သတင်း

မန္တလေးကျောက်သမား ၃၀၀ ခန့် ထောင်တွင် အမှုဆက်ရင်ဆိုင်နေရ

ကျောက်မျက်ဈေးပြင်ပတွင် အရောင်းအဝယ်ပြုလုပ်မှုစွပ်စွဲချက် ဖမ်းဆီးခံရသည့် မန္တလေး မြို့မှ ကျောက်သမား  ၃၀၀ ကျော်ခန့်မှာ အချိန် ၇ လကျော်ကြာသည်အထိ အမှု ဆက်လက်ရင်ဆိုင်နေရဆဲ ဖြစ်သည်။

ယမန်နှစ် ဒီဇင်ဘာ ၂၀ တွင် ကျောက်မျက်ကုမ္ပဏီနှစ်ခု၏ခြံဝင်းအတွင်း အရောင်းအဝယ်ပြုလုပ်နေသော ကျောက်သမား ၅၀၀ ခန့်ကို စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးခဲ့ပြီး အိုးဘိုထောင်သို့ ပို့ဆောင်လိုက်ကာ တစ်လကျော်အကြာတွင် တရုတ်နိုင်ငံသားများနှင့် ကျောက်သမား ၂၀၀ ဝန်းကျင်ခန့် ပြန်လွတ်လာကြသည်။

ဆက်လက် ဖမ်းခံထားရသူ ၃၀၀ ဝန်းကျင်မှာ ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်သည့် လိုင်စင်မရှိဘဲ ရောင်းဝယ်ခြင်းဆိုင်ရာ မြန်မာကျောက်မျက်ရတနာဥပဒေ ၅၁ (ခ)၊ ပူးပေါင်းကြံစည်လျှင်ပင် ထိုသို့ပြစ်ဒဏ်ထိုက်သင့်သည်ဟု ရည်ညွှန်းထားသည့် ပုဒ်မ ၅၄ တို့နှင့် အမှုဖွင့်ခံထားရသည်။

“စဖမ်းတုန်းက ၅၀၀ လောက် ဖမ်းခံရတာ။ အဲဒီကနေ တစ်လကျော်ကြာတော့ ပစ္စည်းမပါတဲ့သူတွေကို လွှတ်ပေးတယ်။ တရုတ်တွေကို လွှတ်ပေးတယ်။ ကျွန်မအမျိုးသားက ပွဲစား၊ ပစ္စည်းပါလို့ဆိုပြီး လွှတ်မပေးဘူး။ တွေ့ခွင့်လည်း မရဘူး” ဟု ဖမ်းဆီးခံ ကျောက်သမားတစ်ဦး၏ ဇနီးဖြစ်သူက Myanmar Now ကို ပြောသည်။

“ကျွန်မတို့မှာ သူ့လုပ်စာနဲ့ စားသောက်နေရတော့ အရမ်းဒုက္ခရောက်နေရပါတယ်။ ၇ လတောင် ကြာပြီဆိုတော့ အမိန့်ချရင်လည်း ချ၊ ဒါမှ မျှော်လင့်ချက်ရှိဦးမယ်။ အဲဒီလို ပြတ်ပြတ်သားသား သိချင်တာ” 

ဖမ်းဆီးခံရစဉ်က လက်ထဲတွင် ကျောက်မျက်ပစ္စည်းရှိသူ ဆိုပါက အမှုဖွင့်ခံရနိုင်သည်ဟု မန္တလေးမြို့မှ ရှေ့နေတစ်ဦးက ဆိုသည်။

“တရုတ်တွေကိုတော့ အကုန်လုံးလွှတ်ပေးလိုက်ပြီ။ သူတို့ပြောတာတော့ ကျောက် လက်ဝယ်မတွေ့သူတွေကို လွှတ်ပေးတယ်ပေါ့။ မြန်မာကျောက်သမား ၃၀၀ လောက်ကတော့ ဆက်ရင်ဆိုင်နေရတုန်း။ အမှုက မစစ်တာ မဟုတ်ဘူး စစ်တယ်။ လူကများတော့ အမှုက ရှေ့မရောက်ဘူး။ အလုပ်မဖြစ်တာပေါ့။ တရားခံပြ စစ်ဆေးတဲ့အပိုင်းကိုတော့ ရောက်သွားပါပြီ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူရှေ့နေက ပြောသည်။

“သူတို့ကဗျာ ခန္ဓာကိုယ်မှာ ဆွဲကြိုးတွေ၊ လက်ကောက်တွေဘာတွေ ဝတ်ထားရင်တောင် ကျောက်လက်ဝယ်တွေ့ပါတယ်ဆိုပြီး အမှုဖွင့်ထားတာ။ ပြန်မလွှတ်ဘူး”

ကျောက်သမားတို့က စစ်ကောင်စီအတွက် အခွန်များစွာရရှိသည့် ကျောက်မျက်ဈေးတွင် ရောင်းဝယ်ခြင်းမပြုဘဲ ပြင်ပ၌ ရောင်းဝယ်လုပ်ကိုင်နေရာမှ စစ်ကောင်စီတပ်က ထိုသို့ ရာနှင့်ချီ ဖမ်းဆီးခြင်း ဖြစ်သည်။

လာဘ်ထိုးနိုင်ပါက ပြန်လွတ်နိုင်သည့် အလားအလာရှိသည်ဟု ပြန်လည်လွတ်မြောက်လာသည့် ကျောက်ပွဲစားလူငယ်တစ်ဦးက ပြောသည်။ 

“ငွေတတ်နိုင်တဲ့ သူတွေ၊ ပိုက်ဆံပေးလိုက်တဲ့သူတွေ လွတ်တာပေါ့။ ကျွန်တော်တို့လည်း ခွံ့ခဲ့ရတာပေါ့။ တချို့ကျ ကိုယ်တိုင် တစ်နေ့လုပ်မှ တစ်နေ့စား၊ ပွဲစားလေးတွေ၊ မိသားစုကလည်း မတတ်နိုင်ဘူး၊ ဒီတော့ မလွတ်လာဘူး” ဟု ၎င်းက ဆိုသည်။

“စစ်ကြောရေးကို မပို့စေချင်ရင် ဘယ်လောက်၊ အလုပ်မလုပ်ချင်ရင် ဘယ်လောက်ဆိုပြီး ဖွင့်တောင်းတာတွေလည်းရှိတယ်။ ကျွန်တော့်သူငယ်ချင်းဆို သိန်းဆယ်ဂဏန်းလည်း ပေးရတယ်။ အခုထိလည်း မလွတ်လာဘူး။ အဲဒီလိုတွေလည်းရှိတယ်”  

မည်သည့်ဌာနမှ ဝန်ထမ်း၊ အရာရှိတို့ကို မည်မျှပေးရကြောင်း ထိုသူက တိတိကျကျပြောဆိုခြင်း မရှိပေ။

ထိုသို့ ကျောက်သမားများကို အလုံးအရင်းဖြင့် ဖမ်းဆီးပြီးနောက် ရက်သတ္တပတ် တစ်ပတ်အကြာမှစ၍ မန္တလေးမြို့ မဟာအောင်မြေမြို့နယ်ရှိ ကျောက်မျက်ဝိုင်းသည် ပြန်လည်စည်ကားလာခဲ့သည်ကို မြင်တွေ့ရကြောင်း မြို့ခံများက ဆိုသည်။

ပြင်ပ၌ ရောင်းဝယ်လျှင် ဖမ်းဆီးခံရမည်ကို စိုးရိမ်သဖြင့် ကျောက်မျက်ဈေးအတွင်း လူဦးရေထောင်ချီ ပြန်လည်ဝင်ရောက်လုပ်ကိုင်ကြောင်း၊ ဆိုင်ခန်းမဖွင့်ဘဲ သပိတ်မှောက်ထားသူများလည်း ရှိကြောင်း ကျောက်မျက်အရောင်းအဝယ်လုပ်သူနှစ်ဦးက ထိုစဉ်က ပြောဆိုထားသည်။

“ဖြစ်နိုင်ရင် (ဈေးထဲ) မဝင်ချင်ဘူးပေါ့။ အပြင်မှာပဲ အခွန်မပေးဘဲ လုပ်ချင်တယ်။ ဒါပေမဲ့ စားဝတ်နေရေးက ရှိသေးတယ်။ အလုပ်မဖြစ်ကြတာ နှစ်နှစ်ကျော်ပြီလေ။ ဒီအတိုင်းဆက်ပြီးနေရင် ဘာနဲ့သွားစားရမှာလဲ” ဟု ဆိုသည်။

၂၀၂၀ အတွင်း ကိုဗစ်နိုင်တင်းကပ်ရောဂါကြောင့် ကျောက်မျက်ဈေး ပိတ်လိုက်ရပြီး ၂၀၂၁ တွင် စစ်အာဏာသိမ်းမှုကြောင့် ဈေးဆက်ပိတ်ထားခဲ့ခြင်းကို ၎င်းက ရည်ညွှန်းပြောဆိုသည်။ 

၂၀၂၂ ခုနှစ်အထိ ဆိုင်ခန်းပေါင်း ၁၀၀၀ ကျော်ရှိပြီး ကျောက်သမား ထောင်ချီ နေ့စဉ် ဝင်ထွက်လုပ်ကိုင်နေသော ထိုကျောက်မျက်ဈေးအတွင်း ထိုင်ခုံချ၍ လုပ်ကိုင်လျှင် ဆိုင်ခန်းရှင်ကို ကျပ်ငါးသောင်း၊ စည်ပင်သာယာဌာနကို ကျပ်၂၅၀ ပေးရကြောင်း၊ ဆိုင်ခန်းရှင်များက စည်ပင်သာယာဌာနကို ဆိုင်ခန်းခ တစ်လလျှင် နှစ်သောင်းကျပ်နှင့် မီတာခ သွင်းရကြောင်း၊ တရုတ်နိုင်ငံသားတစ်ဦး ဈေးအတွင်း ဝင်ရောက်လျှင် ကျပ်၂၀၀၀ ကောက်ခံကြောင်း ကျောက်မျက်လုပ်ကိုင်သူများထံမှ သိရသည်။

“အရင်က တရုတ်တွေ၊ နိုင်ငံခြားသားတွေက ရာချီပြီး ဝင်ကြတယ်။ မြန်မာကျောက်သမားက သောင်းချီပြီး ဝင်တယ်“ ဟု အထက်ပါကျောက်သမားက ပြောပြသည်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ကျောက်မျက်ဈေး ပြန်ဖွင့်ခဲ့သော်လည်း စစ်ကောင်စီကို အခွန်ငွေ ပေးရမည်စိုး၍ ကျောက်သမားအများစုက သပိတ်မှောက်ကာ ကျောက်မျက်ဈေးပြင်ပ ချောင်းဘေးတွင်သာ အရောင်းအဝယ်လုပ်ကိုင်ခဲ့ကြသည်။

ထိုအခြေအနေတွင် စစ်ကောင်စီက ပြင်ပ၌ လုပ်ကိုင်လျှင် သတ်ပစ်မည်ဟု ခြိမ်းခြောက်သလို၊ ချောင်းဘေး လုပ်ကိုင်နေသူများကို သေနတ်ပစ်ဖောက်၍ ဈေးအတွင်း အတင်းအကျပ်ဝင်ခိုင်းခြင်းခဲ့သည်။

ကျောက်မျက်သမားတို့ စုဝေးကြသော နေအိမ်ခြံဝင်များးတွင် ကျောက်သမားများက ဆက်လက် ဝင်ထွက် လုပ်ကိုင်ခဲ့ကြရာ စစ်ကောင်စီတပ်က ခြံတချို့တွင် ဝင်ဖမ်းသည့်နည်းဖြင့် ကျောက်မျက်ဈေးအတွင်း လူပြန်ရောက်ရန် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button