
ရန်ကုန်မြို့စက်မှုဇုန်တစ်ခုရှိ အထည်ချုပ်စက်ရုံ၏ အလုပ်သမတစ်ဦးဖြစ်သူ *မစံပယ်၏ တစ်နေ့တာ အလုပ်လုပ်ချိန်သည် အချိန်ပို ပါဝင်လျှင် ၁၂ နာရီ ရှိသည်။ ထိုအလုပ်ချိန်အတွင်း နေ့လယ်ထမင်းစားချိန် မိနစ် ၃၀ နှင့် ညနေမုန့်စားချိန် ၁၀ မိနစ်သာ အနားရပြီး ကျန်အချိန်များတွင် မရပ်မနား စက်ချုပ်ရသည်။
“အိမ်ကို ပြန်ရောက်ရင် လူက ဗုန်းဗုန်းကိုလဲသွားရော၊ ဘာမှကို မလုပ်ချင်တော့ဘူး” ဟု တစ်ပတ်လျှင် ၆ ရက်၊ နံနက် ၈ နာရီ မှ ည ၈နာရီအထိ အလုပ်လုပ်ရသဖြင့် ပင်ပန်းပြီးမောပမ်းနေသည့် မစံပယ်က သက်ပြင်းချကာ ပြောပြသည်။
သို့သော် ညပိုင်း အခန်းပြန်ရောက်ချိန်တွင် ညစာနှင့် မနက်အလုပ်သို့ယူသွားမည့် ထမင်းချိုင့်အတွက် ချက်ပြုတ်ရပြန်သည်။ တစ်နေ့တာစက်ချုပ်အလုပ်နှင့် အဝတ်လျှော်၊ ချက်ပြုတ်ခြင်း စသည့် အိမ်မှုကိစ္စများ ပြီးသည့်အခါ နောက်နေ့ အလုပ်ဆင်းရန် အိပ်ယာ စောစောထရမည့် သောကဖြင့် ညနှောင်းပိုင်းတွင် မစံပယ် အိပ်ယာဝင်သည်။
အလုပ်ပင်ပန်းလွန်း၍ အချိန်ပိုခေါ်သည့် ရက်များတွင် အလုပ်မဆင်းလိုသော်လည်း ငြင်းခွင့်မရှိဟု ပဲခူးမြို့ဇာတိ၊ အသက် ၂၀ ကျော်အရွယ် မစံပယ်က ဆိုသည်။
“ကိုယ်အရမ်းနေမကောင်း ဖြစ်ရင်တောင် ခွင့်ယူရတာလည်းခက်တယ်။ နောက်ပြီး ခွင့်တစ်ရက်ပျက်ရင် ၆၀,၀၀၀ လောက် အဖြတ်ခံရမှာ” ဟု သူက ဆိုသည်။
ဤသို့ဖြင့် အထည်ချုပ်စက်ရုံများတွင် အရေအတွက် ၆ သိန်းခန့် ရှိသည့်အလုပ်သမားများထဲမှ အမျိုးသမီးများမှာ လုပ်ငန်းခွင်တွင် မတရားမှု၊ အခွင့်အရေး ချိုးဖောက်ခံရမှု၊ မလုံခြုံမှုများကို ရင်ဆိုင်ပြီး မိသားစုစားဝတ်နေရေးအတွက် ရုန်းကန်နေကြရသည်။
တချို့စက်ရုံများကမူ အချိန်ပိုဆင်းရန် ငြင်းဆန်သူကို အလုပ်ထုတ်မည်ဟု ခြိမ်းခြောက်ကြောင်း အလုပ်သမားများက ပြောသည်။
ညသန်းခေါင်ယံအထိ အချိန်ပိုခေါ်သောနေ့များတွင် အထည်ချုပ် လုပ်သားအမျိုးသမီးများသည် နံနက် ၈ နာရီမှ ည ၁၂ကျော် အထိအလုပ်လုပ်ကြရသည်။ သို့သော်လည်း လုံခြုံပြီး သက်တောင့်သက်သာဖြစ်စေမည့် နေရာထိုင်ခင်းများ စီစဉ်ပေးခြင်း မရှိပေ။
အချိန်ပိုလုပ်ရသည့်အခါ မိုးလင်းသည်အထိ အလုပ်လုပ်ရလျှင် အောလင်း၊ တစ်ညလုံး အလုပ်လုပ်ရလျှင် အောနိုက်ဟု ခေါ်ကြသည်။ စက်ရုံက အထည်အရေအတွက် အများအပြား ထုတ်လုပ်တင်ပို့ရချိန် နီးပြီဆိုလျှင် အချိန်ပိုအလုပ်ဆင်းခိုင်းတတ်သည်၊ တစ်လလျှင် ခေါ်သည့်နေ့ လေးငါးရက်ခန့် ရှိသည်ဟု သိရသည်။
“အချိန်ပိုနေ့တွေနဲ့ ကြုံရင် အိပ်ရေးတွေ အရမ်းပျက်တာများတော့ ခေါင်းတွေမူး၊ ခေါင်းတွေ ကိုက်ပေါ့။ ဒါပေမဲ့လည်း လစာကတော့ လကုန်မှရမယ်၊ အခုက အချိန်ပိုကြေးလေးရမယ်ဆိုပြီး အလုပ်သွားရတာပဲ” ဟု Dong Tai Myanmar အထည်ချုပ်စက်ရုံမှ အသက် ၃၀ အရွယ် *မနှင်းဆီက ပြောသည်။
အချိန်ပိုဆင်းရသည့်ရက်များတွင် စက်ချုပ်ခုံများဘေးတွင်သာ အဆင်ပြေသလို အိပ်ကြရသည်ဟု မနှင်းဆီက ဆိုသည်။

ကျန်းမာရေးအတွက် မဟုတ်ဘဲ ခွင့်ယူမည်ဆိုပါက အလုပ်ဆင်းရက်မှန်ကြေးအပါအဝင် အခြားသော ခံစားခွင့်များ ဖြတ်တောက်ခံရလေ့ရှိသည်ဟု အလုပ်သမားများကဆိုသည်။
အမျိုးသမီးတို့ နာကျင်ကိုက်ခဲမှု၊ အားနည်းမှု စသည့် ဝေဒနာများ ကြုံရလေ့ရှိသည့် ဓမ္မတာ လာချိန်များတွင်လည်း လုပ်ငန်းရှင်က အလုပ်ဆင်းရန် ဖိအားပေးသည်ဟု မနှင်းဆီက ဆိုသည်။
ညသန်းခေါင်ယံအချိန်အထိ အချိန်ပိုခေါ်သော နေ့များသည် ကြားရက် (တနင်္လာနေ့မှ သောကြာနေ့) တစ်ရက်ရက် ဖြစ်လေ့ရှိသည်။ သောကြာနေ့မှလွဲ၍ ကျန်ကြားရက်များဖြစ်ပါက အထည်ချုပ်လုပ်သား အမျိုးသမီးများသည် နေအိမ်သို့ မပြန်ရတော့ဘဲ နောက်တစ်နေ့ ပုံမှန်နံနက်အလုပ်ဝင်ချိန်မှ ည ၈ နာရီ အထိ အလုပ်ဆက် လုပ်ကြလေ့ရှိသည်။
သောကြာနေ့တွင်မူ ညသန်းခေါင်ယံအထိ အချိန်ပိုခေါ်ထားပြီးပါက စနေနေ့တွင် ည ၈ နာရီအထိ အလုပ် မလုပ်ရတော့ဘဲ ညနေ ၄နာရီအထိသာ အလုပ်ဆင်းရတော့သည်ဟု မစံပယ်က ပြောသည်။
“ဆက်ခေါ်လို့လည်း မရတော့ဘူးလေ၊ အဲဒီနေ့ပါ အချိန်ပို ထပ်ခေါ်ရင်တော့ လူတွေလည်း မူးပြီး လဲဖို့ပဲ ရှိတော့တယ်” ဟု ၎င်းက ပြောသည်။
အထည်ချုပ်လုပ်သားအမျိုးသမီးများ၏ လုပ်ခလစာမှာ ကျပ် ၄၃၀,၀၀၀ မှ ကျပ် သိန်း ၅၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၁၀၀ ကျော်) ခန့်သာ ရကြသည်။
ကုန်စျေးနှုန်းကြီးသည့် ယနေ့ကာလတွင် ထိုလစာမှာ အဆောင်ငှားခ အပါအဝင် စားသောက်နေထိုင် စရိတ်များအတွက် လောက်ငရုံသာဖြစ်သည်။ လူဦးရေများသော မိသားစုဆိုလျှင် အကြွေးပင် ထပ်တင်နေကြသည်။

အထည်ချုပ်စက်ရုံများသည် ယခုနှစ်မိုးရာသီ အမှာစာ အများအပြားရရှိလာသည်ဟုသိရသည်။ အမှာစာများခြင်းကြောင့် ပြီးခဲ့သည့် ဧပြီလ၊ မြန်မာ့နှစ်သစ်ကူး သင်္ကြန်ကာလနောက်ပိုင်းမှစကာ လက်ရှိအချိန်အထိ အချိန်အပိုခေါ်ချိန်လည်း များလာသည်ဟု အလုပ်သမားတို့က ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် အာဏာသိမ်းစစ်ကောင်စီက စစ်မှုထမ်းရန်ဆင့်ခေါ်ခြင်းနှင့် တိုင်းပြည်စီးပွားရေးကျဆင်းပြီးအထွေထွေကုန်စျေးနှုန်း ကြီးမြင့်မှုတို့ကြောင့် အထည်ချုပ်လုပ်သားများ အပါအဝင် လူငယ်လူရွယ်များသည် ပြည်ပနိုင်ငံများသို့ အကြောင်းအမျိုးမျိုးဖြင့် ထွက်ခွာနေကြသည်။
ထိုသို့ ပြည်တွင်း၌ လုပ်သားရှားပါးမှုများ ဖြစ်ပေါ်နေချိန် စက်ရုံများအမှာစာ တိုးရရှိလာခြင်းကြောင့် အထည်ချုပ်ကျွမ်းကျင်လုပ်သားများအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာစေသည်ဟု အလုပ်သမားအရေး ကူညီဆောင်ရွက်နေသော မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FGWM) ၏ ပြောရေးဆိုခွင့်ရှိသူ မအိက Myanmar Now ကို ပြောသည်။
“လုပ်ငန်းခွင်တွေထဲမှာ လုပ်သားအင်အားနည်းပါးမှုဒဏ်ရဲ့ နောက်ဆက်တွဲက ဘာလဲဆိုတော့ ကျွမ်းကျင် လုပ်သားတွေက အလုပ်ကိုနှစ်ဆလုပ်နေကြရတဲ့ သဘောရှိတယ်” ဟု သူက ပြောသည်။
ငြင်းဆန်ခွင့်မရှိသော အချိန်ပိုများ၊ အလုပ်ပင်ပန်းမှုဒဏ်များကြောင့် အထည်ချုပ်လုပ်သား အမျိုးသမီးများမှာ မူးဝေ၊ ညောင်းကိုက်ခြင်းစသော ကျန်းမာရေးပြဿနာများလည်းရှိလာကြသည်။
ညအချိန်အထိ အလုပ်ဆင်းရသည့် ရက်များတွင်မူ စက်ရုံတွင်း အမျိုးသားလုပ်သား တချို့၏ လိင်ပိုင်းဆိုင်ရာစော်ကားရန် ကြိုးစားမှုများ ကြုံတွေ့နေရကြောင်းလည်း FGWMမှ မအိက ဆိုသည်။
ကိုယ်ဝန်ဆောင်များအတွက်လည်း ထည့်သွင်းစဉ်းစားပေးမှု အားနည်းသည်ဟု FGWMမှ မအိက ဆိုသည်။
“အောလင်း၊ အောနိုက် အလုပ်ဆင်းခိုင်းတဲ့ အမျိုးသမီးတွေထဲမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေတောင် ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေက သူတို့က မဆင်းနိုင်ဘူးပြောရင်တောင် နောက်နေ့ အလုပ် မလာနဲ့ဆိုတဲ့ အလုပ်ရှင်ရဲ့ ဖိအားပေးတာတွေကြောင့်ကိုယ်ဝန်ကြီးနဲ့ အလုပ်ဆင်းကြရလို့ ကိုယ်ဝန်ပျက်ကျတဲ့ အလုပ်သမားတွေတောင်ရှိတယ်” ဟု သူက ဆိုသည်။
ညအချိန်အထိ အလုပ်ဆင်းရသည့် ရက်များတွင်မူ စက်ရုံတွင်း အမျိုးသားလုပ်သား တချို့၏ လိင်ပိုင်းဆိုင်ရာစော်ကားရန် ကြိုးစားမှုများ ကြုံတွေ့နေရကြောင်းလည်း သူက ဆက်ပြောသည်။
အထည်ချုပ် အလုပ်သမများသည် အလုပ်ချိန်များပြားခြင်းနှင့် စက်ရုံအတွင်း လေဝင်လေထွက်စနစ်များ မကောင်းမွန်ခြင်းတို့ကြောင့် မကြာခဏဆိုသလို မူးလဲခြင်းကြောင့် လုပ်ငန်းခွင်မှ ပြန်ထွက်သွားရ ခြင်းမျိုး ရှိသည်ဟုလည်း သိရသည်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO)၏ ၂၀၂၀ ပြည့်နှစ် မြန်မာနိုင်ငံအလုပ်သမားဥပဒေ မိတ်ဆက်တွင် စက်ရုံများမှအရွယ်ရောက်သူ အလုပ်သမားများသည် တစ်ရက်လျှင် ၈ နာရီ (သို့မဟုတ်) တစ်ပတ်လျှင် ၄၄ နာရီ ထက်ပို၍ အလုပ်မလုပ်ရ။ အနည်းဆုံး မိနစ် ၃၀ နားချိန်မရှိဘဲ တစ်ဆက်တည်း ၅ နာရီထက် ပို၍ အလုပ်မလုပ်ရ။ အလုပ်လုပ်သည့်နေ့တွင် အလုပ်ချိန်နှင့် နားချိန်စုစုပေါင်း ၁၀ နာရီထက် မကျော်လွန်ရဟု သတ်မှတ်ထားသည်။
အချိန်ပိုအလုပ်ကိုလည်း အလုပ်သမားများသည် မည့်သည့်ရက်သတ္တပတ်အတွက်မဆို ၁၂ နာရီထက်ပို၍ အလုပ်မလုပ်ရ။ သို့သော်အချိန်ပိုလုပ်ရန် လိုအပ်သည့် သီးသန့်ကိစ္စရပ်များရှိလာပါက ယင်းအချိန်ပို အလုပ်သည် မည့်သည့်ရက်သတ္တပတ်အတွက်မဆို ၁၆နာရီထက် မပိုသင့်ဟု ILO က ဆိုသည်။
အချိန်ပိုအလုပ်ချိန်သည် ညသန်းခေါင်ယံထက် မကျော်လွန်ရဟု ILO က ဆိုထားသော်လည်း ထိုသတ်မှတ်ချက်များထက် ကျော်လွန်ကာ အလုပ်စေခိုင်းခံနေရသည်ဟု အလုပ်သမတို့က ဆိုသည်။
သို့သော် မြန်မာ့အထည်ချုပ်စက်ရုံများတွင် ထိုသို့အချိန်ပိုအလုပ်စေခိုင်းခြင်းများ မရှိနိုင်ဟု မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်းချုပ်မှ အသင်းဝင်လုပ်ငန်းရှင် အမျိုးသားက ငြင်းဆိုသည်။
“ကျွန်တော်တို့စက်ရုံမှာလည်း အဲဒီလိုမျိုး ည ၁၂ နာရီအထိ အချိန်ပိုခေါ်တာမျိုးမရှိပါဘူး။ အခုကာလ မှာက ညဘက်တွေမှာအလုပ်သမားတွေကို ခေါ်ထားရင် တော်တော်လေးစွန့်စားရာရောက်ပါတယ်၊ ဧည့်စာရင်းက စက်ရုံတွေအထိ စစ်ဆေးနေတာ” ဟု သူက ပြောသည်။
အာဏာသိမ်းစစ်ကောင်စီသည် ရန်ကုန်မြို့အခြေစိုက် အထည်ချုပ်အလုပ်သမားများ၏ ကိုယ်ရေး အချက်အလက်များကိုဩဂုတ်လကုန် နောက်ဆုံးထား၍ ပေးပို့ရန် လုပ်ငန်းရှင်များကို ညွှန်ကြားထားရာ စစ်သားအဖြစ် အဓမ္မစုဆောင်းခံရမည်ကိုအလုပ်သမားများက စိုးရိမ်နေကြသည်။
ပြည်တွင်း၌ လုပ်သားရှားပါးနေချိန် အထည်အမှာစာ အများအပြားရှိလာ၍ လုပ်ငန်းရှင်များ လုပ်သားရရှိရန် ခက်ခဲနေသည်ဟုလည်း အထက်ပါ အထည်ချုပ်လုပ်ငန်းရှင်က ပြောသည်။
ထို့ပြင်အချိန်မီ ပြန်မပို့နိုင်မည့် ဝန်ထုတ်ဝန်ပိုးများရှိနေပြီး အလုပ်သမားများဘက်တွင်မူ စက်ရုံအလုပ်ရုံအများအပြားကို ရွေးချယ်ကာ အလုပ်လုပ်နိုင်သည့် အခွင့်အရေးရှိသည်ဟု အထက်ပါ လုပ်ငန်းရှင်က ဆိုသည်။
ကမ္ဘာကျော်အဝတ်အထည်အမှတ်တံဆိပ် H&M ကို ချုပ်လုပ်သော ရန်ကုန်မြို့ရှိ Hengda နှင့် New talent အထည်ချုပ် စက်ရုံများသည် ဥပဒေမဲ့ အချိန်ပိုခိုင်းစေမှုများရှိခဲ့သည်ဟု မြန်မာနိုင်ငံ စက်မှု၊လက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (MICS) က ဇွန်လအတွင်း ထုတ်ပြန်ထားသည်။
မြန်မာ့အထည်ချုပ်လုပ်ငန်းကဏ္ဍရှိ စက်ရုံအလုပ်ရုံအများစုသည် သတ်မှတ်၊ ခွင့်ပြုထားသော အချိန်ပိုနာရီထက် ကျော်လွန်ခေါ်ယူနေပြီး အစားထိုးနားရက် ပြန်ပေးရမည့် တနင်္ဂနွေနေ့ ပိတ်ရက်များတွင်လည်း အချိန်ပိုခေါ်ယူသည့် စက်ရုံများပင်ရှိသည်ဟု MICS မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

စက်ရုံများ၏ ထိုသို့ ဥပဒေမဲ့ အချိန်ပိုခိုင်းစေမှုများကို အလုပ်သမားများက စစ်ကောင်စီလက်အောက်ခံ အလုပ်သမားရုံးများသို့တိုင်ကြားသော်လည်း အရေးယူမှုမရှိဟုလည်း အထက်ပါ MICS တာဝန်ရှိသူက ဆိုသည်။
“အတင်းအဓမ္မ အချိန်ပိုခိုင်းစေမှုတွေက ကမ္ဘာကျော်ကုန်အမှတ်တံဆိပ်တွေ ချုပ်လုပ်နေတဲ့ စက်ရုံတွေမှာတောင် ရှိနေတယ်ဆိုမှတော့ တခြားအမှတ်တံဆိပ်တွေ ချုပ်လုပ်နေတဲ့ စက်ရုံတွေဆိုရင် ပြောဖွယ်ရာတောင် မရှိဘူး” ဟု သူက ပြောသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့အထည်ချုပ်ကဏ္ဍတွင် အလုပ်သမားတို့၏ အခြေခံအခွင့်အရေး စံချိန်စံညွှန်းများ မရှိတော့ကြောင်း၊ စီးပွားရေးလုပ်ငန်းများသည် လူ့အခွင့်အရေးဆိုင်ရာ တာဝန်ရှိမှုကို လိုက်နာဆောင်ရွက်ရန် မဖြစ်နိုင်ကြောင်း ကုန်သွယ်ရေးဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့ (Ethical Trading Initiative ETI) က ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် ထုတ်ပြန်ထားသည်။
ထို့ပြင် လန်ဒန်မြို့အခြေစိုက် စီးပွားရေးနှင့် လူ့အခွင့်အရေးအရင်းအမြစ်ဌာန (BHRRC) က မြန်မာနိုင်ငံရှိ အထည်ချုပ်ကဏ္ဍကို၂၀၂၂ ခုနှစ် ဖေဖော်ဝါရီမှ ၂၀၂၃ ဖေဖော်ဝါရီအထိ စောင့်ကြည့် ထုတ်ပြန်သော စစ်တမ်းတစ်ခုတွင် စက်ရုံ ၁၂၄ ရုံ၌ အလုပ်သမားအခွင့်အရေးချိုးဖောက်မှု ၂၁၂ မှု ရှိခဲ့သည်ဟု ဆိုသည်။
လုပ်ခလစာလျှော့ချမှု၊ မတရားအလုပ်ထုတ်မှု၊ အချိန်ပိုဆင်းရန် ဖိအားပေးမှု၊ ဝန်ပိုအလုပ်လုပ်ရခြင်းတို့ မှာ အလုပ်သမားတို့ အများဆုံးတင်ပြကြသည့် အချက်များဖြစ်သည်ဟု BHRRC စစ်တမ်းက ဆိုသည်။
ထိုသို့သော စစ်တမ်းများထွက်ပေါ်လာပြီးနောက် ဆွီဒင်အခြေစိုက် ကမ္ဘာ့ဒုတိယအကြီးဆုံး အထည် အလိပ်လုပ်ငန်း H&M, Zara အပါအဝင် ကမ္ဘာကျော် အဝတ်အထည်အမှတ်တံဆိပ် ၇ ခုခန့် ထုတ်လုပ်နေသော Inditex လုပ်ငန်းစု၊ Primark ကုမ္ပဏီ၊ လန်ဒန်အခြေစိုက် Tesco PLC, Marks & Spencers, ဂျပန် Uniqlo တို့သည် မြန်မာနိုင်ငံအတွင်း လုပ်ငန်းများကို လျှော့ချခြင်းနှင့်လုပ်ငန်းရပ်ဆိုင်းခြင်းတို့ လုပ်ဆောင်လာကြသည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်တွင်လည်း လူမှုစီးပွား ပိုမိုကျပ်တည်းလာသလို အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှု မျိုးစုံကြုံ တွေ့နေရသည်။
ထိုသို့ အတင်းအဓမ္မ အချိန်ပိုခိုင်းစေမှု၊ အခွင့်အရေးချိုးဖောက်မှုများ ရှိနေသော်လည်း နိုင်ငံရေး မတည်ငြိမ်မှုနှင့် စီးပွားရေးပြိုကျနေသော ကာလတွင် အထည်ချုပ်လုပ်သား အမျိုးသမီးများသည် အလုပ်တစ်ခုတည်မြဲရေးအတွက် ကြိတ်မှိတ်နေရုံသာရှိနေသည်။
ခေတ်အဆက်ဆက်တွင် ဝင်ငွေနည်းအိမ်ထောင်စုများနှင့် အလုပ်သမားလူတန်းစားသည် နည်းလမ်းပေါင်းစုံ အဖိနှိပ်ခံနေကြသော်လည်း မိသားစု စားဝတ်နေရေးအတွက် ကြိတ်မှိတ် လုပ်ကိုင်နေရသည်ဟု မစံပယ်က ပြောသည်။
“ကိုယ့်ရပ်ကိုယ်ရွာမှာလည်း အလုပ်မရှိလို့သာ ဒီမှာမှေးလုပ်နေရတာ၊ အဆင်ကတော့ မပြေဘူး။ ဒီအလုပ်မှမရှိရင်လည်း ကိုယ့်မိသားစုကို ဘယ်လိုရှာကျွေးမလဲ” မစံပယ်က ပြောလိုက်သည်။
(*လုံခြုံရေးအရ အမည်လွှဲများအသုံးပြုထားပါသည်။ )