
မန္တလေး ကျောက်မျက်ဈေးပြင်ပတွင် အရောင်းအဝယ်ပြုလုပ်မှုစွပ်စွဲချက်နှင့် အဖမ်းခံရသူ ၄၀၀ ဝန်းကျင်ကို ကျောက်မျက်ဥပဒေအရ အရေးယူထားပြီး ထိုအထဲမှ တရုတ်နိုင်ငံသား ၃၀ နီးပါးကို လူဝင်မှုကြီးကြပ်ရေးဥပဒေနှင့်ပါ အရေးယူရန် စစ်ကောင်စီက စီစဉ်နေသည်ဟု တရားရေးအသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။
၎င်းတို့ကို ကျောက်မျက်ကုမ္ပဏီနှစ်ခု၏ ခြံဝင်းအတွင်းမှ ဒီဇင်ဘာ ၂၀ တွင် ဖမ်းဆီးကာ မန္တလေး၊ အိုးဘိုထောင်၌ ချုပ်နှောင်ထားကြောင်း၊ ထိုအမှုများကို မဟာအောင်မြေမြို့နယ်ရှိ အမှတ် ၉ ရဲစခန်းနှင့် အောင်မြေသာစံမြို့နယ်ရှိ အမှတ် ၄ ရဲစခန်းတို့က ကိုင်တွယ်နေကြောင်း တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောသည်။
ထောင် ၃နှစ်အထိချနိုင်သည့် လိုင်စင်မရှိဘဲရောင်းဝယ်ခြင်းဆိုင်ရာ မြန်မာ့ကျောက်မျက်ရတနာဥပဒေ ပုဒ်မ ၅၁ (ခ)၊ ပူးပေါင်းကြံစည်လျှင်ပင် ထိုသို့ ပြစ်ဒဏ်ထိုက်သင့်သည်ဟု ရည်ညွှန်းထားသည့် ပုဒ်မ ၅၄ တို့နှင့် အမှုဖွင့်ထားသည်ဟု ၎င်းထံမှ သိရသည်။
“ရဲစခန်းကတော့ အကြံတောင်း (မည်သည့်ပုဒ်မဖြင့် တရားစွဲသင့်ကြောင်း ဥပဒေရုံး၏ အကြံပြုချက်) မတင်သေးဘူး။ တရုတ်တွေကိုတော့ လဝကအက်ဥပဒေနဲ့ရော ထပ်ဖွင့်ဖို့ရှိတယ်လို့ ကြားတယ်။ လက်ရှိမှာတော့ အမှု ၂ ခုပဲ ဖွင့်ထားသေးတယ်” ဟု ၎င်းက ပြောသည်။
အမှုအခြေအနေနှင့် ပတ်သက်ပြီး မန္တလေးမှ မိသားစုဝင်အချို့ထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း မှတ်ချက်ပြုလိုကြခြင်း မရှိပေ။ ထို့အတူ မန္တလေးမြို့တရုတ်ကောင်စစ်ဝန်ရုံး၊ အမှတ် ၉ နှင့် အမှတ် ၄ ရဲစခန်းတို့ကို မေးမြန်းနိုင်ခြင်းလည်း မရှိသေးပါ။
ထိုအမှုများ၏ ပထမဆုံးရုံးချိန်းကို ဇန်နဝါရီ ၅ တွင် မန္တလေး အိုးဘိုထောင်အတွင်း၌ပင် ပြုလုပ်ရန် စစ်ကောင်စီက စီစဉ်နေသည်ဟု အထက်ပါ သတင်းရင်းမြစ်၏ ပြောဆိုချက်အရ သိရသည်။
စစ်ကောင်စီ အခွန်ရနိုင်သည့် ကျောက်မျက်ဈေးတွင် ရောင်းဝယ်ခြင်းမပြုဘဲ ပြင်ပ၌ လုပ်ကိုင်နေသူများကို ထိုသို့ အလုံးအရင်းဖမ်းဆီးပြီးနောက် တစ်ပတ်အကြာတွင် မန္တလေးမြို့ မဟာအောင်မြေမြို့နယ်ရှိ ၈၈ လမ်း (လမ်း ၄၀ နှင့် ၄၁ လမ်း) ကြားရှိ စစ်ကောင်စီ၏ ကျောက်မျက်ဈေး ပြန်လည်အသက်ဝင်လာသည်ကို မျက်မြင်တွေ့ရသည်။
ပြင်ပ၌ ရောင်းဝယ်လျှင် ထပ်မံဖမ်းဆီးခံရမည်ကို စိုးရိမ်သဖြင့် ကျောက်မျက်ဈေးအတွင်း လူဦးရေ ထောင်ချီ၍ ပြန်လည်ဝင်ရောက်လုပ်ကိုင်နေရကြောင်း၊ ဆိုင်ခန်းမဖွင့်ဘဲနေသူများလည်းရှိကြောင်း ထိုအလုပ်ဖြင့် အသက်မွေးသူနှစ်ဦးထံမှ သိရသည်။
“ဖြစ်နိုင်ရင်တော့ မဝင်ချင်ဘူးပေါ့။ အပြင်မှာပဲ အခွန်မပေးဘဲလုပ်ချင်တယ်။ ဒါပေမဲ့ စားဝတ်နေရေးက ရှိသေးတယ်။ အလုပ်မဖြစ်ကြတာက နှစ်နှစ်ကျော်ပြီလေ။ ဒီအတိုင်းဆက်ပြီးနေနေရင် ဘာနဲ့သွားစားရမှာလဲ” ဟု ၎င်းက ပြောသည်။
“တစ်နေ့ပွဲတည့်မှ ပွဲခနဲ့စားရသောက်ရတဲ့ ပွဲစားလေးတွေဆို ပိုလို့သနားဖို့ကောင်းတယ်”
တရုတ်နိုင်ငံစျေးကွက်သို့ အွန်လိုင်းစနစ်မှ ချိတ်ဆက်ရောင်းဝယ်ကြသည့် အဓိကဝယ်လက် တရုတ်ကုန်သည်များ အဖမ်းခံရမည် စိုးရိမ်သဖြင့် ဈေးအတွင်းသို့ ပြန်လည်ဝင်ရောက်သွားခြင်းမှာ ကျောက်မျက်ဈေး ပြန်လည်စည်ကားလာရသည့် အဓိကအကြောင်းရင်းဖြစ်ကြောင်း လန်ဒန်ဝင်းရပ်ရှိ ကျောက်ပွဲစားအမျိုးသားတစ်ဦးက ပြောသည်။
“တရုတ်ကုန်သည်ကြီးတွေက စဝင်တော့လည်း ပွဲစားတွေက လိုက်ဝင်ရတာပဲ။ ဒီနေ့ဆို ဝင်လုပ်ကိုင်ကြသူ ထောင်ချီတယ်”ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ထိုပွဲစားက ပြောသည်။
ပစ်ခတ်၊ သတ်ဖြတ်ရန် လက်ယဉ်နေသည့် အာဏာသိမ်းစစ်ကောင်စီတပ်က ပြင်ပတွင် ရောင်းဝယ်လျှင် ဖမ်းဆီးမည်ဟု ခြိမ်းခြောက်နေချိန်တွင် အာဏာသိမ်းမှုဆန့်ကျင်တော်လှန်သူတချို့ကမူ စစ်ကောင်စီ အခွန်ရစေမည့်နေရာကို ရှောင်ကြရန် တိုက်တွန်းနေရာ ကျောက်သမားတို့က နှစ်ဖက်လုံးကို ကြောက်နေရသည်ဟု ထိုသူက ဆက်ပြောသည်။
“တကယ်ဆို ကျွန်တော်တို့လည်း စစ်အာဏာရှင်ကို မလိုလားပါဘူး။ မတတ်သာလို့ပါ”ဟု ၎င်းက ဆိုသည်။

ဆိုင်ခန်းပေါင်း ၁၀၀၀ ကျော်ရှိသည့် ထိုကျောက်မျက်ဈေးအတွင်း ထိုင်ခုံချ၍ လုပ်ကိုင်ရုံမျှဖြင့် တစ်ရက် ကျပ် ၂၅၀၊ ဆိုင်ခန်းငှားလျှင် တစ်လ ကျပ် ၅၀,၀၀၀ နှင့် မီတာခ၊ တရုတ်နိုင်ငံသားတစ်ဦး ဈေးအတွင်းသို့ ဝင်လျှင် ကျပ် ၂၀၀၀ ကောက်ခံကြောင်း ဆိုင်ခန်းပိုင်ရှင်တစ်ဦးထံမှ သိရသည်။
“အရင်က နေ့စဉ် တရုတ်တွေ နိုင်ငံခြားသားတွေလည်း ရာချီပြီး ဝင်ကြတယ်။ မြန်မာကျောက်သမားက နေ့စဉ် သောင်းချီ ဝင်ရောက်လုပ်ကိုင်ကြတယ်”ဟု ၎င်းက ပြောသည်။
ဖေဖော်ဝါရီ ၁ တွင် အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းထားသည့် စစ်ကောင်စီကို ဆန့်ကျင်ကြောင်း နေ့စဉ်နှင့်အမျှ လှုပ်ရှားမှုမျိုးစုံဖြင့် ပြသနေသူများထဲတွင် မန္တလေးမှ ကျောက်မျက်ဖြင့်အသက်မွေးသူများလည်း အပါအဝင်ဖြစ်သည်။
အရပ်သားအစိုးရလက်ထက် ကိုဗစ်နိုင်တင်းကပ်ရောဂါကြောင့် ပိတ်ထားသည့် ထိုကျောက်မျက်ဈေးကို အာဏာသိမ်းပြီး မကြာမီတွင် စစ်ကောင်စီက ပြန်လည်ဖွင့်လှစ်ခဲ့သော်လည်း အခွန်ငွေပေးရမည်စိုး၍ ကျောက်သမားအများစုက သပိတ်မှောက်ကာ ပြင်ပ၌သာ ရောင်းဝယ်နေခဲ့ကြသည်။
ထိုအခြေအနေတွင် စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်အချို့က ပြင်ပ၌ ဆက်ရောင်းလျှင် ပစ်သတ်မည်ဟုပင် ခြိမ်းခြောက်ထားကြောင်း အထက်ပါ သတင်းရင်းမြစ်အချို့ထံမှ သိရသည်။ သီးခြားအတည်ပြုနိုင်ခြင်း မရှိပေ။
ငြိမ်းချမ်းစွာ ဆန္ဒပြသည်ကိုပင် သေနတ်ဖြင့်ပစ်၊ ကားဖြင့်တိုက်သည့် စစ်ကောင်စီကို ခုခံနေသည့် မန္တလေးမြို့အခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (PDF) အချို့ကလည်း စစ်ကောင်စီ၏ ကျောက်မျက်ဈေးကို ဗုံးဖြင့် ၅ ကြိမ်ထက်မနည်း တိုက်ခိုက်ဖူးသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)