
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ သံလျက်မော် (အရှေ့)ရပ်ကွက်၊ သင်္ဂဇာချောင်းအနီးရှိ ကျောက်မျက်ရောင်းဝယ်ရေးစခန်း ယနေ့ (နိုဝင်ဘာ ၄) မနက် ၆ နာရီခွဲတွင် ပေါက်ကွဲမှုဖြစ်ရာ နယ်ထိန်းရဲတစ်ဦး သေဆုံးခဲ့သည်။
မဟာအောင်မြေကျောက်မျက်ဝိုင်း၏ အနောက်မြောက်ထောင့်၊ ၈၇ လမ်း ၃၉ လမ်းထောင့်တွင် လာရောက်စစ်ဆေးခဲ့သည့် သံ/ရှေ့ အမှတ် (၇) ရဲစခန်းမှ နယ်ထိန်း တပ်ကြပ်ထင်လင်းအောင်နှင့် ဒုရဲအုပ်မြင့်ဇော်ဦးတို့ ကိုင်တွယ်ကြည့်ရှုနေစဉ် ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။
“သူတို့က မသင်္ကာစရာအထုပ်တွေ့လို့ စစ်တာ။ သူတို့စစ်တဲ့အချိန် ပေါက်သွားတာ”ဟု ထိုရပ်ကွက်မှ လုံခြုံရေးအရ အမည်မဖော်လိုသူ မျက်မြင်တစ်ဦးက ဆိုသည်။
တပ်ကြပ်ထင်လင်းအောင်မှာ ညာရင်ညွန့် ဒဏ်ရာရပြီး နေရာမှာပင် သေဆုံးကာ ဒုရဲအုပ်မြင့်ဇော်ဦးမှာ လက်မောင်း၊ နားထင်တို့တွင် အပြင်းအထန်ဒဏ်ရာရသွားကြောင်း၊ သေဆုံးသူ၏ ရုပ်အလောင်းနှင့် ဒဏ်ရာရသူကို မဟာအောင်မြေမြို့နယ် လူမှုရေးကားတစ်စီးက လာရောက်သယ်ဆောင်သွားကြောင်း ၎င်းက ဆက်ပြောသည်။
ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး ပိုမိုသိရှိနိုင်ရန် မန္တလေးရဲတပ်ဖွဲ့ရုံးထံ မေးမြန်းသော်လည်း ဖုန်းကိုင်သည့်အရာရှိက ပြန်လည်ဖြေဆိုခြင်း မရှိပေ။
အဆိုပါ ဖောက်ခွဲတိုက်ခိုက်မှုသည် စစ်ကောင်စီက မန္တလေးကျောက်ဝိုင်း (ခေါ်) ကျောက်မျက်ဈေးကို ပြန်ဖွင့်လှစ်ရန် စာထုတ်ခဲ့ခြင်းအတွက် တုံ့ပြန်ခြင်းဖြစ်သည်ဟု ဖောက်ခွဲခဲ့သည့် ဗမာ့ဇာမဏီအဖွဲ့ (BPO) က ထုတ်ပြန်သည်။
ထို့ပြင် စစ်ကောင်စီ၏ ထောက်တိုင်များဖြစ်သော စစ်ကောင်စီပိုင်စီးပွားရေးလုပ်ငန်းများ၊ သတင်းပေးဒလန်များ၊ စစ်ကောင်စီတပ်သားများ တပ်စွဲထားသော ရပ်/ကျေး အုပ်ချုပ်ရေးမှူးရုံးများကို ဆက်လက်တိုက်ခိုက်သွားမည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
အာဏာသိမ်းအပြီး လအနည်းငယ်အကြာ စစ်ကောင်စီက အခွန်ရရှိစေရန် မဟာအောင်မြေကျောက်ဝိုင်းကို ပြန်လည်ဖွင့်လှစ်ခဲ့ရန် ကြိုးစားခဲ့သော်လည်း ကျောက်သမားအများစုက ဝင်ရောက်လုပ်ကိုင်ရန် ငြင်းဆန်ခဲ့ကြသည်။
ကျောက်သမားများက ကျောက်မျက်စျေးအဆောက်အအုံအတွင်း လုပ်ကိုင်ရန် ငြင်းဆန်ခဲ့ကြသော်လည်း စျေးပြင်ပ သင်္ဂဇာချောင်းဘေးတွင် နေ့စဉ်လုပ်ကိုင်နေကြရာ စျေးအတွင်း၌သာ လုပ်ကိုင်ရန် စစ်ကောင်စီက ခြိမ်းခြောက်၊ ဖိအားပေးထားသည်။
“အဓိကက အခွန်မပေးချင်တာပေါ့၊ စားဝတ်နေရေးအရ မလုပ်လို့ကလည်း မရဘူးလေ။ ဒီတော့ ချောင်းဘေးမှာ ရောင်းကြဝယ်ကြတော့လည်း သူတို့ (စစ်ကောင်စီတပ်) က မကြာခဏလာပစ်တယ်၊ ဖမ်းတယ်၊ ဝိုင်းထဲကို သွင်းတယ်”ဟု ကျောက်မျက်လုပ်ငန်းလုပ်ကိုင်သူ ကိုသက်က ဆိုသည်။
ဆိုင်ခန်းပေါင်း ၁,၀၀၀ ကျော် ရှိပြီး မဟာအောင်မြေကျောက်မျက်ဝိုင်းကို ပြည်တွင်းပြည်ပအရောင်းအဝယ်သမားများ လုပ်ကိုင်နေကြရာ အခွန်ငွေများစွာ နေ့စဉ် ရရှိနိုင်သောကြောင့် စစ်ကောင်စီက ဖွင့်လှစ်စေလိုကြောင်း ဖြစ်နိုင်သည်ဟု ဒေသခံတချို့က ယူဆသည်။
အောက်တိုဘာ ၂၈ ကလည်း မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ သံလျက်မှော်အနောက်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဒုတိယအကြိမ် ပေါက်ကွဲမှုဖြစ်ပွားထားသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)