သတင်း

ပိတ်ဆို့မှုများကြောင့် စစ်ကောင်စီ ကျောက်မျက်ရောင်းပွဲ ငွေပေးချေမှု အခက်အခဲတွေ့နေ

ကျောက်မျက်အဓိကဝယ်လက် တရုတ်လုပ်ငန်းရှင်တို့က ကျောက်ဖိုးငွေ လွှဲပြောင်းပေးချေရာတွင် စင်ကာပူဘဏ်များကို အဓိကသုံးစွဲကြရာ ပိတ်ဆို့မှုကြောင့် အခက်တွေ့နိုင်သည်ဟု ဆိုသည်။

အနောက်နိုင်ငံများ၏ အရေးယူပိတ်ဆို့မှုနှင့် စင်ကာပူဘဏ်များက မြန်မာနှင့် ဆိုင်သည့် ငွေပေးချေမှုကို ကန့်သတ်ပိတ်ပင်လိုက်ခြင်းကြောင့် စစ်ကောင်စီအတွက် ဒေါ်လာ၊ ကျပ်ငွေတို့ဖြင့် ရောင်းချရန် စီစဉ်နေသည့် ကျောက်မျက်ရောင်းချပွဲတွင် ငွေပေးချေရန် အခက်အခဲဖြစ်နေကြောင်း ကျောက်မျက်လုပ်ငန်းရှင်များက ပြောသည်။

ပြည်တွင်းကျောက်မျက်ပြပွဲများတွင် တရုတ်ကုန်သည်များက အများဆုံးဝယ်ယူပြီး ကျောက်ဖိုးအတွက် ငွေပေးချေရာတွင် စင်ကာပူဘဏ်များကိုသာ အဓိကအသုံးပြုကြောင်း ကျောက်မျက်လုပ်ငန်းရှင်များထံမှ သိရသည်။

နှစ်စဉ်ပြုလုပ်သည့် နှစ်လယ်ကျောက်မျက်ရောင်းချပွဲကို ယခုနှစ် အောက်တိုဘာ ၂၀ မှ ၂၈ ရက်အထိ နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမတွင် ပြုလုပ်ရန် စီစဉ်ထားသည်။ ပြပွဲမှတစ်ဆင့် ရောင်းချမှုများအတွက် ငွေပေးချေရာတွင် ပိတ်ဆို့မှုများကို ကျော်လွှားနိုင်ရန် စစ်ကောင်စီက ခက်ခက်ခဲခဲ ဖြေရှင်းနေရကြောင်း နေပြည်တော်မှ အမည်မဖော်လိုသည့် ကျောက်မျက်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

“စင်ကာပူဘက်ကနေ ဘဏ်ပိတ်ဆို့တာဖြစ်တဲ့အတွက် တော်တော်လေး အကျပ်အတည်းဖြစ်သွားတယ်။ ထိုင်းဘတ်ငွေဘာတွေနဲ့ လက်ခံရလောက်တဲ့အထိ ဖြစ်သွားတယ်။ ပြီးရင် ယူရိုငွေလည်း ဈေးကွက်ထဲမှာ မရှိတဲ့အတွက် ဒေါ်လာပြန်ကဲ့ယူတဲ့သဘောပေါ့။ ဒေါ်လာရှိသေးလား။ ရှိသေးရင် ဒေါ်လာရှာပြီးတော့ ကျောက်ဖိုးသွင်းဆိုတဲ့သဘောပေါ့။ အရမ်းကြီး အဆင်ပြေတာတော့ မဟုတ်ဘူး။ အခက်အခဲကတော့ တော်တော်ဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

ဒေါ်လာဖြင့် ရောင်းသည့် ပြည်တွင်းကုန်သည်များက ကျောက်မျက်ကို ဝယ်ယူလိုပါက ဈေးကွက်ထဲတွင် ဒေါ်လာများလိုက်ဝယ်ကာ ကျောက်ဖိုးငွေပေးချေသဖြင့် ပြည်တွင်း၌ လည်ပတ်နေသော ဒေါ်လာများကို စစ်ကောင်စီက ပစ်မှတ်ထားနေခြင်းဖြစ်သည်။

၂၀၂၂ ဧပြီလအတွင်းက နေပြည်တော်တွင် ပြုလုပ်သည့် (၅၇) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲမှ ကုန်သည်များ (ဓာတ်ပုံ – စစ်ကောင်စီပြန်ကြားရေး)

ပြီးခဲ့သည့် မတ်လတွင် ယူရိုငွေဖြင့် ကျောက်မျက်ရောင်းချပွဲပြလုပ်ကာ ပြည်တွင်းဈေးကွက်အတွင်းရှိ ယူရိုငွေများကို သဲ့ယူလိုက်ခြင်းကြောင့် ယူရိုငွေရှားပါးသွားသဖြင့် ယခုတစ်ကြိမ်တွင် ကြမ်းခင်းဈေးကို အမေရိကန်ဒေါ်လာ၊ မြန်မာကျပ်ငွေတို့ဖြင့် ပြောင်းလဲသတ်မှတ်ခဲ့ကြောင်း ၎င်းက ဆိုသည်။

ပုံမှန်အားဖြင့် အောက်တိုဘာတွင် ကျပ်ငွေဖြင့် ရောင်းချလေ့ရှိသော်လည်း ဒေါ်လာလိုအပ်နေခြင်းကြောင့် ကျောက်အတွဲပေါင်း ၅၀၀ ကို ဒေါ်လာဖြင့် ရောင်းချမည်ဖြစ်ပြီး ထိုင်းဘတ်၊ ယွမ်တို့ဖြင့်လည်း လက်ခံမည်ဖြစ်ကာ ပြည်ပကုန်သည်များအတွက် စစ်ကောင်စီက တရုတ်တွင် ဘဏ်အကောင့်သစ်ဖွင့်ထားသည်ဟု သတင်းထွက်နေကြောင်း ထိုသူက ဆက်ပြောသည်။

“တရုတ်နိုင်ငံမှာ ဘဏ်အကောင့်တစ်ခု ဖွင့်ထားတယ်လို့ ပြောတယ်။ တရုတ်ပြည်ထဲမှာပေါ့နော်။ သူတို့ ဘယ်လိုပုံစံနဲ့ အသေးစိတ်လုပ်ဆောင်မလဲဆိုတာ မပြောတတ်ဘူး။ သူတို့ဖွင့်ထားတဲ့အကောင့်ထဲကို တရုတ်ငွေလွှဲပေးရင် ဒီဘက်က ကျောက်ကို ထုတ်ပေးမလား။ အဲ့ဒီစနစ်ကို အတိအကျ မသိရသေးဘူး။ ကျောက်ထုတ်ကာလမှပဲ စုံစမ်းလို့ရမယ်” ဟု သူက ဆိုသည်။

နိုင်ငံခြားငွေကြေးနှင့် ပတ်သက်၍ အခရာအကျဆုံးဖြစ်သည့် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို ဇွန် ၁၂ တွင် အမေရိကန်အစိုးရက အရေးယူပိတ်ဆို့ခဲ့ပြီးနောက် စင်ကာပူနှင့် ဘင်္ဂလားဒေ့ရှ်တို့က မြန်မာနှင့် ဘဏ်လုပ်ငန်းအဆက်အသွယ် ကန့်သတ်လာခြင်းဖြစ်သည်။

ဘက်ပေါင်းစုံပိတ်ဆို့မှုကြောင့် အာဏာသိမ်း စစ်ကောင်စီလက်ထက် ကျောက်မျက်ရောင်းချရာတွင် သတ်မှတ်ငွေအမျိုးအစားကို တရားသေကိုင်စွဲမရတော့သည့် အခြေအနေဖြစ်လာကြောင်း နေပြည်တော်ရှိ ကျောက်မျက်ကုမ္ပဏီတစ်ခုမှ ဝန်ထမ်းတစ်ဦးက ဆိုသည်။

“ခုနောက်ပိုင်း တရုတ်ယွမ်လည်း လက်ခံတယ်။ ထိုင်းဘတ်လည်း လက်ခံတယ်။ အကုန်လုံးပေါ့ဗျာ။ Exchange Rate နဲ့ တွက်ပြီးတော့ လက်ခံတယ်။ တိုက်ရိုက်ပေးရင်လည်း ရတယ်။ အရင်လို ဒါမှဒါ မဟုတ်တော့ဘူး” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီလက်ထက်တွင် ကျောက်မျက်ပြပွဲများပြုလုပ်နေသော်လည်း ကျောက်ကောင်းရှားပါးသလို တရုတ်ကုန်သည်ဝင်ရောက်မှုမှာ အရပ်သားအစိုးရလက်ထက်ကထက် နည်းသွားကြောင်း ထိုသူက ဆိုသည်။

၂၀၂၂ ဧပြီလအတွင်းက နေပြည်တော်တွင် ပြုလုပ်သည့် (၅၇) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲမှ ကုန်သည်များ (ဓာတ်ပုံ – စစ်ကောင်စီပြန်ကြားရေး)

အမေရိကန်ဒေါ်လာဖြင့် စျေးနှုန်းသတ်မှတ်ထားသည့် ကျောက်မျက်များကို ဒေါ်လာ၊ ယူရို၊ ဘတ်နှင့် ယွမ်တို့ဖြင့် ဖလှယ်ပေးချေနိုင်ပြီး စစ်ကောင်စီသတ်မှတ်ထားသည့် ငွေလဲနှုန်းဖြင့် တွက်ချက်မည်ဟု ယခုလဆန်းတွင် မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း (MGE) က ထုတ်ပြန်ကြေညာထားသည်။

ကျောက်ဖိုးကို နေပြည်တော် မြန်မာ့စီးပွားရေးဘဏ်၊ ထိုဘဏ်နှင့် ချိတ်ထားသော ပြည်ပဘဏ်များက ကြေးနန်းငွေလွှဲပို့စနစ်၊ SWIFT အပြည်ပြည်ဆိုင်ရာငွေလွှဲပို့စနစ်တို့ဖြင့် လွှဲပြောင်းပေးချေနိုင်သည်ဟု ထိုထုတ်ပြန်ချက်တွင် တွေ့ရသည်။

မြန်မာ့စီးပွားရေးဘဏ် (MEB) သည် နိုင်ငံခြားဘဏ်အဆက်အသွယ် ၆၉ ခုရှိပြီး စင်ကာပူ၊ ထိုင်း၊ တရုတ်၊ မလေးရှား၊ ဂျပန်၊ အန္ဒိယ၊ ဘင်္ဂလားဒေရှ့် ဘဏ် ၂၁ ခုတွင် နိုင်ငံခြားဘဏ်စာရင်းများဖွင့်ထားကြောင်း ထိုဘဏ်၏ ဝက်ဆိုက်တွင် ဖော်ပြထားသည်။

ကျောက်ဖိုးငွေပေးချေမှုများနှင့် ပတ်သက်၍ စစ်ကောင်စီ၏ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြောခွင့်ရ ဒုတိယအတွင်းဝန် ဦးကျော်ဇောနှင့် ဒေါက်တာအောင်သူရိန်ဝင်းတို့ကို Myanmar Now က ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိပါ။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ ဘဏ္ဍာငွေလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် MGE က နေပြည်တော်၌ နိုင်ငံခြားငွေ၊ ကျပ်ငွေတို့ဖြင့် ရောင်းချသည့် ကျောက်မျက်ရတနာရောင်းချပွဲများ ပြုလုပ်နေပြီး ကျောက်မျက်လုပ်ငန်းလိုင်စင်ကြေးကို လာမည့် ၂၀၂၄ နှစ်ဆန်းမှစကာ ၆ ဆကျော် တိုးမြှင့်ကောက်ခံရန် စီစဉ်ထားသည်။

စစ်ကောင်စီလက်အောက်ခံ MGE ကို အမေရိကန်၊ ဗြိတိန်နှင့် ဥရောပသမဂ္ဂတို့က ၂၀၂၁ ခုနှစ်အတွင်း ပိတ်ဆို့ အရေးယူခဲ့သည်။

ဗြိတိန်နိုင်ငံအခြေအစိုက် Global Witness ၏ ၂၀၂၁ ခုနှစ်ထုတ် အစီရင်ခံစာတစ်စောင်အရ နိုင်ငံပိုင် မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းသည် နှစ်စဉ် အမေရိကန်ဒေါ်လာ ၃၄၆ သန်းမှ ၄၁၅ သန်းကြား ရရှိနိုင်သည်၊ တရားမဝင်တူးဖော်မှုများကိုပါ ထည့်တွက်မည်ဆိုပါက နှစ်စဉ် ပျမ်းမျှ ဒေါ်လာ ၂ ဘီလျံအထိ ရရှိနိုင်သည်ဟု ဆိုသည်။

သယံဇာတများကို လက်ဝါးကြီးအုပ်ကာ စစ်လက်နက်တပ်ဆင်ရန် အသုံးချနေသည့်အတွက် ရေနံနှင့် သဘာဝဓာတ်ငွေ့ အပါအဝင် နိုင်ငံတကာသို့ ကျောက်မျက်ရတနာရောင်းဝယ်ခြင်းကို ပိတ်ဆို့တားဆီးရန် အမျိုးသားညီညွတ်ရေးအစိုးရနှင့် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများက အစဉ်တစိုက် တောင်းဆိုနေသည်။

ထို့ပြင် ပုဂ္ဂလိကထိပ်သီးကျောက်မျက်လုပ်ငန်းရှင်များပါဝင်သည့် ကျောက်မျက်ရတနာအသင်းသည် အများအကျိုးထက် စစ်ကောင်စီကို တရားဝင်မှုနှင့် ငွေကြေးတစ်နည်းတစ်ဖုံ ပံ့ပိုးနေ၍ ဖျက်သိမ်းကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက စက်တင်ဘာ ၁၇ တွင် သတင်းထုတ်ပြန်ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button