သတင်း

ထိုင်းဘက်မှ ရိက္ခာအကူအညီ ဝင်လာ၊ ဖြန့်ဝေမှုအဆင်မပြေဟု KNU ပြော

စစ်ရှောင်များအတွက် ထိုင်းက ပေးပို့သည့် ကူညီမှုများ ဖြန့်ဝေရာတွင် အဆင်မပြေဟု KNU က ကြေညာသည်၊ စစ်ကောင်စီကမူ အဆင်ပြေသည်ဟု တုံ့ပြန်သည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) က စစ်ပြေးဒုက္ခသည်များအတွက် ထိုင်းဘက်ခြမ်းမှ ပို့သည့် လူသားချင်းစာနာမှုအကူအညီများ ရောက်ရှိလာသော်လည်း လက်ခံ ဖြန့်ဝေရာတွင် ခြိမ်းခြောက်မှု၊ အဆင်မပြေမှုများနှင့် ရင်ဆိုင်နေရသည်ဟု ယနေ့ မတ် ၂၈ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်သည်။

ပိုင်ကျုံမြို့နယ်၊ နဘူးမြို့နယ်နှင့် သာမည (ဒုံရင်းမြို့နယ်) ဟု KNU က ခေါ်ဝေါ်သတ်မှတ်ထားသည့် ဒေသများတွင် ပစ်ခတ်မှု၊ လုယက်မီးရှို့ခံရမှုတို့ကြောင့် ထွက်ပြေးနေရသည့် စစ်ရှောင်နှစ်သောင်းအတွက် ပေးပို့လာသည့် အထောက်အပံ့များ ဖြစ်သည်။

KNU က အကူအညီများ ပေးဝေသည့်နေရာကို စစ်ကောင်စီနှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ကိုယ်စားလှယ်များ လိုက်ပါလာသည့်အတွက် လုပ်ငန်း ခက်ခဲသွားသည်၊ လုပ်ငန်းပြီးစီးရန် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ခဲ့ရသည်ဟု ဆိုသည်။

ထိုင်းနိုင်ငံမှ ပေးပို့သည့် အကူအညီများကို ဝေငှနေစဉ် (ဓာတ်ပုံ – KNU-Hpa-An District News)

မတ် ၂၆ ရက်နေ့က ပိုင်ကျုံမြို့နယ်တွင် အထောက်အပံ့များ ပေးဝေနေစဉ် စစ်လေယာဉ်တစ်စီး မွန်းတည့် ၁၂ နာရီခန့်တွင် ရောက်လာပြီး အင်အားပြ ခြိမ်းခြောက်သဖြင့် စစ်ရှောင်များ ထွက်ပြေးခဲ့ရသည်ဟု KNU ၏ ကြေညာချက်တွင် ပါရှိသည်။

စစ်ကောင်စီတပ်၏ လေယာဉ်က လူနေရပ်ကွက် ကျေးရွာများကို တိုက်ခိုက်လေ့ရှိသဖြင့် လေယာဉ်သံကြားလျှင် ဘေးလွတ်ရာသို့ ကမန်းကတန်း ပြေးပုန်းရသည်ကို ဒေသခံတို့ ကျင့်သားရနေသည်။

စစ်လေယာဉ်ကြောင့် စစ်ရှောင်များ ကြောက်လန့်တကြား ဖြစ်ခဲ့ရသည်၊ ကူညီရေးအစီအစဉ်များတွင် စစ်တပ်က နိုင်ငံရေးအမြတ်ထုတ်လေ့ရှိသည်၊ မြန်မာကြက်ခြေနီအသင်းသည်လည်း စစ်တပ်၏ အရံတပ်ဖွဲ့ဖြစ်သည်၊ ညှိနှိုင်းတိုင်ပင်ပြီးမှသာ ဆက်လက် ထောက်ပံ့ရေးကို စဉ်းစားကြရန် အလှူရှင်နိုင်ငံများကို တိုက်တွန်းသည်ဟု KNU ကြေညာချက်တွင် ဖော်ပြထားသည်။

စစ်ရှောင်များသည် စစ်ကောင်စီတပ်၏ အန္တရာယ်ကြောင့် KNU ထိန်းချုပ်နယ်မြေတွင် ခိုလှုံနေခြင်း ဖြစ်သည်။

စစ်ကောင်စီ၏ တုံ့ပြန်မှု

စစ်ကောင်စီ၏ ကရင်ပြည်နယ်အစိုးရအဖွဲ့ပြောရေးဆိုခွင့်ရှိသူ စီးပွားရေးဝန်ကြီး စောခင်မောင်မြင့်ကမူ ထိုင်းနိုင်ငံက ပေးသည့် အကူအညီများကို ကြက်ခြေနီအသင်းနှင့် KNU တပ်မဟာ (၇) မှ တာဝန်ရှိသူများက အတူတကွ ဝေငှပေးခဲ့ခြင်းဖြစ်ကြောင်း တုံ့ပြန်သည်။

KNU တပ်မဟာ (၇) ဘားအံခရိုင်သည် ၎င်းတို့နှင့် ပူးပေါင်း ဆောင်ရွက်နေသည်ဟုလည်း ပြောသည်။

“တပ်မဟာ ၆ ဘက်က KNU အဖွဲ့တွေကတော့ အပြန်အလှန်တိုက်နေကြတာပဲ။ တပ်မဟာ (၇) ကတော့ NCA လမ်းကြောင်းအတိုင်းပဲ ရပ်တည်နေတဲ့ တပ်ဖွဲ့ပေါ့။ ဘားအံခရိုင် ဥက္ကဋ္ဌ ပဒိုအောင်မော်အေး ဦးဆောင်တဲ့အဖွဲ့ပေါ့” ဟု စောခင်မောင်မြင့်က ဆိုသည်။

ဒုက္ခသည်များအတွက် ပစ္စည်းများကို သယ်ယူ ဖြန့်ဖြူးပေးရန် စစ်ကောင်စီတွင် အခက်အခဲရှိသည်၊ သယ်ပို့ရာတွင် နယ်ခြားစောင့်တပ်ကလည်း ကူညီခဲ့သည်ဟု သူက ဆက်ပြောသည်။

“သယ်ပေးဖို့ အခက်အခဲဖြစ်တော့ KNU အဖွဲ့ဘက်ကပဲ ကားတွေစီစဉ်ပြီးတော့ ဗိုလ်မှူးစောတင်ဝင်း (BGF) ဦးဆောင်တဲ့အဖွဲ့က သယ်ပို့ပေးပါတယ်” ဟု စောခင်မောင်မြင့်က ဆိုသည်။

ထိုင်း-မြန်မာနယ်စပ်မြို့ မဲဆောက်မှတစ်ဆင့် ရောက်လာသည့် ပစ္စည်းများထဲတွင် စားနပ်ရိက္ခာ အဓိကပါဝင်သည်၊ မတ် ၂၅ ရက်နေ့တွင် ထိုင်းကြက်ခြေနီအသင်းက မြန်မာကြက်ခြေနီအသင်းထံ လွှဲပြောင်းပေးခြင်း ဖြစ်သည်ဟု သိရသည်။

အဆိုပါ အကူအညီသည် ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် ထိုင်းအစိုးရ စီစဉ်သည့် ပထမဆုံးသော မြန်မာအတွက်နယ်စပ်ဖြတ်ကျော်အကူအညီဖြစ်သည်။

KNU ၏ တပ်ရင်းတပ်ဖွဲ့များသည် အာဏာသိမ်းပြီးနောက် စစ်တပ်ကို တန်ပြန်တော်လှန်နေသော်လည်း KNU တပ်မဟာ ၇ သည် စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖလားဘောလုံးပွဲတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်အထိ နှစ်ဖက်အကြား ဆက်ဆံရေးကောင်းကြောင်း စစ်ကောင်စီ၏ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးစောခင်မောင်မြင့်က ဆိုသည်။

ကရင်ပြည်နယ်မြို့တော် ဘားအံမြို့ ဇွဲကပင်အားကစားကွင်းတွင် မတ်လ ၂ ရက်ကတည်းက စတင်ကျင်းပနေသည့် အသက် ၃၅ နှစ်နှင့်အထက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA(PC) ၊ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) ၊ ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) ၊ KNU တပ်မဟာ ၇ နှင့် စစ်ကောင်စီခန့် ကရင်ပြည်နယ်အစိုးရအဖွဲ့တို့ ပါဝင်သည်။

KNU ဗဟိုပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးကမူ စစ်ကောင်စီ၏ ကရင်ပြည်နယ်အစိုးရအဖွဲ့က ပြုလုပ်သည့် ငြိမ်းချမ်းရေးဖလားတွင် တပ်မဟာ ၇ ပါဝင်နေသည့်ကိစ္စကို မှတ်ချက်မပေးလိုကြောင်း Myanmar Now ကို ပြောသည်။

KNU သည် အာဏာသိမ်းစစ်တပ်ကို တန်ပြန်တိုက်ခိုက်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် KNU ၏ ခရိုင် ၇ ခု၊ တပ်မဟာ ၇ ခု နယ်မြေတွင် စစ်ရှောင်ဒုက္ခသည် ၇ သိန်း ၆ သောင်းကျော် ထွက်ပြေး ခိုလှုံလာကြကြောင်း သိရသည်။

Show More

Related Articles

Back to top button