
နေပြည်တော်တွင် ပြုလုပ်နေသည့် ကျောက်မျက်ရတနာပြပွဲမှာ ယခင်က ကြိတ်ကြိတ်တိုး စည်ကားလေ့ရှိသော်လည်း စစ်ကောင်စီလက်ထက်တွင် ဖွင့်ပွဲနေ့၌ပင် ရောင်းသူဝယ်သူ ခြောက်ကပ်နေသည်။
မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နေပြည်တော် မဏိရတနာ ကျောက်စိမ်းခန်းမတွင် အောက်တိုဘာ ၁၉ မှ ၂၅ ထိ ကျင်းပမည်ဖြစ်ကာ ဈေးအမြင့်ဆုံးကျောက်မှာ ယူရို ၃,၅၀၀,၀၀၀ ဖြစ်သည်။
နိုင်ငံတကာအကြိုက် ပုလဲကို အမေရိကန်ဒေါ်လာ၊ တရုတ်အကြိုက် ကျောက်စိမ်းနှင့် ကျောက်မျက်အတွဲများကို ယူရိုဖြင့် ရောင်းမည်၊ ပြည်တွင်းကုန်သည်တို့က ကျပ်ငွေဖြင့် ဝယ်နိုင်သည်ဟု စစ်ကောင်စီက ဆိုထားသည်။
အာဏာမသိမ်းမီ ကျောက်မျက်ပြပွဲများတွင် ကုန်သည် ၂၀၀၀ နီးပါး တက်ရောက်ဝယ်ယူ လေ့ရှိသော်လည်း ယခုပြပွဲ ပထမနေ့တွင် ကုန်သည် ၂၀၀ ဝန်းကျင်သာရှိကြောင်း၊ တက်ရောက်သူ အများစုမှာ ပြည်တွင်းမှဖြစ်ကြောင်း နေပြည်တော်မှ အမည်မဖော်လိုသည့် ကျောက်မျက်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ယခင်က ပြပွဲတစ်ပွဲတွင် ကျောက်အတွဲပေါင်း ၆၀၀၀ အနည်းဆုံး ပြသရောင်းချနိုင်သည့် အခြေအနေရှိသော်လည်း ယခုတွင် ပုလဲ၊ ကျောက်မျက်နှင့် ကျောက်စိမ်းအတွဲ ၂၁၅၀ သာ ရှိသည်ဟု ကျောက်မျက်လုပ်ငန်းရှင်အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။
ရောင်းသူနည်းလာရသည့် အဓိကအကြောင်းအရင်းမှာ စစ်ကောင်စီ သတ်မှတ်သည့် နိုင်ငံခြားငွေလဲလှယ်နှုန်းဖြင့်သာ အရောင်းအဝယ်လုပ်ဆောင်ရမည်ဖြစ်ခြင်း၊ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းနေခြင်းတို့ကြောင့် ဖြစ်သည်ဟု လုပ်ငန်းရှင်အချို့က သုံးသပ်သည်။
ထို့ကြောင့် ပြင်ပကျောက်မျက်ကုမ္ပဏီများက အရည်အသွေးနိမ့်ကျောက်များကိုသာ ပြပွဲသို့ တင်သွင်းကြပြီး တန်ဖိုးကြီးရောင်းကုန်များကို သိမ်းဆည်းထားကြကြောင်း၊ ရောင်းသူ ၂၀၀ ဝန်းကျင်သာရှိသည့် ပြပွဲ၌ စစ်တပ်နှင့် သက်ဆိုင်သည့် ကျောက်မျက်လုပ်ငန်းအများစု ပါဝင် ရောင်းချနေကြောင်း လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ပြပွဲဖွင့်လှစ်သည့် ပထမဆုံးနေ့တွင် အာဏာသိမ်းစစ်ခေါင်းဆောင် ရောက်လာ၍ လုံခြုံရေးအထူးတင်းကျပ်ထားပြီး ကုန်သည်များကို ဝင်ခွင့်မပြုခဲ့ကြောင်း ကျောက်မျက်ကုန်သည် နောက်တစ်ဦးထံမှ သိရသည်။
“(ကုန်သည်တွေ) အပြင်မှာ ထိုင်စောင့်နေကြပြီး အကုန်ညည်းနေကြတာ၊ အရင်ပွဲတွေထက်တော့ အရောင်းဆိုင်ခန်းနည်းတယ်၊ မဖြစ်မနေလာဖွင့်တာမျိုးပဲရှိတယ်” ဟု ၎င်းက ပြောသည်။
တရုတ်ကုန်သည်များမှာ ပြပွဲသို့ ဟန်ပြလာရောက်ခြင်းသာဖြစ်နိုင်ပြီး အရောင်းအဝယ်မှာ ပြပွဲပြင်ပတွင် တစ်နည်းတစ်ဖုံပေါ်လာဖွယ်ရှိကြောင်း ထိုသူက သုံးသပ်သည်။
“ယူရိုနဲ့ ဝယ်ရမယ်ဆိုတော့ သူတို့အတွက် မကိုက်ဘူးလေ၊ အဲတော့ ပြည်တွင်းက တရုတ်နဲ့ဖြစ်ဖြစ်၊ သူတို့နဲ့သိတဲ့ ပြည်တွင်းကုန်သည်တွေဖြစ်ဖြစ် နာမည်ခံဝယ်ယူပြီးလုပ်မှာမျိုးတွေတော့ ကြားနေတာပဲ” ဟု အထက်ပါ ကုန်သည်က ဆက်ပြောသည်။
မြန်မာနိုင်ငံတွင် ယူရိုငွေ၊ ကျပ်ငွေတို့ဖြင့် ရောင်းချသည့် ကျောက်မျက်အရောင်းပြပွဲများကို နှစ်စဉ်ကျင်းပလေ့ရှိသည်။
အရပ်သားအစိုးရလက်ထက် ၂၀၁၉-၂၀၂၀ နှစ်လယ် ကျောက်မျက်ပွဲမှ ယူရို ၄၃၉ သန်းကျော်၊ ကျပ်ငွေဖြင့်ရောင်းချသည့်ပွဲမှ ကျပ်သန်း ၄၇,၃၆၀ ကျော် ရကြောင်း မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်း၏ ထုတ်ပြန်ချက်အရ သိရသည်။
စစ်ကောင်စီလက်ထက်တွင် ပြပွဲလေးကြိမ်ရှိပြီဖြစ်သော်လည်း ရောင်းရငွေ မည်မျှရှိသည်ကို ရှင်းလင်းစွာ မသိရပေ။
လက်နက်အားကိုးဖြင့် နိုင်ငံအနှံ့ ပြည်သူလူထုကို နည်းမျိုးစုံ ဖိနှိပ်နေသည့် စစ်ကောင်စီထံ ဝင်ငွေစီးဆင်းမှုများ ရပ်တန့်နိုင်ရန် ကမ္ဘာ့နိုင်ငံကြီးများက ဦးဆောင်ကြိုးပမ်းနေရာ ကျောက်မျက်ကဏ္ဍရငွေလည်း ပါဝင်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကလည်း စစ်ကောင်စီ၏ ကျောက်မျက်ပြပွဲများ တရားမဝင်သဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန် တိုက်တွန်းထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)