တောင့်ခံဖို့ ခက်ခဲလာတယ်။ အလုပ်က မဖြစ်၊ နှစ်ဖက်ရန် ကြောက်ရ၊ အခွန်အခတွေ ရင်ဆိုင်ရနဲ့၊ ဒီကာလ အတော်ခက်ခဲကြပါတယ်” ဟု သူက ဆိုသည်။

မန်းလေးကျောက်ဝိုင်းအတွင်း အရောင်းအဝယ်ပြုလုပ်နေသည်ကို ၂၀၁၈ ဒီဇင်ဘာ တတိယပတ်က တွေ့ရစဉ်။ (ဓာတ်ပုံ-Myanmar Now)

Show More

Related Articles

Back to top button