
စစ်အာဏာသိမ်းမှု ၃ နှစ်ပြည့် နှစ်ပတ်လည် ဖေဖော်ဝါရီ ၁ ရက်နေ့က နိုင်ငံတစ်ဝန်း အသံတိတ်သပိတ် ပြုလုပ်၍ စစ်ကောင်စီကို ဆန့်ကျင်ကြောင်း ပြသခဲ့ကြစဉ် မန္တလေးကျောက်ဝိုင်းမှ ဆိုင်ခန်းပေါင်း ၉၀ ခန့်ကို ထိုနေ့တွင် ဆိုင်ပိတ်ထားမှုဖြင့် စစ်ကောင်စီက အရေးယူလိုက်သည်။
နောက်တစ်နေ့တွင် မဟာအောင်မြေမြို့နယ်၊ ၄၁ လမ်း ၈၇ လမ်းရှိ မဟာအောင်မြေ ကျောက်မျက်ရောင်းဝယ်ရေးစခန်း (ခေါ်) ကျောက်ဝိုင်းမှ ဆိုင်ခန်းရှင်များကို ကျောက်ဝိုင်းအတွင်းရှိ စည်ပင်ရုံးခန်းသို့ ခေါ်ယူကာ ဒဏ်ရိုက်သည်ဟု သိရသည်။
“ဆိုင်ခန်းတစ်ခန်းကို သိန်းဂဏန်းဒဏ်ရိုက်တယ်၊ ၅ သိန်း၊ ၇ သိန်းနဲ့ တချို့ ဆိုင်ခန်းကြီးကြီးတွေဆို သိန်း ၂၀ အထိ ဆောင်ကြရတာတွေရှိတယ်။ ငွေဒဏ်နဲ့မပြီးဘူး ၆ လပိတ်တယ်ဆိုပြီး ခုလိုထပ်အရေးယူတာ” ဟု ကျောက်ဝိုင်းမှ ဆိုင်ခန်းရှင်တစ်ဦးနှင့် နီးစပ်သူ အမျိုးသားက Myanmar Now ကို ပြောသည်။
မန္တလေး၊ မဟာအောင်မြေမြို့နယ် ကျောက်မျက်ရောင်းဝယ်ရေးစခန်းရှိ ဆိုင်များမဖွင့်ဘဲ အသံတိတ်သပိတ်တွင် ပါဝင်နေကြောင်း “Tik Tok” စာမျက်နှာတွင် တင်သူ၏ ဆိုင်သည်လည်း ထိုနေ့တွင်ပင် ချိပ်ပိတ်ခံခဲ့ရသည်။
ထိုဆိုင်မှာ “ထက်ရတနာက ကျောက်မျက်ရောင်းဝယ်ရေး” ဆိုင်ခန်း ဖြစ်သည်၊ မန္တလေးကျောက်ဝိုင်းတွင်သာ အရေးယူခံရခြင်းမှာ စစ်ကောင်စီက ငွေညှစ်ခြင်း၊ ရှက်ရမ်းရမ်းခြင်းသာဖြစ်သည်ဟု ကျောက်မျက်လုပ်ကိုင်သူတစ်ဦးက ပြောသည်။
“ဆိုင်ခန်းတစ်ခန်းကို ငါးသိန်းပဲ ဒဏ်ဆောင်ရတယ် ထားဦး၊ သူတို့အတွက် သိန်းငါးရာနီးပါး ရသွားတယ်၊ ငွေညှစ်ချင်လို့ ကျောက်ဝိုင်းကိုပဲ ရွေးလုပ်တယ် ထင်ပါတယ်၊ အရေးယူချင်ရင် တစ်နိုင်ငံလုံးပဲ” ဟု ပြောသည်။
“လူအများကြီးရှိတဲ့ ကျောက်ဝိုင်းက တိတ်ဆိတ်နေတော့ ပိုသိသာတယ်။ ဒါကို လူမှုကွန်ရက်တင်သူကြောင့် ပေါက်သွားတော့ သူတို့ အရှက်ရတာလည်း ပါတယ်”

တော်လှန်ရေးနှင့် ကျောက်ဝိုင်းရာဇဝင်
စစ်အာဏာသိမ်းမှု ၃ နှစ်မြောက်နေ့တွင် ရုံးချိန်အတွင်း အိမ်နှင့် လုပ်ငန်းခွင်ထဲတွင်သာ နေထိုင်သည့်နည်းဖြင့် စစ်ကောင်စီကိုဆန့်ကျင်ရန် တက်ကြွလှုပ်ရှားသူတို့က ဆော်ဩခဲ့ကြသည်။ ထိုလှုပ်ရှားမှုတွင် ပါဝင်သည့် ကျောက်ဝိုင်းဆိုင်ခန်းရှင်များသာမက ကျောက်ဝိုင်းအနီး လမ်းဘေးဈေးသည်ပါမကျန် စစ်ကောင်စီက လိုက်လံရန်ရှာခဲ့သည်ဟု ကျောက်မျက်ရောင်းဝယ်သူတို့က ဆိုသည်။
ထိုနေ့တွင် ဆိုင်မဖွင့်သည့် လမ်းဘေးဈေးသည်များ၏ စားပွဲခုံများ၊ ကွမ်းယာသည်အချို့၏ ကွမ်းယာခုံ၊ သစ်သီးလှည်း အစရှိသည်တို့ကိုပါ စည်ပင်ကားများဖြင့် သိမ်းယူ တင်ဆောင်သွားကြောင်း၊ နောက်တစ်နေ့တွင် သက်ဆိုင်ရာရပ်ကွက်ရုံးများတွင် သွားရောက်ဖြေရှင်းရကြောင်း ကျောက်ဝိုင်းအနီးနေ အမျိုးသမီးတစ်ဦးက ပြောသည်။
“လေထိုးကျွတ်ဖာလုပ်တဲ့ ကောင်လေးကအစ ရပ်ကွက်ရုံးကို သွားပြီး ခံဝန်ထိုးရတယ်၊ နောက်မလုပ်ပါဘူးဆိုတာမျိုး၊ သူ့ဘာသာ နေမကောင်းလို့ နားတာလည်း သွားပြီးဖြေရှင်းရတယ်။ သင်္ဂဇာချောင်းလမ်း ရပ်ကွက်ရုံးမှာ အဲဒီနေ့က ကြိတ်ကြိတ်တိုးပဲ၊ ဒဏ်ငွေရိုက်ခံရပြီး လက်မှတ်ထိုးကြရတာ” ဟု ယင်းအမျိုးသမီးက ဆိုသည်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို ဆန့်ကျင်ကြရာတွင် မန္တလေးမဟာအောင်မြေကျောက်မျက်ဝိုင်းမှ လူဦးရေသောင်းချီပြီး လမ်းပေါ်ထွက်ခဲ့ကြသည်။ ဆိုင်ခန်းပေါင်း ၁၀၀၀ ကျော်ရှိသည့် ထိုကျောက်ဝိုင်းတွင် ဝင်ထွက်လုပ်ကိုင်နေသူ နိုင်ငံခြားသားများအပါအဝင် နေ့စဉ်လူဦးရေ သောင်းချီ ရှိသည်။
ထိုသူတို့က ဝင်ကြေး၊ ကျောက်မျက်အခွန်၊ ဆိုင်ခန်းခ၊ စည်ပင်ခ၊ မီတာခများ ပေးဆောင်နေကြရပြီး စစ်ကောင်စီသည် အဆိုပါ ကျောက်ဝိုင်းမှ လစဉ် သိန်းရာချီ ရရှိနေသည်။
ထို့ကြောင့် တော်လှန်ရေးသမားများက ထိုကျောက်မျက်ဝိုင်းကို ဝင်ရောက်မလုပ်ကိုင်ကြရန် ဆော်ဩခဲ့ကြသည်။ အာဏာသိမ်းပြီးနောက် ကျောက်သမားများသည် ထိုအဆောက်အအုံတွင်းသို့ မဝင်ရောက်ကြဘဲ ကျောက်ဝိုင်းအနီး သင်္ဂဇာချောင်းဘေးတွင်သာ ရောင်းဝယ်ကြရာ စစ်ကောင်စီက သေနတ်ပစ်ဖောက်ခြိမ်းခြောက်ကာ ဝိုင်းအတွင်း ပြန်ဝင်စေခဲ့သည်။
ဒေသတော်လှန်ရေးအဖွဲ့များကလည်း အဆိုပါ ကျောက်ဝိုင်းကို ဗုံးဆယ်ကြိမ်ထက်မနည်းခွဲ၍ သတိပေးခဲ့သလို ကျောက်ဝိုင်းအနီး အစောင့်ရဲနှစ်ဦးကို လုပ်ကြံသတ်ဖြတ်ခဲ့ဖူးသည်။
စစ်ကောင်စီ၏ ဖိအားပေးမှုကြောင့် ယခုအခါ ထိုကျောက်ဝိုင်းအတွင်း အရောင်းအဝယ်လုပ်ကိုင်ကြသူများနှင့် ပြန်လည်စည်ကားနေပြီဖြစ်သော်လည်း နိုင်ငံရေးအခြေအနေ၊ ဈေးကွက်အခြေအနေကြောင့် ကျောက်သမားတို့ အလုပ်မဖြစ်ကြဟု ဆိုကြသည်။
ထို့ပြင် အသံတိတ်သပိတ်တွင် ပါဝင်သည်ဟု စွပ်စွဲကာ မန္တလေးဒေသခံ ၃ ဦးလည်း အဖမ်းခံခဲ့ရသည်ဟု သိရသည်။
အသက် ၂၀ ကျော်အရွယ် အဝတ်အထည်အရောင်းဆိုင်ဝန်ထမ်း ကိုကျော်ဇောလင်းသည် မန္တလေးရှိ လူသူကင်းမဲ့နေသည့် လမ်းမကြီးများအကြောင်း လူမှုကွန်ရက်တွင် မျှဝေခဲ့မှုဖြင့် ဖေဖော်ဝါရီ ၁ ညနေပိုင်းတွင် ဖမ်းဆီးခံခဲ့ရသည်။
ကျန်နှစ်ဦးမှာ အသက် ၁၇ နှစ်အရွယ် မန္တလေးမြို့ခံအမျိုးသမီးတစ်ဦး၊ မန္တလေးကြက်ခြေနီအသင်းမှ အသက် ၄၀ ကျော်အရွယ် ကိုကျော်စိုးဦးတို့ ဖြစ်သည်။ ယခု သတင်းပေးပို့ချိန်တွင် ထိုသူများ မည်သည့်အခြေအနေရှိနေသည်ကို Myanmar Now က အတည်ပြုနိုင်ခြင်းမရှိသေးပါ။

အသံတိတ်သပိတ်ကို စစ်ကောင်စီ၏ တုံ့ပြန်မှုများ
အသံတိတ်သပိတ်ကို နိုင်ငံအနှံ့မြို့ကြီးများတွင် ပြည်သူအများအပြားက သတ်မှတ်ချိန်အတွင်း လမ်းပေါ်မထွက်သည့်နည်းဖြင့် ပူးပေါင်းပါဝင်ခဲ့ကြသည်ကို အွန်လိုင်းစာမျက်နှာသို့ ဆက်တိုက်ရောက်လာသည့် ဓာတ်ပုံမှတ်တမ်းများတွင် တွေ့ရသည်။
ရန်ကုန်၊ မန္တလေးအပါအဝင် နိုင်ငံတစ်ဝန်းရှိ မြို့ရွာများတွင် ယခင်နေ့များနှင့်မတူဘဲ လူသူကင်းမဲ့နေပုံကို ဖော်ညွှန်းသောပုံများဖြစ်သည်။
စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်တွင်မူ လူစည်ကားရာနေရာများ၌ ပုံမှန်မပျက် သွားလာလှုပ်ရှားမှု ရှိသည်ကို တွေ့ရသည်။ အသံတိတ်သပိတ်ကို တန်ပြန်ရန် စစ်ကောင်စီကလည်း အာဏာသိမ်းမှု ထောက်ခံသူများ ”အမျိုးသားရေး” လှုပ်ရှားသူများကို အသုံးချခဲ့သည်။
စစ်ကောင်စီကို ထောက်ခံသည်ဟုဆိုသော ရာနှင့်ချီသောသူများ ရန်ကုန်မြို့လယ်သို့ အလံထောင် ချီတက်ရောက်ရှိလာပြီး ဟောပြောပွဲများပြုလုပ်ကြသည်။ အတိတ်ကာလ စစ်တပ်၏ စစ်ပွဲအောင်မြင်မှုမှအစ အမျိုးဘာသာသာသနာ စောင့်ရှောက်ရန်အထိ ဟောပြောသည့်နည်းဖြင့် အသံတိတ်သပိတ်အစီအစဉ်ကို တန်ပြန်ခဲ့ကြသည်။
လမ်းမများပေါ်တွင် လူသူကင်းရှင်းသည်အထိ အသံတိတ်နည်းဖြင့် ဆန့်ကျင်သည့်သပိတ်မှောက်မှုကို ၂၀၂၁ တွင်၂ ကြိမ်၊ အာဏာသိမ်းတစ်နှစ်ပြည့် ၂၀၂၂ ဖေဖော်ဝါရီ ၁ နှင့် အာဏာသိမ်း ၂ နှစ်ပြည့် ၂၀၂၃ ဖေဖော်ဝါရီ ၁ တို့တွင် ၁ ကြိမ်စီဖြင့် စုစုပေါင်း ၄ ကြိမ် ကျင်းပခဲ့ဖူးသည်။
ထိုစဉ်ကလည်း ပြည်သူအများအပြား၏ ပူးပေါင်းဆောင်ရွက်မှုကို တွေ့ခဲ့ရသလို စစ်ကောင်စီကလည်း သပိတ်တွင် ပါဝင်သည်ဟု ယူဆရသူများကို ဖမ်းဆီးထောင်ချခဲ့သည်။