သတင်း

တရုတ်အထည်ချုပ်စက်ရုံပိတ်သိမ်း၊ အလုပ်သမား ၂၀၀ ခန့် ခံစားခွင့်အပြည့်မရ

လှိုင်သာယာမြို့နယ်တွင် ၁၀ နှစ်ကျော်ကြာ ဖွင့်လှစ်ခဲ့သည့် တရုတ်နိုင်ငံသားပိုင် Fullway Myanmar Clothing အထည်ချုပ်စက်ရုံမှာ ဖေဖော်ဝါရီ ၂၉ ရက်နေ့က အပြီးပိတ်သွားသည်။

ရန်ကုန်၊ လှိုင်သာယာမြို့နယ်တွင် ၁၀ နှစ်ကျော်ကြာ ဖွင့်လှစ်ခဲ့သည့် တရုတ်နိုင်ငံသားပိုင် အထည်ချုပ်စက်ရုံတစ်ခု ဖေဖော်ဝါရီလကုန်ပိုင်းက ပိတ်သိမ်းခဲ့ရာ ခံစားခွင့်အပြည့်မရဘဲ နစ်နာသည့်အလုပ်သမား ၂၀၀ ခန့်ရှိသည်ဟု သိရသည်။ 

လှိုင်သာယာမြို့နယ်၊ ရွှေသံလွင်စက်မှုဇုန်၊ မင်းဧရာလမ်းတွင် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလကတည်းက ဖွင့် လှစ်ခဲ့သည့် Fullway Myanmar Clothing အမည်ရ တရုတ်နိုင်ငံသားပိုင် အထည်ချုပ်စက်ရုံမှာ ဖေဖော် ဝါရီ ၂၉ ရက်နေ့တွင် ကြိုတင်အသိပေးခြင်းမရှိဘဲ အပြီးပိတ်သိမ်းသွားသည်။

ထိုသို့ပိတ်သိမ်းရာတွင် အလုပ်သမားများအနေဖြင့် လုပ်သက်အလိုက် လျော်ကြေးအပြည့်အဝမရသည့်အပြင် တစ်လစာနို့တစ်ကြေးနှင့် ခွင့်ခံစားခွင့်အတွက် လျော်ကြေးလည်း မရဟု ထိုစက်ရုံတွင် ၉ နှစ်ခန့်လုပ်ကိုင်ခဲ့သော အမျိုးသမီးအလုပ်သမားတစ်ဦးက ပြောသည်။

“ပိတ်မယ်လည်း မပြောဘဲ လစာသွားထုတ်တာ လျော်ကြေးပါ တစ်ခါတည်းပေးပြီး ပိတ်လိုက်တာ”

အထည်ချုပ်စက်ရုံရှိ အလုပ်သမားအများစုမှာ အမျိုးသမီးများဖြစ်ပြီး စုစုပေါင်း ၂၀၀ ခန့်ရှိသည်ဟု သိရသည်။

စက်ရုံပိတ်သိမ်းမည့်အကြောင်း အသိပေးခြင်းမရှိဘဲ ဇန်နဝါရီလလည်ပိုင်းကတည်းက စက်ပစ္စည်းများဖြုတ်သယ်နေသဖြင့် စက်ရုံအလုပ်သမားကိုယ်စားလှယ်အဖွဲ့ (WCC) က အလုပ်သမားဝန်ကြီးဌာနနှင့် သက်ဆိုင်ရာရုံးများကို စာပို့အသိပေးခဲ့သည်ဟု ဆိုသည်။

 အပြီးပိတ်သိမ်းမည်ဆိုပါက ဥပဒေနှင့်အညီ လျော်ကြေးနှင့် ခံစားခွင့်များပေးရန် တောင်းဆိုခဲ့သော်လည်း စက်ရုံတာဝန်ရှိသူများဘက်က နှုတ်ဆိတ်နေခဲ့သည်ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

“ရုံးတွေကိုလည်း ဆက်သာတိုင်တာပါ အရာမရောက်ဘူး။ အလုပ်သမားတွေဘက်က မရှိပါဘူး။ သူဌေးဘက်ကပဲ ပါတာ” 

ဖေဖော်ဝါရီ ၂၉ ရက်နေ့တွင် နောက်ဆုံးလစာ ထုတ်ပေးရာ၌ တစ်ပါတည်း လျော်ကြေးပေးကာ စက်ရုံ အပြီးပိတ်သွားသည်ဟု သိရသည်။

လစာကို တစ်ရက်လုပ်ခ ကျပ် ၄၈၀၀ နှင့် ထောက်ပံ့ကြေး ၁၀၀၀၊ စုစုပေါင်း ကျပ် ၁၇၄,၀၀၀ ဖြင့် တွက်ပေးပြီး နစ်နာကြေး (လုပ်သက်လျော်ကြေး) ကိုလည်း ထိုနှုန်းထားဖြင့်ပင် တွက်ပေးကြောင်း၊ လုပ်သက်အလိုက် လျော်ကြေးပေးရာတွင် ငါးနှစ်ပြည့်ပါက ၄ လစာ၊ ၉-၁၀ နှစ်လုပ်သက်ရှိသူများကို ၆ လစာသာ ရှင်းပေးသည်ဟု ဆိုသည်။

“အလုပ်တွေရှိတုန်းက အလုပ်အရေးကြီးလို့ဆိုပြီး ခွင့်မပေးဘူး၊ ပိုက်ဆံလည်း မပေးဘူး။ ခုပိတ်တော့ ရှင်းပေးမသွားဘူး။ ပထမနှစ်ကဟာတွေလည်း မပေးဘူး” ဟု Fullway Myanmar အထည်ချုပ်စက်ရုံမှ အမျိုးသမီးအလုပ်သမားက ပြောသည်။

စစ်ကောင်စီလက်အောက်ခံ အလုပ်သမားရုံးတာဝန်ရှိသူများက အထည်ချုပ်အလုပ်သမားများနစ်နာမှုအတွက် သေချာဖြေရှင်းပေးခြင်းမရှိဟု အလုပ်သမားအရေး ဆောင်ရွက်ပေးနေသည့် မြန်မာကုန်ထုတ်နှင့်စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) မှ အမျိုးသမီးတစ်ဦးက မှတ်ချက်ပြုသည်။

“အလုပ်ရှင်ကလည်း မပေးဘူး။ အလုပ်သမားတွေက အလုပ်သမားရုံးကို သွားပြောတော့လည်း ခေတ်မကောင်းလို့ ဒီလောက်ပဲရမယ်ဆိုတဲ့ စကားမျိုးတွေပြောတယ်။ အလုပ်သမားရုံးကလူတွေ ကိုယ်တိုင် ဒါမျိုးပြောနေတာ မဖြစ်သင့်ဘူး”

စစ်တပ်က အာဏာသိမ်းပြီးနောက် ဘက်ပေါင်းစုံ ယိုယွင်းပျက်စီးလာသော အခြေအနေများကြောင့် ရန်ကုန်ရှိ အထည်ချုပ်စက်ရုံများ ပိတ်သိမ်းခဲ့သည့်နည်းတူ နိုင်ငံတကာမှ အဝတ်အထည်ကုမ္ပဏီကြီးများလည်း လုပ်ငန်းရပ်ဆိုင်းခဲ့သည်။

စစ်အာဏာသိမ်းမှု နောက်ဆက်တွဲဆိုးကျိုးအနေဖြင့် နေရာဒေသအနှံ့တွင် ပဋိပက္ခဖြစ်ပွားနေသည့်နည်းတူ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုများ ဆက်လက်ဖြစ်ပေါ်နေသည်။

နိုင်ငံတကာ လူ့အခွင့်အရေးစောင့်ကြည့်သည့်အဖွဲ့ (BHRRC) ၏ လွန်ခဲ့သည့် နိုဝင်ဘာလထုတ်ပြန်ချက် အရ စစ်တပ်က အာဏာသိမ်းသည့် ၂၀၂၁ ဖေဖော်ဝါရီမှ ၂၀၂၃ ဇူလိုင်အထိ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှု ၃၀၀ ကျော်ရှိသည်။

Show More

Related Articles

Back to top button