သတင်း

အဓမ္မစစ်မှုထမ်းခိုင်းမည်ကို အထည်ချုပ်အလုပ်သမားများ စိုးရိမ်လာ

ရန်ကုန်မြို့စက်မှုဇုန်များရှိ စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်လုပ်ကိုင်နေသော အလုပ်သမားများ၏ အချက်အလက်များကို ယခုလကုန် နောက်ဆုံးထားပေးပို့ရန် ညွှန်ကြားထားသည်။

အာဏာသိမ်းစစ်ကောင်စီသည် ရန်ကုန်မြို့အခြေစိုက် အထည်ချုပ်အလုပ်သမားများ၏ ကိုယ်ရေးအချက်အလက်များကို ယခုလကုန် နောက်ဆုံးထား၍ ပေးပို့ရန် ညွှန်ကြားထားရာ စစ်သားအဖြစ် အဓမ္မစုဆောင်းခံရမည်ကို အလုပ်သမားများက စိုးရိမ်နေကြကြောင်း စုံစမ်းသိရှိရသည်။

ရန်ကုန်မြို့၊ လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီက စက်မှုလုပ်ငန်းရှင်များ၏ Viber လူမှုကွန်ရက်ဂရုသို့ ဩဂုတ် ၂၃ ရက်က အကြောင်းကြားစာ ပေးပို့ရာတွင် သန်းခေါင်စာရင်းနှင့် အိမ်အကြောင်းအရာ ကောက်ယူရန် စက်ရုံ၊ အလုပ်ရုံများမှ အလုပ်သမားများ၏ အချက်အလက်စာရင်းများကို အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနသို့ ဩဂုတ် ၃၀ ရက်နေ့ နောက်ဆုံးထားပေးပို့ရမည်ဟု ဖော်ပြထားသည်။

ထိုစာတွင် လှိုင်သာယာစက်မှုမြို့ အပိုင်း (၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆၊ ၇) အတွင်း လုပ်ငန်းလည်ပတ်ဆောင်ရွက်နေသည့် လူကြီးမင်းတို့၏ စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်လုပ်ကိုင်နေသော အလုပ်သမားများ၏ အချက်အလက်စာရင်းကို ပြုစု၍ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် စီမံခန့်ခွဲရေးကော်မတီရုံးသို့ တစ်စုံစီ (၃၀၊ ၈၊ ၂၀၂၄) သောကြာနေ့ နောက်ဆုံးထား၍ (မပျက်မကွက်) ပေးပို့ပေးရန် အကြောင်းကြားအပ်ပါသည်ဟု ပါရှိသည်။

ထိုညွှန်ကြားချက်သည် စက်မှုဇုန်လုပ်ငန်းရှင်များ စုပေါင်းထားသော Viber လူမှုကွန်ရက်ဂရုတွင်သာ ဖြန့်ဝေထားခြင်းဖြစ်ပြီး စက်ရုံများထံ တရားဝင်စာ မရောက်ရှိလာသေးသောကြောင့် အလုပ်သမားများ၏ အချက်အလက် လက်ရှိအချိန်ထိ ပေးပို့ခြင်းမရှိကြောင်း ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်မှ အထည်ချုပ်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။ 

“ကျွန်တော်တို့ဆီ ဘာမှ တရားဝင်အကြောင်းကြားစာ မရောက်သေးပါဘူး” ဟု သူက ပြောသည်။

မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် လုပ်ငန်းရှင်တစ်ဦးကလည်း ထိုကိစ္စကို တရားဝင်ညွှန်ကြားလာခြင်းမရှိသေးဟု ငြင်းဆိုသည်။

သို့သော် နိုင်ငံအနှံ့ စစ်မီးဝိုင်းနေသည့် စစ်တပ်သည် အရွယ်ရောက်သူ အမျိုးသားတိုင်းကို စစ်သားအဖြစ် စုဆောင်းရန် ကြိုးပမ်းနေပြီး စစ်မှုထမ်းအသက်အပိုင်းအခြားတွင် အကျုံးမဝင်သူများကိုလည်း လိုအပ်ပါက ပြည်သူ့လုံခြုံရေးအဖွဲ့တွင် ပါဝင်ရမည်ဟု ညွှန်ကြားထားကာ စစ်ခေါင်းဆောင်ကိုယ်တိုင် မကြာခဏ ထုတ်ဖော်ပြောနေသည်။

အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက စက်မှုဇုန်လုပ်ငန်းရှင်များကို အလုပ်သမားအချက်အလက်များစာရင်း ပေးပို့ရန် ညွှန်ကြားစာများ။

အလုပ်သမားများ၏ အချက်အလက်သည် အလုပ်စတင်လျှောက်ထားစဉ်ကတည်းက ဖြည့်သွင်းပေးထားရပြီးဖြစ်ရာ ယခုအချိန်တွင် စစ်ကောင်စီလက်သို့ ထိုအချက်အလက်များ ရောက်ရှိပြီးဖြစ်နိုင်သည်ဟု အလုပ်သမားအခွင့်အရေးလှုပ်ရှားနေသည့် အမျိုးသားအလုပ်သမားတစ်ဦးက Myanmar Now ကို ပြောသည်။

“အလုပ်သမားတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို တစ်လွဲသုံးပြီးတော့ အလုပ်သမားတွေ ပေးထားတဲ့ ရည်ရွယ်ချက်နဲ့ မဟုတ်ဘဲ အလုပ်သမားတွေရဲ့ခွင့်ပြုချက် မရဘဲနဲ့ စစ်ကောင်စီကို ပေးတယ်ဆိုရင် ဒါဟာ လူ့အခွင့်အရေးချိုးဖောက်မှုပဲ” ဟု ဆိုသည်။

လတ်တလော လုပ်ငန်းခွင်များတွင်လည်း အလုပ်သမားများသည် အတင်းအဓမ္မ အလုပ်ခိုင်းစေခံနေရသလို လုပ်ငန်းခွင်ပြင်ပတွင်လည်း အလုပ်အသွားအပြန်ချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခံရခြင်း၊ ခြိမ်းခြောက်ငွေညှစ်ခံရခြင်း အစရှိသည့် မလုံခြုံမှုများကို ရင်ဆိုင်နေကြရသည်ဟု ထိုသူက ဆက်ပြောသည်။ 

လှိုင်သာယာမြို့နယ်နေ အထည်ချုပ်လုပ်သား အမျိုးသမီးတစ်ဦးကလည်း “ကျွန်မတို့ စက်ရုံမှာတော့ အဲဒီလိုအချက်အလက် တောင်းတာမျိုးတွေ မရှိသေးဘူး။ ရပ်ကွက်တွေထဲမှာတော့ ဧည့်စာရင်းလိုက်ကောက်တာမျိုးတွေပဲ ရှိတယ်” ဟု ဆိုသည်။ 

သို့သော်လည်း အာဏာသိမ်းစစ်ကောင်စီလက်ထက် ဖိနှိပ်မှုအမျိုးမျိုး၊ လုပ်ခလစာနည်းပါးမှုတို့ဖြင့် ရင်ဆိုင်နေရသည့် အထည်ချုပ်အလုပ်သမားများအနေဖြင့် စိုးရိမ်မှု တစ်ပူပေါ်တစ်ပူ ထပ်ဆင့်လာရသည်။

ထို့ပြင် ပြည်တွင်း၌ နိုင်ငံရေးမတည်ငြိမ်မှု၊ အလုပ်အကိုင်ရှားပါးမှုနှင့် စစ်မှုထမ်းဥပဒေပြဋ္ဌာန်းကာ စစ်သားစုဆောင်းမှု အစရှိသော အခြေအနေများကြောင့် အလုပ်သမားအများစုသည် အိမ်နီးချင်းနိုင်ငံများသို့ ရရာနည်းလမ်းဖြင့် ထွက်ခွာနေကြရာ ပြည်တွင်းရှိ စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်သမားလိုအပ်ချက်မြင့်မားနေသည်။

စစ်ကောင်စီသည် လာမည့် နိုဝင်ဘာလတွင် ရွေးကောက်ပွဲလုပ်နိုင်ရန် ကြိုးပမ်းနေပြီး သန်းခေါင်စာရင်းများ ကောက်ယူရန်လည်း လုပ်ဆောင်နေသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းကလည်း ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီးနောက် အရွယ်ကောင်း အရပ်သားများကို သုံးနှစ်မှ ငါးနှစ်ကြာ စစ်မှုထမ်းရမည့် စစ်သားစုဆောင်းရေးအစီအစဉ်ကို စတင်ခဲ့သည်။

ပြည်သူ့စစ်မှုထမ်းဥပဒေအရ အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများနှင့် ၁၈ မှ ၂၇ နှစ်အတွင်း အမျိုးသမီးများ စစ်မှုထမ်းရန် အကျုံးဝင်ပြီး အသက်မွေးဝမ်းကျောင်းပညာရပ်တစ်ခုခုဖြင့် ကျွမ်းကျင်သူအဖြစ် သတ်မှတ်ပါက အမျိုးသား ၄၅ နှစ်အထိ၊ အမျိုးသမီး ၃၅ နှစ်အထိ အကျုံးဝင်မည် ဖြစ်သည်။

ထို့ပြင် အသက် ၃၅ နှစ်မှ ၆၀ အတွင်း အမျိုးသားများကို အတင်းအကျပ်လုံခြုံရေးကင်းစောင့်ခိုင်းမည့် ‘ပြည်သူ့လုံခြုံရေးစနစ်’ ဟု အမည်ပေးထားသော စနစ်တစ်ခုကိုလည်း စစ်ကောင်စီက ကျင့်သုံးရန် စီစဉ်နေပြန်သည်။

ထို့ကြောင့် စစ်ကောင်စီ၏ အချက်အလက်ကောက်ခံနေမှုသည် ပြည်တွင်းပြည်ပရောက် အထည်ချုပ်လုပ်သားများအတွက်  စိုးရိမ်ချက်များစွာရှိနေပြီး ယင်းလုပ်ရပ်သည် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ၏ အခြေခံပြဋ္ဌာန်းချက်များကို လိုက်နာခြင်းမရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM က ယနေ့ (ဩဂုတ် ၂၉) တွင် ထုတ်ပြန်သည်။

အလုပ်သမားအခွင့်အရေးချိုးဖောက်နေသော စစ်ကောင်စီကို အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO က ပုဒ်မ (၃၃)အရ အရေးယူပေးပါရန် အလုပ်သမားများက တောင်းဆိုသည့် အွန်လိုင်းလှုပ်ရှားမှုတစ်ခုကို CTUM က လုပ်ဆောင်လျက်ရှိသည်။

ILO ၏ ပုဒ်မ ၃၃ ဆိုသည်မှာ ILO အဖွဲ့ဝင်နိုင်ငံများသည် ILO ၏ အခြေခံပြဋ္ဌာန်းချက်များကို လိုက်နာခြင်းမရှိပါက ကျုးလွန်သည့်နိုင်ငံကို စုံစမ်းစစ်ဆေးအဖွဲ့က သွားရောက်ကာ လေ့လာသုံးသပ်သည့်  အစီရင်ခံစာထုတ်ပြန်မည်ဖြစ်သည်။ ယင်းအစီရင်ခံစာတွေ့ရှိချက်တွင် ကျူးလွန်သည်ဟု ထင်ရှားပါက ထိုနိုင်ငံကို ဆက်လက်အရေးယူမည်ဖြစ်သည်။

နိုင်ငံအနှံ့ စစ်သည်အင်အား ဆုံးရှုံးမှုများလာနေသည့် ဗိုလ်ချုပ်ကြီးများသည် ၎င်းတို့ ရုံးစိုက်ရာမြို့တွင် ဖွင့်လှစ်ထားသော စားသောက်ဆိုင်များ၌ လာရောက်အလုပ်လုပ်ကိုင်သူ လူငယ်လူရွယ်များကိုပင် စစ်သားအဖြစ် စုဆောင်းနိုင်ရန် ပစ်မှတ်ထားလာနေသည်။

Show More

Related Articles

Back to top button