သတင်း

အာဏာသိမ်းပြီးနောက် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှု ၃၁၅ မှုအထိ ရှိလာ

အာဏာသိမ်းမှု ၃ နှစ်နီးပါးရှိလာချိန်တွင် မြန်မာနိုင်ငံစက်ရုံများအတွင်း အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုများ ဆက်လက်ဖြစ်ပေါ်နေပြီး ယခုနှစ် ဇူလိုင်လထိ အမှု ၃၀၀ ကျော် ရှိသည်ဟု နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်သည့်အဖွဲ့ − Business & Human Rights Resource Centre (BHRRC) က နိုဝင်ဘာ ၂၂ တွင် ထုတ်ပြန်သည်။

မြန်မာနိုင်ငံရှိ အထည်ချုပ်စက်ရုံများတွင် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုများ ဖေဖာ်ဝါရီလအထိ ၂၁၂ မှုအထိ ရှိပြီဟု ပြီးခဲ့သည့် ဩဂုတ်လ ၁၆ ရက်က အစီရင်ခံစာတစ်စောင် ထုတ်ပြန်ခဲ့ပြီး ၅ လ အကြာတွင် ၃၁၄ မှုအထိ ဆက်လက်မြင့်တက်လာသည်ဟု BHRRC အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကမ္ဘာကျော်အဝတ်အထည်အမှတ်တံဆိပ် ၈၇ ခုကို ချုပ်လုပ်ပေးနေသည့် စက်ရုံများအပါအဝင် စက်ရုံ ၁၇၅ ခုတွင် အလုပ်သမားအခွင့်အရေးများ ချိုးဖောက်မှု ရှိနေသည်ဟု BHRRC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FGWM) ၏ တွဲဖက်အတွင်းရေးမှူး မအိကလည်း အလုပ်သမားအခွင့်အရေးများ လျစ်လျူရှုခံနေရသည်ဟု ပြောသည်။

“အာဏာသိမ်းပြီးနောက်ပိုင်းမှာ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေက နေ့စဉ်ဖြစ်နေတာ။ လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေ၊ အမျိုးသမီးအခွင့်အရေး ချိုးဖောက်ခံရတာတွေ အလုပ်သမားအခွင့်အရေးဆိုတာ လုံးဝမရှိတော့တဲ့အခြေအနေနဲ့ ရင်ဆိုင်နေရတာပါ” ဟု သူက ပြောသည်။

အလုပ်သမားအခွင့်အရေး ချိုးဖောက်နေသော စက်ရုံများတွင် ကမ္ဘာတစ်ဝန်း အဝတ်အထည်များ ချုပ်လုပ်ဖြန့်ချိနေသည့် Inditex, H&M Group, Primark နှင့် BESTSELLER တို့ကဲ့သို့သော ကုမ္ပဏီများအတွက် ချုပ်ပေးနေသည့် စက်ရုံများလည်း ပါဝင်နေသည်။

ထိုကဲ့သို့ ကမ္ဘာကျော်အမှတ်တံဆိပ်များ ချုပ်လုပ်ပေးနေသည့် စက်ရုံအလုပ်ရုံများတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများကြုံရပါက သတင်းဌာနများတွင် သတင်းဖော်ပြခံရသည့် စက်ရုံအလုပ်ရုံနှင့် လုပ်ငန်းခွင်များကိုသာ ဖြေရှင်းပေးသည်၊ သတင်းဖော်ပြခြင်းမခံရသည့် စက်ရုံအလုပ်ရုံများကိုမူ လျစ်လျူရှုထားသည်ဟုလည်း မအိက ပြောသည်။

“ဒီ Brand တွေကလည်း မီဒီယာတွေမှာ တက်လာတဲ့ လုပ်ငန်းခွင်တွေလောက်ပဲ သူတို့ကိုင်တွယ် ဖြေရှင်းပေးတယ်၊ ဒီလိုမျိုးမဟုတ်ဘဲ မီဒီယာတွေပေါ် ရောက်မလာဘူးဆိုရင် Brand ကြီးကြီးတွေချုပ်နေတဲ့ လုပ်ငန်းခွင်တွေမှာလည်း များစွာလူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေတယ်၊ ဒါတွေကိုလည်း လုပ်ငန်းရှင်တွေက မျက်ကွယ်ပြုထားတယ်”

အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုများတွင် လုပ်အားခေါင်းပုံဖြတ်ခံရမှု၊ ဥပဒေမဲ့အလုပ်ထုတ်ခံရမှု၊ ဝန်ပိုခိုင်းစေခံရမှုနှင့် အချိန်ပိုဆင်းရန် ဖိအားပေးခံရမှုတို့က အဓိက ချိုးဖောက်ခံရမှုထဲတွင် ပါဝင်သည်ဟု BHRRC အဖွဲ့က ဆိုသည်။

ထို့ပြင် အလုပ်သမားများကို မတရားဖမ်းဆီးထိန်းသိမ်းခြင်း၊ သတ်ဖြတ်ခြင်း၊ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်ကို ရန်ပြုခြင်း၊ ကျားမရေးရာအခြေခံအကြမ်းဖက်ခြင်းတို့ကို စစ်ကောင်စီက ကျူးလွန်နေသလို ကလေးလုပ်သားအသုံးပြုမှုလည်း ဆက်ရှိနေသည်ဟု ၎င်းတို့က ဆိုသည်။

BHRRC ၏ ဩဂုတ်လထုတ်အစီရင်ခံစာ ထွက်လာပြီးနောက် ဆွီဒင်နိုင်ငံအခြေစိုက် ကမ္ဘာ့ဒုတိယအကြီးဆုံး အထည်အလိပ်ကုမ္ပဏီ H&M က မြန်မာနိုင်ငံမှ ထွက်ခွာရန် ဆုံးဖြတ်လိုက်သည်ဟု ကြေညာခဲ့သည်။

ထိုစဉ်က H&M အတွက် ချုပ်ပေးနေသာ စက်ရုံများက အလုပ်သမားအခွင့်ရေးချိုးဖောက်မှု ၂၀ ရှိခဲ့ပြီး ၅ လအတွင်း ဆက်လက်ချိုးဖောက်နေသည်ကို တွေ့ရသည်။ Zara အပါအဝင် ကမ္ဘာကျော်အမှတ်တံဆိပ် ၇ ခုခန့် ထုတ်လုပ်သည့် Inditex လုပ်ငန်းစု၏ စက်ရုံများနှင့် အခြားအမှတ်တံဆိပ်များ၏ စက်ရုံများလည်း ချိုးဖောက်မှုများဆက်တိုးနေသည်။

BHRRC အဖွဲ့က အထည်အလိပ်ကုမ္ပဏီများနှင့် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ၎င်းတို့၏ အလုပ်သမားများအပေါ် တာဝန်ယူမှု၊ ထောက်ပံ့မှုနှင့် လူ့အခွင့်အရေးကိစ္စရပ်များအပေါ် အားစိုက်ထုတ်မှုမှာ မေးခွန်းထုတ်စရာဖြစ်နေသည်ဟု ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် အောက်တိုဘာလမှစ၍ အလုပ်သမားများ၏ တစ်ရက်အခြေခံလုပ်ခလစာ ၄၈၀၀ ကျပ်တွင် ထောက်ပံ့ကြေး ၁၀၀၀ ပေါင်းထည့်ပေးရန် စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။ တစ်ဖက်တွင်လည်း စက်ရုံများက အခြားခံစားခွင့်ငွေကြေးများ ဖြတ်တောက်ခြင်းနှင့် ဝန်ပိုခိုင်းစေခြင်းများ ပြုလုပ်နေသည်။

Show More

Related Articles

Back to top button