သတင်း

အီတာလျံထိုင်းကုမ္ပဏီကို ထိုင်းအစိုးရ ဝင်စစ်၊ မြန်မာများ လစာပြန်ရ

လစာ ပုံမှန်ပေးပြီး ပတ်စ်ပို့လည်း ပြန်ပေးမည်ဟု ချွန်ပူရီခရိုင်တွင် ရေနက်ဆိပ်ကမ်းဆောက်နေသည့် ကုမ္ပဏီက သဘောတူလိုက်ပြီး အလုပ်သမားများကလည်း အလုပ် ပုံမှန်ပြန်ဆင်းရမည် ဖြစ်သည်။

ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင်၊ လယောင်မြို့ရှိ ရေနက်ဆိပ်ကမ်း တည်ဆောက်နေသည့် အီတာလျံထိုင်းကုမ္ပဏီ (Italian Thai Development Public Co,Ltd) လုပ်ငန်းခွင်ကို ယမန်နေ့ (မတ် ၁၁) တွင် ထိုင်းအာဏာပိုင်များက ဝင်ရောက်စစ်ဆေးပြီးနောက် မြန်မာဝန်ထမ်းများ လုပ်ခလစာမရသည့်ကိစ္စ ပြေလည်မှုရရှိခဲ့ကြောင်း သိရသည်။

ကုမ္ပဏီဘက်က ၁၅ ရက်တစ်ကြိမ် ပေးချေရမည့် လုပ်ခလစာ တစ်လစာ မပေးခြင်း၊ ပတ်စ်ပို့နှင့် အလုပ်လုပ်ကိုင်ခွင့်အထောက်အထားများ သိမ်းဆည်းထားခြင်းကြောင့် ဝန်ထမ်းများက လယောင်မြို့ရှိ အလုပ်သမားကာကွယ်စောင့်ရှောက်ရေး (ဆဝဒီကန်) ရုံးကို ပြီးခဲ့သည့်သီတင်းပတ်အတွင်း တိုင်ကြားခဲ့ကြသည်။

ဖေဖော်ဝါရီ ၂၀ နှင့် မတ် ၆ ရက်တွင် ပေးရမည့်လစာအနက် ပထမ ၁၅ ရက်စာကို မတ် ၈ ရက် ညပိုင်းတွင် ဘဏ်အကောင့်များအတွင်း ထည့်ပေးခဲ့ပြီး ကျန်ငွေနှင့် လက်ရှိအလုပ်ဆင်းနေသည့် ၁၅ ရက်စာ လုပ်ခလစာများကို မတ် ၂၄ တွင် အပြီးသတ်လွှဲပေးမည်ဖြစ်ကြောင်း မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ (WAG) တာဝန်ရှိသူ ကိုမုန်တိုင်းက Myanmar Now ကို ပြောသည်။

“မတ်၂၄ ရက်နေ့ နောက်ဆုံးထည့်ပေးမယ်။ ပတ်စ်ပို့တွေ သိမ်းထားတာတွေကို ပြန်ကိုင်ဆောင်ခွင့် ပေးတယ်။ အလုပ်သမားတွေဘက်က တောင်းဆိုတာတွေအကုန်လုံးကို သူတို့ဘက်က လိုက်လျောပေးသွားတယ်” ဟု ၎င်းက ဆိုသည်။

ကုမ္ပဏီဘက်က မြန်မာအလုပ်သမားများ၏ လစာများကို တစ်လလျှင် တစ်ကြိမ်ပေးမည်ဖြစ်ပြီး သိမ်းထားသော ပတ်စ်ပို့များ ပြန်ပေး၍ ကိုင်ဆောင်ခွင့်ပြုမည်ဖြစ်ကာ အလုပ်သမားများအနေဖြင့်လည်း ယနေ့မှစ၍ ပုံမှန်လုပ်ငန်းခွင်ဝင်ရန်၊ ၃ ရက်ထက် ပိုခွင့်ယူပါက ဆေးစာ တင်ပြရန် နှစ်ဖက်သဘောတူခဲ့ကြောင်း သူက ဆက်ပြောသည်။

ယခုဖြစ်သည့် ပြဿနာကို အကြောင်းပြု၍ မြန်မာလုပ်သားများကို အကြောင်းမဲ့အလုပ်မထုတ်ရန်၊ အလုပ်ရပ်နားမည့်ဖြစ်စဉ်များပေါ်ပေါက်ပါက အလုပ်သမားအေဂျင်စီကို အကြောင်းကြားရန် ကုမ္ပဏီဘက်က သဘောတူ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

ကန်ထရိုက်ကုမ္ပဏီ၏ ပျက်ကွက်မှုကြောင့် အလုပ်သမားများကို လစာမပေးနိုင်ခြင်းဖြစ်သည်ဟု ကုမ္ပဏီဘက်က အကြောင်းပြကြောင်း သိရသည်။

ထိုင်းအစိုးရတာဝန်ရှိသူများအပါအဝင် ကုမ္ပဏီ၊ အလုပ်သမားအရေးဆောင်ရွက်သူများ နှစ်ဖက် ဆွေးနွေးညှိနှိုင်းခဲ့သည်ကို ယနေ့ မတ် ၁၁ တွင် ထုတ်ပြန်ထားစဉ်။ (ဓာတ်ပုံ-Too Lin/WAG)

ပတ်စ်ပို့များ သိမ်းဆည်းထားခြင်းမှာ လူဝင်မှုကြီးကြပ်ရေးဌာနသို့ သုံးလတစ်ကြိမ် အကြောင်းကြားရာတွင် ပြသရန် လိုအပ်ခြင်း၊ ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးလုပ်ငန်းခွင်အတွင်း ပျောက်ဆုံးသွားနိုင်ခြင်းတို့ကြောင့် ဖြစ်သည်ဟု ဆိုသည်။

အဆိုပါ ကိစ္စတွင် လစာမရသူ မြန်မာအလုပ်သမား  ၃၀၀ ကျော် ၄၀၀ နီးပါးဝန်းကျင်ရှိပြီး နှစ်နိုင်ငံတရားဝင်သဘောတူညီမှု (MoU) ဖြင့် လာရောက်ကာ ပတ်စ်ပို့ကိုင်ဆောင်၍ အလုပ်လုပ်နေသူများ၊ မည်သူမည်ဝါ ထောက်ခံချက်စာအုပ် (CI) ဖြင့် အလုပ်လုပ်သူများလည်း ပါဝင်နေသည်။

လစာမှာ တစ်လလျှင် ဘတ်တစ်သောင်းခွဲဝန်းကျင် ဖြစ်သည်။

လစာ မရသဖြင့် အကြွေးတင်နေကာ စားဝတ်နေရေးအတွက် မိသားစုများထံမှ ပြန်တောင်းနေရသလို ဘဏ်ကတ်များပေါင်နှံထားရကြောင်း တစ်နှစ်ကျော်ကြာ အလုပ်လုပ်နေသည့် အလုပ်သမားတစ်ဦးက ပြီးခဲ့သည့်သီတင်းပတ်အတွင်း Myanmar Now ကို ပြောသည်။

အလုပ်သမားအဖွဲ့အစည်းများကို အကူအညီတောင်းပါက ရဲခေါ်ဖမ်းခိုင်းမည်ဟု ခြိမ်းခြောက်ကြောင်း၊ ထိပ်တန်းဆောက်လုပ်ရေးကုမ္ပဏီကြီးဖြစ်သော်လည်း လစာပေးချေမှုဆိုင်ရာပြဿနာများ ထိုင်းနိုင်ငံရှိ စီမံကိန်းအများအပြားတွင် ရှိနေသည်ဟု ကြားသိရကြောင်း ထိုသူက ဆိုသည်။

လုပ်ခလစာရရှိရေးအတွက် အီတာလျံထိုင်းကုမ္ပဏီနှင့် ညှိနှိုင်းခဲ့သည်ဟု ထိုကုမ္ပဏီသို့ MoU စနစ်ဖြင့် အလုပ်သမားစေလွှတ်ပေးခဲ့သည့် ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ်ရှိ Htay One Service အေဂျင်စီမှ တာဝန်ရှိသူ ဒေါ်ခင်စံပယ်အေးကလည်း ယခင်သီတင်းပတ်က ပြောထားသည်။

ထိုင်းအခြေစိုက် အီတာလျံထိုင်းကုမ္ပဏီသည် တနင်္သာရီတိုင်း ထားဝယ်အထူးစီးပွားရေးဇုန်ကို အကောင်အထည်ဖော်ရန် လုပ်ပိုင်ခွင့်ရခဲ့သော်လည်း နှစ်ပေါင်းများစွာ လုပ်ငန်းကြန့်ကြာခြင်း၊ စာချုပ်ပါ ဘဏ္ဍာရေးတာဝန်များ လိုက်နာရန် အားနည်းခြင်းများကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် လုပ်ကိုင်ခွင့် ရပ်ဆိုင်းခံရသော ကုမ္ပဏီဖြစ်သည်။

ထိုင်းနိုင်ငံတွင်  တရားမဝင် နေထိုင်လုပ်ကိုင်သူ အများအပြားရှိသလို တရားဝင်မှတ်ပုံတင်ထားသည့် မြန်မာအလုပ်သမားလည်း ၂ သန်းကျော် ရှိနေသည်။ စစ်ကောင်စီက အလုပ်သမားများထံမှ ဝင်ငွေခွန် ကောက်သလို၊ လစာ၏ ၂၅ ရာခိုင်နှုန်းကို ပြည်တွင်းသို့ မဖြစ်မနေ ပြန်လွှဲရန် စီစဉ်နေသော်လည်း အလုပ်သမားအရေးကို ထိထိရောက်ရောက်မဖြေရှင်းပေးကြောင်း  အလုပ်သမားအရေးကူညီနေသူများက ဝေဖန်ကြသည်။

စစ်အာဏာသိမ်းမှုကြောင့် အလုပ်အကိုင်အခွင့်အလမ်းနည်းပါးလာ၍ အုံလိုက်ကျင်းလိုက် ပြည်ပသို့ သွားရောက် အလုပ်လုပ်ကိုင်နေချိန် စစ်မှုထမ်းဥပဒေကြောင့် ထွက်ခွာသူ ပိုများလာနိုင်ကြောင်း လေ့လာသူများက ခန့်မှန်းသည်။

Show More

Related Articles

Back to top button