သတင်း

မန္တလေးပတ်စ်ပို့ရုံးတွင် လူအုပ်ပိ၍ အမျိုးသမီးနှစ်ဦးသေဆုံး

လူအုပ်ပိ၍ သေဆုံးခဲ့သူနှစ်ဦးမှာ အသက် ၅၂ အရွယ် ဒေါ်ခင်မျိုးအေးနှင့် အသက် ၃၉ နှစ်အရွယ် မခိုင်ဝေတို့ဖြစ်ကြပြီး အသက် ၅၀ ကျော်အရွယ် ဒေါ်ဌေးဌေးဝင်းဆိုသည့် အမျိုးသမီးတစ်ဦးလည်း ခြေထောက်ကျိုးသည်အထိ ဒဏ်ရာရရှိသွားသည်ဟု သိရသည်။

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့်ရုံး (ပတ်စ်ပို့ရုံး) တွင် ​ယနေ့ (ဖေဖော်ဝါရီ ၁၉) နံနက်အစောပိုင်းက နိုင်ငံကူးလက်မှတ်လျှောက်ထားရန် လူထောင်နှင့်ချီ စုပြုံတိုးစဉ် လူအုပ်ပိ၍ အမျိုးသမီးနှစ်ဦး သေဆုံးသွားသည်။

လူအုပ်ပိ၍ သေဆုံးခဲ့သူနှစ်ဦးမှာ အသက် ၅၂ အရွယ် ဒေါ်ခင်မျိုးအေးနှင့် အသက် ၃၉ နှစ်အရွယ် မခိုင်ဝေတို့ဖြစ်ကြပြီး အသက် ၅၀ ကျော်အရွယ် ဒေါ်ဌေးဌေးဝင်းဆိုသည့် အမျိုးသမီးတစ်ဦးလည်း ခြေထောက်ကျိုးသည်အထိ ဒဏ်ရာရရှိသွားသည်ဟု သိရသည်။

“အမျိုးသမီးတွေချည်းပဲ သုံးဦးစလုံး လူအုပ်ပိလို့ အရေးပေါ်ဆေးရုံတင်ပို့လိုက်ရတာ။ နှစ်ဦးက ဆေးရုံအရောက်မှာ ဆုံးသွားပါတယ်၊ တစ်ဦးကတော့ ခြေထောက်ကျိုးတယ်လို့ သိရပါတယ်” ဟု မန္တလေးမြို့ရှိ လူမှုကူညီရေးအသင်းတစ်ခုမှ တာဝန်ရှိသူက Myanmar Now ကို ပြောသည်။

မန္တလေးပတ်စ်ပို့ရုံးတွင် နေ့စဉ် လူဦးရေ ၂၀၀ ဝန်းကျင်ကိုသာ ရုံးအတွင်းဝင်ရောက် လျှောက်လွှာတင်ခွင့် ပြုထားသော်လည်း လူဦးရေ ၅၀၀၀ နီးပါးက ညအိပ်စောင့်ဆိုင်းပြီး ရုံးဖွင့်ချိန်တွင် စုပြုံတိုးရာမှ လူနှစ်ဦးသေဆုံးသည်အထိ ဖြစ်ပေါ်ခဲ့သည်။

လွန်ခဲ့သည့်နှစ် ဒီဇင်ဘာလမှစ၍ နိုင်ငံကူးလက်မှတ်လျှောက်ထားရာ၌ တုံကင်ယူသည့်စနစ်မှ တန်းစီစနစ်သို့ စစ်ကောင်စီက ပြောင်းလဲသတ်မှတ်ခဲ့သည်။

ပတ်စ်ပို့ရုံးတွင် နိုင်ငံကူးလက်မှတ်လုပ်ရန် ညစဉ်စောင့်ဆိုင်းသူ ထောင်ဂဏန်းခန့်ရှိသည်ဟုလည်း အသက် ၃၀ အရွယ် မန္တလေးမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

“လူအုပ်ကြီးကလည်း ကြောက်စရာကြီး၊ အသက်ကြီးသူတွေ၊ နှလုံးရောဂါရှိသူတွေ၊ မောပန်းမူးဝေတတ်သူတွေ သွားမတန်းစီသင့်ဘူး၊ မကြာခဏ ထိခိုက်ဒဏ်ရာတွေ ဖြစ်ကြတယ် လူအုပ်ပိတာတွေ ဖိနပ်ပျက်တာတွေ မကြာခဏပဲ စိတ်ပျက်စရာကြီးဗျာ” ဟု ၎င်းက ပြောသည်။

တန်းစီသည့်စနစ်ဖြစ်သောကြောင့် ပွဲစားများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် နီးစပ်သူများက နေရာယူထားပြီး နေရာရောင်းစားမှုရှိနေပြီး သာမန်အရပ်သားတစ်ဦးအနေဖြင့် လာဘ်ငွေမပေးနိုင်ပါက တန်းစီရန် ခက်ခဲသည်ဟုလည်း အထက်ပါ အမျိုးသားက ဆိုသည်။

“နေရာဝယ်တာက ပေါက်ဈေးအစားစားရှိတယ်။ နံပါတ်တစ်ကနေ သုံးဆယ်အတွင်း ခုနှစ်သိန်း ရှစ်သိန်းအထိ ပေါက်ဈေးရှိတယ်။ ပြီးရင် အထဲမှာ ရက်ချိန်းမြန်အောင် ထပ်ပေးရတာတွေလည်းရှိတယ်။ အများစုက သူတို့ (ဝန်ထမ်း) နီးစပ်သူ ပွဲစားတွေ၊ တချို့ကလည်း တန်းစီပြီးမှ ပြန်ရောင်းစားကြတယ် လုပ်စားနေကြသူတွေ များတယ်”

“ကျွန်တော်တို့တော့ သုံးလေးရက်ဆက်တိုက် အိပ်ပျက်ခံ သွားတန်းစီတာကို မရလို့ လက်လွှတ်ထားရတယ်၊ တစ်ချို့တော့ ရန်ကုန်ကို သွားလုပ်ကြတယ် ဒါလည်း မလွယ်ပါဘူး” ဟု ၎င်းက ဆိုသည်။

အောင်မြေသာစံမြို့နယ်ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့်ရုံးတွင် စုပြုံတိုးဝေ့နေသူများ (ဓာတ်ပုံ − လူမှုကွန်ရက်)

နယ်များမှ သွားရောက်ကာ နိုင်ငံကူးလက်မှတ်ပြုလုပ်ကြသူများမှာ ထိုအခြေအနေကို ပိုမိုဆိုးရွားစွာရင်ဆိုင်ရသည်ဟု ပြင်ဦးလွင်မြို့တွင် နေထိုင်ပြီး ဂျပန်နိုင်ငံသို့ သွားရောက်ရန် ပြင်ဆင်နေသူ အမျိုးသမီးငယ်တစ်ဦးက ပြောသည်။

“မြို့ကလူတွေကတော့ တန်းစီခါနီး ည ၁ နာရီထိုးလောက် တဖွဲဖွဲ ရောက်လာကြတယ် ဆိုင်ကယ်တစ်စီးကို ၃၀၀၀၊ ၄၀၀၀ နဲ့အပ်ပြီး ထိုင်စောင့်ကြတယ် အဝေးက လာရသူတွေကတော့ အဲ့အနီး ဘုန်းကြီးကျောင်းမှာ ညအိပ် တစ်ည ၅၀၀၀ နဲ့ တည်းပြီး စောင့်ဆိုင်းကြတယ် လမ်းလမ်းကြားတွေပါမကျန် လူတွေက ကိုယ့်အုပ်စုနဲ့ကိုယ် စောင့်ကြတယ်”

“လူတွေက ဒုက္ခမျိုးစုံ ပေတေဒဏ်ခံပြီး လုပ်နေရတော့ သည်းခံစိတ်လည်း မရှိကြတော့ဘူး၊ တခုခုဆို သွေးဆူနေကြတယ်တံခါးဖွင့်ကာနီးဆို လူအုပ်ကြီးက တဖြည်းဖြည်းများလာပြီး တိုးဝှေ့နေကြတယ်။ သူတို့အထဲက ဝန်ထမ်းတွေ၊ ရဲတွေကလည်း ဆဲဆိုငေါက်ငမ်းပြီး သေနတ်နဲ့ ခြိမ်းခြောက်လည်း မမှုကြတော့ဘူး” ဟု ထိုအမျိုးသမီးက ပြောသည်။

စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို ကြေညာပြီးနောက် အရပ်သားများကို စစ်တပ်ထဲ ဆွဲသွင်းနိုင်ရေး စိုင်းပြင်းနေရာ မြန်မာလူငယ်များသည် အိမ်နီးချင်း ထိုင်းနိုင်ငံအပါအဝင် ပြည်ပနိုင်ငံများသို့ ရရာနည်းလမ်းဖြင့် ထွက်ခွာရန် ပြင်ဆင်နေကြသည်။

တိုင်းရင်းသားလက်နက်ကိုင်များနှင့် တိုက်ပွဲများတွင် ဆက်တိုက်ရှုံးနေပြီး စစ်သည်အင်အား အလွန်အမင်း လိုအပ်နေသည်။ ထို့ကြောင့် အရွယ်ရောက်သူများကို တပ်ထဲထည့်နိုင်ရန် လွန်ခဲ့သည့်၁၄နှစ်က စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်မှတ်ထိုးထုတ်ပြန်ခဲ့သည့် စစ်မှုထမ်းဥပဒေကို စစ်ခေါင်းဆောင်က ယခုလ ဒုတိယပတ်တွင် အသက်သွင်းခဲ့သည်။

စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက် ချက်ချင်းဆိုသလို လူငယ်အများအပြားက ပြည်ပထွက်ခွာရန် စီစဉ်လာကြရာ နိုင်ငံကူးလက်မှတ်ထုတ်ပေးသည့် ရုံးများတွင် စုပြုံတိုးသည့် အခြေအနေ ပေါ်ပေါက်လာခြင်းဖြစ်သည်။

စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက် စစ်ကောင်စီသည် မန္တလေး၊ စစ်ကိုင်း နှင့်ပြင်ဦးလွင် မြို့ဝင်မြို့ထွက် ဂိတ်များတွင်လည်း လူငယ်များခရီးသွားလာခြင်းကို တစ်ဦးချင်းအလိုက် တင်းကြပ်စွာစစ်ဆေးခြင်း၊ အသွားအလာကန့်သတ်ခြင်း၊ တော်လှန်ရေးအင်အားစုများနှင့် ဆက်နွှယ်သူများဖမ်းဆီးခြင်းများ ပြုလုပ်နေသည်။

Show More

Related Articles

Back to top button