သတင်း

အီတာလျံထိုင်းကုမ္ပဏီ လစာမပေးသဖြင့် မြန်မာလုပ်သားများ ထိုင်းအစိုးရထံ တိုင်ကြား

လစာမရသဖြင့် အကြွေးတင်နေသည့်အပြင် စားဝတ်နေရေးအတွက် မိသားစုများထံမှ ပြန်တောင်းနေရသလို ဘဏ်ကတ်များပေါင်နှံထားရကြောင်း အလုပ်သမားတစ်ဦးက ပြောသည်။

ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင်၊ လယောင်မြို့ရှိ ရေနက်ဆိပ်ကမ်း တည်ဆောက်နေသည့် အီတာလျံထိုင်းကုမ္ပဏီ (Italian Thai Development Public Co,Ltd) သည် လုပ်ခလစာ မပေး၍ မြန်မာအလုပ်သမားများက ထိုင်းအစိုးရထံ ယမန်နေ့ (မတ် ၇) တွင် တိုင်ကြားထားကြောင်း သိရသည်။

အီတာလျံထိုင်းကုမ္ပဏီဘက်က ၁၅ ရက်တစ်ကြိမ်ပေးချေသည့် တစ်လစာ လစာမပေးသလို ပတ်စပို့နှင့် အလုပ်လုပ်ကိုင်ခွင့်အထောက်အထားများ သိမ်းထားခြင်းကြောင့် လယောင်မြို့ရှိ အလုပ်သမားကာကွယ်စောင့်ရှောက်ရေး (ဆဝဒီကန်) ရုံးကို တိုင်ကြားထားသည်ဟု မြန်မာအလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ (WAG) တာဝန်ရှိသူ ကိုမုန်တိုင်းက Myanmar Now ကို ပြောသည်။

“ထိုင်းနိုင်ငံကြီးကြပ်ရေးအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပေးဖို့ ဒီလုပ်ငန်းကို ဝင်စစ်ပေးဖို့ တောင်းဆိုတဲ့ အချိန်မှာ လာမယ့် ၁၁ ရက်နေ့ တနင်္လာနေ့မှာ အဖွဲ့စုံနဲ့ ဆောက်လုပ်ရေးကို ဝင်စစ်ဖို့ လက်ခံပေးတယ်။ ဒါပေမဲ့ လက်ရှိကတော့ အဆင်မပြေသေးဘူးပေါ့” ဟု ကူညီပေးနေသည့် ၎င်းက ပြောသည်။

အီတာလျံထိုင်းကုမ္ပဏီတွင် နှစ်နိုင်ငံတရားဝင်သဘောတူညီမှု (MOU) ဖြင့် လာရောက်ကာ ပတ်စ်ပို့ကိုင်ဆောင်၍ အလုပ် လုပ်နေသူ ၃၀၀ ကျော်၊ မည်သူမည်ဝါ ထောက်ခံချက်စာအုပ် (CI) ဖြင့် အလုပ်လုပ်သူ ၁၀၀ ကျော်ရှိပြီး တစ်ဦးလျှင် တစ်လစာ ဘတ် ၁၅,၀၀၀ ဝန်းကျင် ရရန်ရှိနေသည်ဟု သိရသည်။

ကန်ထရိုက်ကုမ္ပဏီက ပိုက်ဆံမပေးခြင်းကြောင့် အလုပ်သမားများကို လစာမပေးနိုင်ခြင်းဖြစ်ကြောင်း ကုမ္ပဏီက အကြောင်းပြသည်ဟု သိရသည်။ တိုင်ကြားထားသူ အလုပ်သမားအားလုံး၏ တစ်လစာလုပ်အားခ ဘတ် ၆ သန်းဝန်းကျင် ပေးချေရန် ပျက်ကွက်နေခြင်းဖြစ်သည်။

လာမည့်သီတင်းပတ်တွင် အဖွဲ့စုံဖြင့် ထိုကုမ္ပဏီကို စစ်ဆေးပြီးမှသာ အခြေအနေသိရမည်ဖြစ်ပြီး လက်တလောတွင် လစာမရရှိခြင်းကြောင့် အလုပ်သမားများ စားဝတ်နေရေးခက်ခဲနေသည်ဟု သူက ဆက်ပြောသည်။

ထိုင်းနိုင်ငံတွင် အလုပ်သမားများကို ၁၅ ရက်တစ်ကြိမ် ငွေပေးချေလေ့ရှိရာ ဖေဖော်ဝါရီ ၂၀ ရက်နှင့် မတ် ၆ ရက်တွင် ပေးရမည့်ပိုက်ဆံကို နေ့ရွှေ့ညရွှေ့ ရွှေ့ဆိုင်းနေကြောင်း အထက်ပါ ကုမ္ပဏီတွင် တစ်နှစ်ကျော်ကြာ အလုပ်လုပ်နေသည့် မြန်မာဝန်ထမ်းတစ်ဦးက Myanmar Now ကို ပြောသည်။

“အလုပ်သမားတွေက ဒီမှာ ဈေးဆိုင်တွေမှာ အကြွေးတွေ အများကြီးတင်နေတော့ (ပစ္စည်းဝယ်ယူရာမှာ) အကြွေးမပေးတော့ဘူး။ စားဝတ်နေရေးအခက်အခဲတွေ ဖြစ်တယ်ပေါ့ဗျာ။ နောက်က မိသားစုတွေဆီမှာ ပိုက်ဆံပြန်တောင်းရတဲ့အဖြစ်တွေလည်း အခုကြုံနေရတယ်။ ကျွန်တော်တို့ လက်ရှိကိုင်ဆောင်ထားတဲ့ ဘဏ်ကတ်တွေလည်း ပေါင်ထားရတယ်” ဟု ၎င်းက ဆိုသည်။

မတ် ၆ ရက်နောက်ပိုင်းတွင် ကုမ္ပဏီဘက်က ပထမ ၁၅ ရက်စာလုပ်ခ ထုတ်ပေးမည်ဟု ပြောခဲ့သော်လည်း အချိန်အတိအကျကို အာမခံပေးနိုင်ခြင်းမရှိ၍ ဥပဒေကြောင်းအရ ဖြေရှင်းရန် ဆဝဒီကန်ရုံး ခေါ် အလုပ်သမားအခွင့်အရေးဆိုင်ရာရုံးကို တိုင်ကြားခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

“ဥပဒေအတိုင်း ဆောင်ရွက်မယ်လို့ပြောတော့ ကျွန်တော်တို့ကို ဘယ်လိုဖြေကြားလဲဆိုတော့ အပြင်က အလုပ်သမားအရေးအဖွဲ့တွေကို ခေါ်လို့မရဘူး။ တကယ်လို့ ခေါ်မယ်ဆိုရင် အလုပ်သမားတွေကို ရဲခေါ် ဖမ်းခိုင်းလိုက်မယ်ပေါ့။ သူတို့က အမျိုးမျိုးခြိမ်းခြောက်တာပေါ့” ဟု ကာယကံရှင် မြန်မာဝန်ထမ်းက ဆိုသည်။

တရားဝင် အလုပ်လုပ်ကိုင်သူများဖြစ်၍ ထိုသို့ခြိမ်းခြောက်၍ မရကြောင်း တုံ့ပြန်ပြောဆိုသည့်နည်းတူ ယခုလ ၆ ရက်နှင့် ၇ ရက်တွင် အလုပ်မဆင်းခဲ့ကြောင်း၊ ထိုင်းဥပဒေအရ ၃ ရက်ဆက် အလုပ်ဆင်းလျှင် အလုပ်ဖြုတ်နိုင်သည့် အခြေအနေရှိ၍ ယနေ့တွင် လုပ်ငန်းခွင်ပြန်ဝင်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

သို့သော် ယနေ့နေလယ်အထိ လုပ်ခလစာပေးချေခြင်း မရှိသလို ထိုင်းနိုင်ငံ၏ ထိပ်တန်းဆောက်လုပ်ရေးကုမ္ပဏီကြီးဖြစ်သော်လည်း လစာပေးချေမှုဆိုင်ရာပြဿနာများ ထိုင်းနိုင်ငံရှိ စီမံကိန်းအများအပြားတွင် ရှိနေသည်ဟု ကြားသိရကြောင်း သူက ဆိုသည်။

လုပ်ခလစာရရှိရေးအတွက် အီတာလျံထိုင်းကုမ္ပဏီနှင့် ညှိနှိုင်းပေးနေကြောင်း ထိုကုမ္ပဏီသို့ MoU စနစ်ဖြင့် အလုပ်သမား စေလွှတ်ပေးခဲ့သည့် ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ်ရှိ Htay One Service အေဂျင်စီမှ တာဝန်ရှိသူ ဒေါ်ခင်စံပယ်အေးက Myanmar Now ကို ပြောသည်။

“ကုမ္ပဏီနဲ့ အီတာလျံထိုင်းနဲ့ ပူးပေါင်းပြီး ဟိုဘက်မှာ သူတို့ရဲ့ ဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး လုပ်ပေးနေတယ်။ ဘာပြဿနာမှ မတက်ပါဘူး။ ကလေးတွေက မစောင့်နိုင်လို့ သွားတိုင်တာလား အဲ့ဒီလိုလေးတွေဖြစ်နေတာပါ”

စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် စီးပွားရေးကျကာ အလုပ်အကိုင်ရှားပါးလာမှုကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံကို တရားဝင်နှင့် တရားမဝင် လာရောက်အလုပ်လုပ်သူများစွာရှိနေပြီး လုပ်ခလစာနှင့် အလုပ်သမားအခွင့်အရေး အပြည့်အဝမရသည့် ပြဿနာများစွာ ရင်ဆိုင်နေကြရသည်။

တိုင်းပြည်ကသောင်းကနင်းဖြစ်နေချိန် ပြည်ပရောက်အလုပ်သမားများအနေဖြင့် ထိုင်းအာဏာပိုင်များ၏ ပစ်မှတ်ထားဖမ်းဆီးမှု၊ လုပ်ငန်းခွင်ပြဿနာများ ပိုများလာကြောင်း WAG အဖွဲ့မှ တာဝန်ရှိသူ ကိုမုန်တိုင်းက ဆိုသည်။

၎င်းတို့အဖွဲ့ထံ ကူညီဖြေရှင်းရန် တိုင်ကြားမှုများလည်း ပိုများလာကြောင်း ပြောသည်။

“အထောက်ထားမရှိသူဆိုရင် သွားတာလာတာ ဆင်ခြင်စေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဗမာမှန်းသိရင် ဖမ်းဆီးတာတွေများတယ်။ အများကြီးတွေ့ကြုံရတယ်။ နောက်ပြီးရင် MoU တွေဆိုရင်လည်း စာချုပ်ချုပ်လာတာ၊ လုပ်ငန်းခွင်ထဲ မရောက်တာတွေ ရှိတယ်” ဟု သူက ပြောသည်။

အလုပ်သမားပို့ဆောင်နိုင်ရေးကိုသာ အလေးထားပြီး နောက်ဆက်တွဲ လုပ်ငန်းခွင့်ဆိုင်ရာ အခက်အခဲများကို မဖြေရှင်းပေးသည့် အလုပ်ရှာဖွေရေးအေဂျင်စီများစွာရှိနေကြောင်း ၎င်းက ဆိုသည်။

ထိုင်းအခြေစိုက် အီတာလျံထိုင်းကုမ္ပဏီသည် တနင်္သာရီတိုင်း ထားဝယ်အထူးစီးပွားရေးဇုန်ကို အကောင်အထည်ဖော်ရန် လုပ်ပိုင်ခွင့်ရထားသော်လည်း နှစ်ပေါင်းများစွာ လုပ်ငန်းကြန့်ကြာခြင်း၊ စာချုပ်ပါ ဘဏ္ဍာရေးတာဝန်များလိုက်နာရန် အားနည်းချက်များကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် လုပ်ကိုင်ခွင့် ရပ်ဆိုင်းခံရသည်။

ထိုင်းနိုင်ငံတွင် တရားဝင်နှင့် တရားမဝင် မြန်မာအလုပ်သမား သန်းနှင့်ချီရှိနေပြီး စစ်ကောင်စီက အလုပ်သမားများထံမှ ဝင်ငွေခွန်ကောက်သလို၊ လစာ၏ ၂၅ ရာခိုင်နှုန်းကို ပြည်တွင်းကို မဖြစ်မနေပြန်လွှဲရန် စီစဉ်နေသော်လည်း အလုပ်သမားအရေးကို ထိထိရောက်ရောက်မဖြေရှင်းပေးကြောင်း  အလုပ်သမားအရေးကူညီနေသူများက ဝေဖန်ကြသည်။

စစ်အာဏာသိမ်းမှုကြောင့် အလုပ်အကိုင်အခွင့်အလမ်းနည်းပါးလာ၍ အုံလိုက်ကျင်းလိုက် ပြည်ပသို့ သွားရောက်အလုပ်လုပ်ကိုင်နေချိန် စစ်မှုထမ်းဥပဒေကြောင့် ထွက်ခွာသူ ပိုများလာနိုင်ကြောင်း ရန်ကုန်မြို့မှ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

“များသောအားဖြင့် မိဘတွေက ကလေးတွေကို ဒီမှာ မထားချင်ကြတော့ဘူးလေ။ ရရင်ရသလို ပြည်ပကို လွှတ်ဖို့ပဲ စဉ်းစားကြတာပေါ့။ နေ့တိုင်းနေ့တိုင်းလည်း ပတ်စ်ပို့လျှောက်တဲ့သူတွေ များလာတယ်။ ရိုးရိုးဈေးကတော့ QR နဲ့ တင်မယ်ဆိုရင် ကျပ် ၃၀,၀၀၀၊ ၃၅,၀၀၀ ပေါ့။ အပြင်မှာ ပေါက်နေတာတွေက ကြောက်စရာကြီးတွေ ဖြစ်နေတယ်” ဟု သူက ဆိုသည်။

ထိုဥပဒေကြောင့် ပြည်ပသို့ အလုပ်သမားစေလွှတ်ရာတွင် ကန့်သတ်ချက်အသစ်များ ချမှတ်နိုင်ကြောင်း၊ ထွက်ခွာခွင့် တင်းကျပ်ပါက တရားမဝင်လမ်းကြောင်းများကို ပိုမိုရွေးချယ်လာနိုင်ကြောင်း သူက ဆိုသည်။

လူအများ စိုးရိမ်မှုမြင့်တက်နေချိန် ပြည်ပမှ အလုပ်ခေါ်စာသစ်များကို ပိတ်ပင်လိုက်သည်ဟု ဖေဖော်ဝါရီ ၁၄ တွင် စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများကို အကြောင်းကြားခဲ့သော်လည်း နောက်တစ်ရက်တွင် ပြန်လည်ဖွင့်ပေးလိုက်သည်။

Show More

Related Articles

Back to top button