
စစ်အာဏာသိမ်းမှုသုံးနှစ်အတွင်း အထည်ချုပ်အမှာများ ရပ်ဆိုင်းကာ မြန်မာနိုင်ငံမှ အပြီးထွက်ခွာရန် ဆုံးဖြတ်လိုက်သည့် နိုင်ငံတကာအဝတ်အထည် အမှတ်တံဆိပ် ၁၂ ခု ရှိလာသည်။
မြန်မာနိုင်ငံ စက်ရုံများတွင် အလုပ်အပ်ထားသည့် အဝတ်အထည်အမှတ်တံဆိပ်ပေါင်း ၈၀ ထက်မနည်းရှိခဲ့သည်၊ အလုပ်သမားအခွင့်အရေးနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများရှိနေသည်ဟူသော အစီရင်ခံစာများ ဆက်တိုက် ပေါ်ပေါက်လာနေချိန် ထွက်ခွာသွားသည့် လုပ်ငန်းများမှာ နိုင်ငံပေါင်း ၈ ခုမှ နာမည်ကြီးတံဆိပ်များ ဖြစ်သည်ကို Myanmar Now ၏ လေ့လာချက်အရ သိရသည်။
တချို့သည် အာဏာသိမ်းပြီး မကြာမီ ထွက်သွားကြသလို၊ တချို့မှာ အခြေအနေစောင့်ကြည့်ပြီးမှ ဖြည်းဖြည်းချင်း စွန့်ခွာခြင်း ဖြစ်သည်။
ထွက်သွားသည့် အမှတ်တံဆိပ်များမှာ ဂျာမနီအခြေစိုက် C&A, Lidl, Jako၊ ဗြိတိန်မှ Tesco, Marks & Spencer, ဩစတြီးယားမှ Aldi South, စပိန်မှ Zara အမှတ်တံဆိပ်ချုပ်လုပ်သည့် Inditex, Mango, အီတလီမှ Benetton Group, အိုင်ယာလန်မှ Primark, ဆွီဒင်မှ H&M နှင့် ဂျပန်မှ Uniqlo တို့ဖြစ်သည်။

လုပ်ငန်းလည်ပတ်နိုင်မှု ပိုမိုခက်ခဲ
နိုင်ငံတကာအမှတ်တံဆိပ်များ ထွက်ခွာသွားခြင်းကြောင့် စက်ရုံလုပ်ငန်းလည်ပတ်မှု ထိခိုက်ကြောင်း မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်းဝင် လုပ်ငန်းရှင်တစ်ဦးက Myanmar Now ကို ပြောသည်။
“CMP (လက်ခစားစနစ်) စက်ရုံတော်တော်များများ အော်ဒါမရှိလို့ရှိရင် လည်ပတ်ဖို့က အဆင်မပြေဘူး၊ ဆိုတော့ တောင့်မခံထားတဲ့ စက်ရုံတော်တော်များများဆိုရင် လူလျှော့တာတို့၊ ပိတ်ရတာတို့ ဖြစ်နိုင်တာပေါ့” ဟု လုံခြုံရေးကြောင့် အမည်မဖော်ပြလိုသည့် ၎င်းက ဆိုသည်။
မြန်မာအထည်ချုပ်စက်ရုံအားလုံး၏ အထည်ချုပ်အမှာ မည်မျှရှိသည့်ကို အသေးစိတ်မသိသော်လည်း ယခင်အာဏာမသိမ်းမီ အခြေအနေကဲ့သို့ နှစ်ရှည်စာချုပ်ဖြင့် ချုပ်လုပ်ပေးရခြင်းမျိုး မရှိတော့သဖြင့် စက်ရုံတိုင်း ရင်တထိတ်ထိတ်ဖြင့် လည်ပတ်လုပ်ကိုင်နေရကြောင်း သူက ဆက်ပြောသည်။

လက်ခစား သီးသန့်ချုပ်လုပ်သည့် စက်ရုံများမှာ တစ်စတစ်စခက်ခဲလာပြီး ကိုယ်ပိုင်အမှတ်တံဆိပ်ကို ကိုယ်တိုင်ချုပ်လုပ်ရောင်းချသည့် နိုင်ငံတကာမှ လုပ်ငန်းရှင်များသာ ပီပီပြင်ပြင်လည်ပတ်နိုင်ကြောင်း သူက ဆိုသည်။
မြန်မာအထည်ချုပ်စက်ရုံ ၉၅ ရာခိုင်နှုန်းမှာ လက်ခစားစနစ်ဖြင့် လည်ပတ်နေပြီး ၅ ရာခိုင်နှုန်းသာ ကိုယ်တိုင်ချုပ်လုပ်တင်ပို့စနစ်ဖြင့် တင်ပို့နေခြင်းဖြစ်သည်။
“ကျွန်တော်တို့အလုပ်တွေက သွားတည်ထားပြီးရင် ချက်ချင်းရပ်ပစ်လိုက်လို့ ရတဲ့အရာမှ မဟုတ်တာ။ ကျွန်တော်တို့က နည်းနည်းရှုံးတာနဲ့၊ များများရှုံးတာနဲ့ အဲ့လိုလေးတွေ ထိန်းပြီးတော့ လုပ်နေကြရတယ်။ တချို့ကလည်း ရပ်လိုက်တော့မယ်ကွာဆိုပြီး ရပ်လိုက်တာလည်း ရှိနိုင်တာပေါ့” ဟု သူက ဆိုသည်။
အလုပ်သမားတို့၏ အကျပ်အတည်း
အာဏာသိမ်းပြီးနောက် လျှပ်စစ်ဓာတ်အား အကြီးအကျယ် ပြတ်တောက်ခြင်းကြောင့် စက်ရုံများ လုပ်ငန်းလည်ပတ်ရန် ဒီဇယ်အင်ဂျင်ကို အားကိုးနေရသည်။ တိုက်ပွဲများကြောင့်လည်း ကုန်သွယ်ရေးလမ်းကြောင်းများ ပြတ်တောက်ကာ ကုန်ကြမ်းရှားပါးမှုနှင့် ရင်ဆိုင်နေရသည်။
တစ်ပြိုင်တည်းတွင် စရိတ်စကကြီးလာရာ အထည်ချုပ်ခလည်း ဈေးကြီးလာ၍ အခြားနိုင်ငံများနှင့် ယှဉ်ပြိုင်နိုင်စွမ်း ကျဆင်းနေသည်ဟု အထည်ချုပ်လုပ်ငန်းရှင်များက ဆိုသည်။
နိုင်ငံတကာအဝတ်အထည် အမှာမရခြင်းကြောင့် ပိတ်သိမ်းလိုက်ရသည့် စက်ရုံများရှိသလို ပုံမှန်မလည်ပတ်နိုင်သည့် စက်ရုံများရှိကြောင်း ရွှေပြည်သာမြို့နယ်မှ အလုပ်သမား ၁၀၀၀ ခန့် လုပ်ကိုင်နေသည့် အထည်ချုပ်စက်ရုံတစ်ခုမှ အမည်မဖော်လိုသူ စက်ရုံဝန်ထမ်းတစ်ဦးက ပြောသည်။
သူအလုပ်လုပ်သည့် စက်ရုံသည် အလုပ်ဖြစ်ရေးအတွက် အခြားစက်ရုံများကို အားကိုးနေရသည်ဟု ဆိုသည်။
“မျှချုပ်ရတဲ့အနေအထားပေါ့။ ကျွန်တော်တို့ စက်ရုံဆိုရင် ကိုယ်ပိုင် Brand (အထည်ချုပ်အမှတ်တံဆိပ်) မရှိဘူး။ သူများဆီက ဆွဲပြီးတော့ ပြန်ယူချုပ်တာပေါ့။ အဲ့ဒီတော့ သိပ်အဆင်မပြေဘူး။ သူဌေးတွေက ကိုယ်ပိုင်အော်ဒါမဟုတ်တော့ ငွေရေးကြေးရေးကိစ္စနဲ့ ပတ်သက်ရင် သိပ်မပေးချင်ဘူး” ဟု သူက ဆိုသည်။

လုပ်ခလစာနည်းပါးသည့် စက်ရုံဝန်ထမ်းများအနေဖြင့် ပုံမှန်အလုပ်မဆင်းနိုင်သလို အချိန်ပိုလည်းမရှိ၍ လစာနှင့် ခံစားခွင့်အကျိုးအမြတ်များ လျော့ကျလာသည်။ အခြားတစ်ဖက်တွင် ကုန်ဈေးနှုန်းကြီးမြင့်နေ၍ အလုပ်သမားမိသားစုများ စားဝတ်နေရေး ပိုမို ကျပ်တည်းလာကြသည်။
“လောက်ငတယ်ဆိုတာ မရှိပါဘူး။ ကုန်ဈေးနှုန်းက သိတဲ့အတိုင်းပဲ။ ဒီနေ့ ၁၀၀ ဆို နောက်နေ့ ၂၀၀ ကျပ် တက်နေတာ။ ကျသွားတယ်ဆိုတာ မရှိဘူး။ အဲ့ဒီတော့ ရလာတဲ့လစာနဲ့ မလောက်ဘူး” ဟု အထက်ပါ အထည်ချုပ်အလုပ်သမက ဆိုသည်။
စစ်ကောင်စီလက်ထက် ထောက်ပံ့ကြေးဟုဆိုကာ အနိမ့်ဆုံးလုပ်ခလစာကို ၁,၀၀၀ တိုးပေးသော်လည်း တက်နေသည့် ကုန်ဈေးနှုန်းနှင့်ယှဉ်၍ မကာမိကြောင်း၊ စက်ရုံပိတ်သိမ်း၍ အလုပ်ပြုတ်သွားသူများမှာ ဒုက္ခပိုရောက်ရသည်ဟုလည်း သူကပြောသည်။
အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများ
ကမ္ဘာ့ဒုတိယအကြီးဆုံး အဝတ်ထည်လုပ်ငန်း H&M က မြန်မာအခြေအနေကို အနီးကပ်စောင့်ကြည့်ခဲ့ပြီး အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများ တိုးလာသဖြင့် သေချာစဉ်းစားကာ ထွက်ခွာရန် ဆုံးဖြတ်ခဲ့ကြောင်း Reuters သတင်းဌာနကို ပြီးခဲ့သည့်နှစ် ဩဂုတ်လတွင် ပြောဆိုခဲ့သည်။
“မြန်မာနိုင်ငံမှာ နောက်ဆုံးဖြတ်ပေါ် တိုးတက်မှုတွေကို အနီးကပ်စောင့်ကြည့်နေပြီး ကုမ္ပဏီစံချိန်စံညွှန်းနဲ့ လိုအပ်ချက်တွေအရ လုပ်ငန်းလည်ပတ်ဖို့ စိန်ခေါ်မှုတွေ ပိုများလာတာ တွေ့ပါတယ်” ဟု ဆိုသည်။
မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းကမူ နိုင်ငံတကာကုမ္ပဏီများ ဆက်လက်ရှိခြင်းသည် အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း H&M က ထွက်ခွာရန် ဆုံးဖြတ်အပြီး ဩဂုတ် ၂၅ တွင် ထုတ်ပြန်သည်။
“ခက်ခဲသော စီးပွားရေးအခြေအနေများကြားတွင် အလုပ်ထုတ်ခံရနိုင်ခြေ မြင့်မားခြင်းအပါအဝင် စက်ရုံများရှိ ဝန်ထမ်းတို့၏ အသက်မွေးဝမ်းကျောင်းကို များစွာထိခိုက်စေမည်ဖြစ်ပါသည်” ဟု ထိုထုတ်ပြန်ချက်တွင် ဖော်ပြသည်။
၂၀၀၀ ပြည့်နှစ်ဝန်းကျင်က နိုင်ငံတကာအဝတ်အထည်ကုမ္ပဏီများ အလားတူ ထွက်ခွာခဲ့ခြင်းကြောင့် ဆိုးကျိုးသက်ရောက်စေခဲ့သည်ဟုလည်း ဆိုသည်။
အထည်ချုပ်လုပ်ငန်းရှင်များ အသင်းဝင်စက်ရုံပေါင်း ၅၀ဝ နီးပါးတွင် အလုပ်သမားဦးရေ လေးသိန်းခွဲမှ ငါးသိန်းခွဲခန့်ရှိသည်ဟု သိရသည်။

အထည်ချုပ်လုပ်ငန်းများ ထွက်ခွာသွားခြင်းသည် ထိခိုက်မှုတစ်စုံတစ်ရာ ရှိနိုင်သော်လည်း အထည်ချုပ်ကဏ္ဍတစ်ခုလုံး ယိမ်းယိုင်ရပ်တန့်သွားသည့် အခြေအနေမဟုတ်ဟု ပြည်တွင်း၌ ဆက်လက်ရပ်တည်၍ အလုပ်သမားအရေးလှုပ်ရှားသည့် သွေးစည်းညီညွတ်သော အလုပ်သမားများသမဂ္ဂအဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦးက ပြောသည်။
နာမည်ကြီးအမှတ်တံဆိပ်ချုပ်ပေးသည့် စက်ရုံများအနေဖြင့် သာမန်အထည်ချုပ်များနှင့် ယှဉ်လျှင် ချုပ်လုပ်ခ ပိုရနိုင်သော်လည်း အလုပ်သမားများကို ထူးထူးခြားခြား အခွင့်အရေးပိုမပေးကြောင်း သူက ဆိုသည်။
“Brand ချုပ်တဲ့ရုံတွေကလည်း Local ရုံတွေအတိုင်းပဲ ပိုက်ဆံပေးတယ်။ အဓိကက အခွင့်အရေးချိုးဖောက်တဲ့အခါမှာ Brand (အမှတ်တံဆိပ်) ဆိုရင် အလုပ်သမားသမဂ္ဂတွေက ချဉ်းကပ်တဲ့အခါမှာ မြန်မြန် သိတယ်။ ဖြေရှင်းရှင်း၊ မဖြေရှင်းရှင်း ဘယ်လိုစာပို့တယ်။ ဘယ်လိုတောင်းဆိုတယ် လုပ်လို့ရတယ်” ဟု သူက ပြောသည်။
အခွင့်အရေးချိုးဖောက်မှုများကို အလုပ်သမားတို့က တိုင်ကြားပါက တုံ့ပြန်မှုအားနည်းသည့် နာမည်ကြီးအမှတ်တံဆိပ် လုပ်ငန်းများစွာရှိကြောင်း သူက ဆိုသည်။
လူ့အခွင့်အရေးနှင့် အလုပ်သမားအခွင့်အရေးမရနိုင်၍ နိုင်ငံတကာကုမ္ပဏီများ စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန်၊ အာဏာသိမ်းစစ်တပ်ကို ထောက်ပံ့ကူညီရာရောက်၍ ထွက်ခွာကြရန် တော်လှန်ရေးအမြင်ဖြင့် တောင်းဆိုမှုများရှိနေသည်။
ကုမ္ပဏီများထွက်ခွာခြင်းကြောင့် အလုပ်သမားတို့ အလုပ်လက်မဲ့ဖြစ်၊ ဝင်ငွေထိခိုက်နိုင်သော်လည်း စစ်ကောင်စီလက်အောက်တွင် ကျင့်ဝတ်နှင့်အညီ လည်ပတ်လုပ်ကိုင်ရန် မဖြစ်နိုင်ကြောင်း အလုပ်သမားရေးတက်ကြွလှုပ်ရှားသူတို့က ဆိုသည်။
လူ့အခွင့်အရေး လေးစားသည်ဟုဆိုသည့် ကုမ္ပဏီကြီးများက အမှာများ ဆက်လက်ပေးနေသော်လည်း အဝတ်အထည်များကို ချုပ်ပေးသည့် အလုပ်သမားများမှာ အခွင့်အရေးဆုံးရှုံးနေကြောင်း ၎င်းတို့က ဆိုသည်။
လွတ်လပ်စွာထုတ်ဖော်ခွင့်နှင့် အသင်းအပင်းဖွဲ့စည်းခွင့်မရှိတော့သလို အဓမ္မခိုင်းစေမှု၊ လုပ်အားခခေါင်းပုံဖြတ်မှု၊ ဥပဒေပါခံစားခွင့်နှင့် လူမှုဖူလုံရေးခံစားခွင့်များ ဆုံးရှုံးမှုရှိလာကာ နိုင်ငံတကာကုမ္ပဏီကြီးများက အကာကွယ်မပေးနိုင်ကြောင်း ၎င်းတို့က ဆိုသည်။
၂၀၂၃ နှစ်ကုန်ပိုင်းတွင်မူ ပြည်ပရင်းနှီးမြှုပ်နှံမှု အကြီးအကျယ်လိုအပ်သော စစ်ကောင်စီက ဖြေလျှော့မှုတစ်ခု ပြုလုပ်လာသည်။
ယင်းမှာ အခြေခံလုပ်ခလစာတိုးပေးရန် ဆန္ဒပြတောင်းဆိုခဲ့သည့် အထည်ချုပ်အလုပ်သမားများနှင့် အလုပ်သမားအရေးဆောင်ရွက်သူ စုစုပေါင်း ၁၂ ဦးကို နှစ်လကျော် ဖမ်းဆီးထားပြီးနောက် ခံဝန်ထိုးခိုင်းကာ ပြန်လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။
အာဏာသိမ်းပြီးနောက် အမေရိကန်၊ ဥရောပသမဂ္ဂကို အထည်ချုပ်တင်ပို့မှု ကျဆင်းသွားသော်လည်း ဂျပန်၊ ကိုးရီယား၊ ဟောင်ကောင်၊ ထိုင်ဝမ်နှင့် တရုတ်တို့ကိုလည်း တင်ပို့နေကြောင်း အထည်ချုပ်လုပ်ငန်းရှင်များထံမှ သိရသည်။
ပြည်ပပို့ကုန်များအနက် အထည်ချုပ်တင်ပို့မှုမှ အများဆုံးပို့ကုန်ဝင်ငွေ ရနေပြီး ၂၀၂၃-၂၄ ဘဏ္ဍာနှစ် စက်တင်ဘာလဆန်းပိုင်းအထိ အမေရိကန်ဒေါ်လာ ၂ ဒသမ ၉ ဘီလျံကျော်ရရှိခဲ့ကြောင်း စစ်ကောင်စီ လက်အောက်ခံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။