သတင်း

ငွေလိုနေသည့် စစ်ကောင်စီ အလုပ်သမားတို့၏ ချွေးနှဲစာကို အခွန်ကောက် ဖြည့်ရန်ကြိုးပမ်း

နိုင်ငံခြားငွေလိုအပ်နေသည့် စစ်ကောင်စီသည် ပြည်ပရောက် မြန်မာအလုပ်သမားများထံမှ ဝင်ငွေခွန်ကောက်ကာ ငွေလိုအပ်ချက်ဖြည့်မည့်အစီအမံကို သက်ဆိုင်ရာ နိုင်ငံရှိ သံရုံးအသီးသီးမှတစ်ဆင့် လုပ်ဆောင်လာသည်။

နိုင်ငံခြားငွေလိုအပ်နေသည့် စစ်ကောင်စီသည် ပြည်ပရောက် မြန်မာအလုပ်သမားများထံမှ ဝင်ငွေခွန်ကောက်ကာ ငွေလိုအပ်ချက်ဖြည့်မည့်အစီအမံကို သက်ဆိုင်ရာ နိုင်ငံရှိသံရုံးအသီးသီးမှတစ်ဆင့် လုပ်ဆောင်လာသည်။

မြန်မာအလုပ်သမားအများစု ရောက်ရှိ အလုပ်လုပ်နေကြသည့် ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ ကိုရီးယားနိုင်ငံ အသီးသီးရှိ စစ်ကောင်စီလက်အောက်ခံ မြန်မာသံရုံးများက ပြည်ပရောက် မြန်မာအလုပ်သမားများ အခွန်ဆောင်ကြရန် ဒီဇင်ဘာလ ဒုတိယပတ်အတွင်း ကြေညာချက်အသီးသီး ထုတ်ပြန်သည်။

သံရုံးများ၏ ထုတ်ပြန်ချက်များတွင် ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ပေးဆောင်ရမည်၊ အခွန်ကို အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ ၃ လစာကို သက်ဆိုင်ရာနိုင်ငံ၏ ငွေကြေးအလိုက် ပေးဆောင်ရမည်ဟု ဖော်ပြထားသည်။

နိုင်ငံတကာ၏ အရေးယူပိတ်ဆို့မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများ ထွက်ခွာသွားချိန်၊ နိုင်ငံအနှံ့ ပဋိပက္ခများ ဖြစ်ပွားနေချိန်တွင် စစ်ကောင်စီသည် နိုင်ငံခြားငွေရရှိရန် အကျပ်ရိုက်လာခဲ့သည်။

ထိုအခြေအနေကို ဖြေရှင်းရန် ယခင် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးနှင့် ဒုတိယနိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးမောင်မြင့်က နိုင်ငံခြားငွေရရှိရန် သန်းနှင့်ချီသော ပြည်ပရောက် မြန်မာအလုပ်သမားများထံမှ အခွန်ကောက်သင့်ကြောင်း ပြီးခဲ့သည့်နှစ်အတွင်း အခါတော်ပေးခဲ့သည်။

ယင်းနောက် ပြည်ပရောက် မြန်မာအလုပ်သမားများထံမှ အခွန်ကောက်ရန် ညွှန်ကြားချက်များ ထွက်ပေါ်လာခဲ့သည်။ ပြည်ပရောက် မြန်မာအလုပ်သမားများကို နိုင်ငံကူးလက်မှတ်ဖြင့် ထိန်းချုပ်ထားရာ အခွန်ဆောင်မှသာ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးမြှင့်ပေးမည်ဟု သံရုံးများ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုင်းရောက်အလုပ်သမားအတွက် ကန့်သတ်ချက်များ

ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့တွင် အလုပ်လုပ်နေကြသည့် မြန်မာအလုပ်သမားများသည် ထိုနိုင်ငံများသို့ ၂ နိုင်ငံအစိုးရနားလည်မှုစာချုပ် MoU ဖြင့် သွားရောက် အလုပ်လုပ်ကြသလို တရားမဝင် ဝင်ရောက်လာပြီး သက်ဆိုင်ရာနိုင်ငံရောက်မှသာ အလုပ်လုပ်ခွင့်လျှောက်ထားသည့် နည်းများဖြင့်လည်း အလုပ်လုပ်ကြသည်။

ထိုအလုပ်လုပ်ခွင့်လျှောက်ထားချက်ကို သက်ဆိုင်ရာမြန်မာသံရုံးနှင့် ချိတ်ဆက်ထားပြီး မြန်မာသံရုံးက မည်သူဖြစ်ကြောင်း အသိအမှတ်ပြုထောက်ခံချက် ထုတ်ပေးသည်။ ထိုင်းရောက် မြန်မာအလုပ်သမားများ အခွန်မဆောင်ပါက MoU ဖြင့် အလုပ်လုပ်သည့် အလုပ်သမားသည် စာချုပ်ပြည့်ပါက နောက်ထပ်စာချုပ်ချုပ်ဆိုရန် မြန်မာအလုပ်သမားဝန်ကြီးဌာနက ခွင့်ပြုမည်မဟုတ်ပေ။

ထို့အတူ တရားမဝင် ဝင်ရောက်လာသူများသည်လည်း အခွန်မဆောင်ပါက ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့်လျှောက်ထားရာတွင် မြန်မာသံရုံးက မြန်မာနိုင်ငံသားဖြစ်ကြောင်း ထောက်ခံချက်မပေးခြင်းဖြင့် ကန့်သတ်ထားသည်။

ထိုင်းနိုင်ငံ မြန်မာသံရုံး၏ ထုတ်ပြန်ချက်တွင် အခြေခံအလုပ်သမားတစ်ဦးအတွက် တစ်လစာ အခွန်ငွေ ဘတ်ငွေ ၁၅၀ (ကျပ်ငွေ ၁၅၀၀၀ ခန့်) ပေးဆောင်ရမည်ဟု ဆိုသည်။ ထိုသံရုံး နမူနာ အခွန်ဆောင်ပြီးကြောင်း အထောက်အထားတစ်ခုကိုလည်း Facebook တွင် တင်ထားရာ အလုပ်လုပ်ခွင့် နိုင်ငံကူးလက်မှတ်ဖြင့် ကိုင်ဆောင်သူတစ်ဦးက ၃ လစာ ဘတ် ၁၅၀ အခွန်ဆောင်ထားသည်ကို တွေ့ရသည်။

အလုပ်လုပ်ခွင့်နိုင်ငံကူးလက်မှတ်ဖြင့် ထိုင်းတွင် အလုပ်လုပ်ကိုင်သူတစ်ဦး အခွန် ၃ လစာ ဆောင်ပြီးကြောင်း အထောက်အထားပြ ပုံ (ဓာတ်ပုံ − Myanmar Embassy Bangkok)

ထိုသို့ အကောက်အခွန်ဆောင်ပြီးကြောင်း အထောက်အထားပြနိုင်မှသာ အောက်ပါ လုပ်ငန်းများ လုပ်ဆောင်ပေးမည်ဟု ဒီဇင်ဘာ ၁၄ ရက်တွင် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။

“အခွန်မပေးရင်၊ ပေးတဲ့ စလစ်မပြနိုင်ခဲ့ရင် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးတဲ့နေရာတွေမှာ လုံးဝ သက်တမ်းမတိုးပေးဘူးဆိုပြီး ခြိမ်းခြောက်တာ မြန်မာရွှေ့ပြောင်း သန်းပေါင်းများစွာကို စိန်ခေါ်လိုက်တာ” ဟု ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားအရေးကို ကူညီပေးနေသူတစ်ဦးက ဆိုသည်။

နိုင်ငံအတွင်း စီးပွားရေးကျပ်တည်းခြင်း၊ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးခြင်းတို့ကြောင့် အိမ်နီးချင်းနိုင်ငံများသို့ မြန်မာအလုပ်သမား သန်းနှင့်ချီ အလုပ်ထွက်လုပ်နေကြရသည်။

အိမ်နီးချင်း ထိုင်းနိုင်ငံတစ်ခုတည်းတွင်ပင် တရားဝင်အထောက်အထားဖြင့် အလုပ်လုပ်ကိုင်သည့် မြန်မာအလုပ်သမား ၁ဒသမ ၇ သန်းကျော်ရှိပြီး ထိုအထဲတွင် နှစ်နိုင်ငံနားလည်မှုစာချွန်လွှာ (MOU) ဖြင့် အလုပ်လုပ်သူ ၃ သိန်းကျော်ရှိကြောင်းထိုင်းရောက် အလုပ်သမားလှုပ်ရှားသူများထံမှ သိရသည်။

ထိုင်းနိုင်ငံ ငါးဖမ်းလုပ်ငန်းခွင်အတွင်း ပင်ပန်းကြီးစွာ အလုပ်လုပ်နေရသည့် မြန်မာရွှေ့ပြောင်း ရေလုပ်သားတစ်ဦးကို တွေ့ရစဉ်။ (ဓာတ်ပုံ − EPA)

ထိုအထဲတွင် နှစ်နိုင်ငံနားလည်မှုအစီအစဉ် (MoU) ဖြင့် ထိုင်းနိုင်ငံသို့တွင် အလုပ်လုပ်ကိုင်ကြလိုပါက လမ်းစရိတ်၊ထောက်ခံစာနှင့် အခြားကုန်ကျစရိတ်များအတွက် ဘတ် ၂၀၀၀၀ (ကျပ်ငွေ သိန်း ၂၀ နီးပါး) နှင့် ကုန်ကျနိုင်သည်။ ထို့အတူ တရားမဝင် ဝင်ရောက်လာပါကလည်း လမ်းစရိတ်၊ ပွဲစားကို ပေးရသည့်ငွေ ဘတ် ၂၀၀၀၀ မှ ၂၅၀၀၀ ကျော်အထိ ကုန်ကျစရိတ်ရှိသည်။

ထိုအခြေအနေတွင် ထပ်မံအခွန်ကောက်ခြင်းကြောင့် မခံမရပ်နိုင်ဖြစ်ရသည့် အလုပ်သမားတို့က ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂရုံးရှေ့တွင် ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။

“မဖြစ်မနေ Passport သက်တမ်းတိုးရမယ့် သူတွေသာလျှင် သွားရောက်ပေးကောင်းပေးလိမ့်မယ် တစ်ယောက်မှ ကျေကျေနပ်နပ်နဲ့ သွားပေးတယ်ဆိုတာ မရှိနိုင်ဘူး” ဟု မြန်မာရွှေ့ပြောင်းအရေး ကူညီဆောင်ရွက်ပေးနေသူ ကိုသားကြီးကပြောသည်။

ဝင်ငွေခွန်မဆောင်နိုင်ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂရုံးရှေ့တွင် ဒီဇင်ဘာလ ၁၇ ရက်နေ့က ကန့်ကွက်ဆန္ဒပြကြစဉ် (ဓာတ်ပုံ − EPA)

ကန့်သတ်ချက်များနှင့် လက်တွေ့နှင့် မကိုက်သည့် မက်လုံးများ

မလေးရှား၊ စင်ကာပူ၊ ကိုရီးယားနိုင်ငံများသို့ သွားရောက်အလုပ်လုပ်နေကြသည့် မြန်မာအလုပ်သမားများသည် နိုင်ငံတွင်းက ထွက်ခွာစဉ်ကပင် အလုပ်လုပ်ကိုင်ခွင့် နိုင်ငံကူးလက်မှတ်များဖြင့်သာ သွားရောက်လုပ်ကိုင်လေ့ရှိသည်။

ထိုသူများကို ဝင်ငွေခွန်ဆောင်ပြီးမှသာ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးပေးမည်ဟု မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဒီဇင်ဘာ ၁၇ ရက်တွင် ကြေညာသည်။

အလားတူ စင်ကာပူနိုင်ငံဆိုင်ရာသံရုံးကလည်း အခွန်ဆောင်သူများကိုသာ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးပေးမည်။ မြန်မာနိုင်ငံသို့ ပြန်လိုပါက အခွန်ဆောင်ပြီးကြောင်း အထောက်အထားပြနိုင်မှသာ ထောက်ခံချက်ထုတ်ပေးမည်။ အခွန်ဆောင်သူ၏ ဇနီး၊ ခင်ပွန်း၊ မိဘ၊ သား/သမီးများကို မှီခိုသူအဖြစ် သက်တမ်းတိုးနိုင်မည်ဟု ကန့်သတ်ထားသည်။ ကျောင်းသူ/ကျောင်းသားများကိုမူ အခွန်ကင်းလွတ်ခွင့်ပေးထားသည်။

ကိုရီးယားနိုင်ငံဆိုင်ရာ သံရုံးကလည်း နိုင်ငံကူးလက်မှတ်များ သက်တမ်းတိုးရာတွင် အခွန်ဆောင်ရန် ဒီဇင်ဘာ ၈ ရက်တွင် ကြေညာထားသည်။

ထိုကဲ့သို့ နိုင်ငံအများအပြားတွင် သွားရောက်အလုပ်လုပ်နေသူများထံမှ ငွေညှစ်ခြင်းအပြင်၊ အမေရိကန်ဒေါ်လာဖြင့် လစာငွေရသည့် သင်္ဘောသားများကိုလည်း စစ်ကောင်စီက အလွတ်မပေးပေ။

သင်္ဘောသားများ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးလိုလျှင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာနမှ ထုတ်ပေးသည့် အခွန်ပေးဆောင်ပြီးကြောင်း ထောက်ခံစာပါရမည်ဟု နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးများတွင် အောက်တိုဘာလအတွင်းက ကြေညာဘုတ်များ ကပ်ထားသည်။

ကရင်ပြည်နယ်၊ မြ၀တီမြို့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတွင် ကပ်ထားသော ကြေညာချက်။ ဓာတ်ပုံ – ပေးပို့

ထို့ကြောင့် သင်္ဘောသားများအပြင် ပြည်ပရောက်အလုပ်သမားများအပြင် စစ်ကောင်စီကို မဖြစ်မနေအခွန်ဆောင်ရမည့်သဘောဖြစ်သွားပြီး မပေးဆောင်ပါက နိုင်ငံခြားပြန်လည်ထွက်ခွာ၍မရ၊ ပြည်ပနိုင်ငံများတွင် ဆက်လက်နေထိုင်ခွင့်မရမည့် အခြေအနေဖြစ်လာနိုင်သည်။

ဝင်ငွေခွန်ပေးရန် မကြေညာခင်ကတည်းက စစ်ကောင်စီသည် ပြည်ပရောက် မြန်မာလုပ်သားများထံမှ လုပ်ခလစာ ဝင်ငွေကို ဖြတ်တောက်နိုင်ရေးအတွက် နည်းလမ်းစုံသုံးရန် ကြံစည် ကြိုးစားနေခဲ့သည်။ ပြည်တွင်းရှိ မိသားစုထံ ငွေလွှဲရာတွင် ပြည်ပရောက်အလုပ်သမားများ၏ လစာ ၂၅ ရာခိုင်နှုန်းကို ဘဏ်များမှတစ်ဆင့် မဖြစ်မနေလွှဲရန် ညွှန်ကြားချက်များ ထုတ်ပြန်ခဲ့သည်။

ပြည်ပရောက် အလုပ်သမားများထံမှ ဝင်ငွေခွန်ကောက်ခံခြင်းကို ၂၀၁၂ ဇန်နဝါရီမှ စတင်ပြီး ၁၀ နှစ်ကျော်ကြာ ကင်းလွတ်ခွင့်ပြုခဲ့သည်။ သို့သော် နိုင်ငံခြားလိုငွေအကြီးအကျယ်လိုနေသည့် စစ်ကောင်စီသည် စက်တင်ဘာ ၂၃ ရက်နေ့တွင် အခွန်အကောက်ဥပဒေကို စက်တင်ဘာ ၂၃ ရက်တွင် ပြင်ဆင်ပြီး အလုပ်သမားများထံမှ ဝင်ငွေခွန်ကောက်ရန် လုပ်ဆောင်လာခဲ့သည်။

အလုပ်သမားများထံမှ ဝင်ငွေခွန်ကောက်ရန် သံရုံးအသီးသီးက ကြေညာချက်ထုတ်ခဲ့သော်လည်း သက်ဆိုင်ရာ နိုင်ငံများအတွင်း အလုပ်သမားများ အခွင့်အရေးချိုးဖောက်ခံရသည့်အခါ မြန်မာသံရုံးအရာရှိများက လျစ်လျူရှုထားသည်ဟု ထိုင်းရောက် မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ Worker Assistance Group For Myanmar (WAG) မှ ကိုမုန်တိုင်းက ပြောသည်။

“အခွန်ကောက်ဖို့သာ သူတို့ပြောနေတာ တကယ် လက်တွေ့ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတဲ့အခါ မြန်မာသံရုံးက ဘာမှ လာမလုပ်ပေးနိုင်ဘူး။ ကျနော်တို့ အလုပ်သမားအသံတွေလည်း နားထောင်မပေးဘူး”

စက်ရုံများတွင် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုများ ကြုံတွေရသည့်အခါ မြန်မာအလုပ်သမားများသည် မြန်မာသံရုံးကို ဖြေရှင်းရန် တိုင်ကြားခြင်းထက် အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးသည့် အဖွဲ့များကိုသာ အားကိုးနေရသည်ဟုလည်း ကိုမုန်တိုင်းက ပြောသည်။

ဝင်ငွေခွန်ကောက်ခံမည့် မြန်မာသံရုံးအသီးသီး၏ ထုတ်ပြန်ချက်တွင် ဝင်ငွေခွန်ပေးဆောင်ပါက အိမ်၊ ခြံ၊ မြေ၊ တိုက်ခန်း၊ ကားဝယ်ယူရာတွင် အထောက်အကူပြုမည်၊ မိမိတို့ရငွေများသည် ငွေဖြူအဖြစ် အထောက်အထားပြနိုင်မည်ဟု မက်လုံးပေးထားသည်။

ထို့ပြင် ဝင်ငွေခွန်ဆောင်ခြင်းသည် မိမိတို့နိုင်ငံသားများအတွက် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး စသည့် ပြည်သူ့အကျိုးပြုလုပ်ငန်းများအတွက် ကူညီထောက်ပံ့ပေးခြင်း ဖြစ်သည်ဟုလည်း ကြေညာချက်တွင် ဖော်ပြသည်။

သို့သော် နိုင်ငံခြားငွေအကြီးအကျယ်လိုအပ်နေပြီး နိုင်ငံအနှံ့ စစ်မျက်နှာဖွင့်ထားရသည့် စစ်ကောင်စီသည် အလုပ်သမားတို့ ပေးဆောင်သည့် ဝင်ငွေခွန်များကို တိုင်းပြည်ဖွံ့ဖြိုးရေးတွင် အသုံးပြုမည်ဟူသည့်အချက်ကို အလုပ်သမားအရေးလှုပ်ရှားနေသူများ၊ လေ့လာသုံးသပ်သူများက အယုံအကြည်မရှိဟု ဆိုကြသည်။

Show More

Related Articles

Back to top button