
အာဏာမသိမ်းမီက ပို့ကုန်တင်ပို့မှု နံပါတ်တစ်ချိတ်သည်အထိ တိုးတက်ခဲ့သော အထည်ချုပ်လုပ်ငန်းသည် ယခုအခါ အထည်ချုပ်လုပ်မှုအမှာစာ အကြီးအကျယ် ကျဆင်းလာသည့်နည်းတူ လုပ်ငန်းရပ်ဆိုင်းလိုက်သည့် နိုင်ငံတကာကုမ္ပဏီကြီး လေးခုထက်မနည်းရှိလာသည်။
မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး စံသတ်မှတ်ချက်များနှင့်အညီ အထည်ချုပ်လုပ်ငန်းလုပ်ကိုင်ရန် မဖြစ်နိုင်ကြောင်း ပြည်တွင်းပြည်ပအဖွဲ့အစည်းများက ထုတ်ဖော်ပြောဆိုလာပြီးနောက် နိုင်ငံတကာကုမ္ပဏီများ လုပ်ငန်းရပ်ဆိုင်းလာခြင်းဖြစ်သည်။
နာမည်ကြီး နိုင်ငံတကာအမှတ်တံဆိပ်များဖြစ်သည့် ဥရောပအခြေစိုက် C&A၊ လန်ဒန်မြို့အခြေစိုက် Tesco PLC၊ Marks & Spencers နှင့် အိုင်ယာလန်အခြေစိုက် Primark ကုမ္ပဏီတို့ မြန်မာတွင် အထည်ချုပ်လုပ်မှု ရပ်ဆိုင်းရန် ဆုံးဖြတ်ထားသည်။
အဆိုပါ ကုမ္ပဏီများသည် စစ်ကောင်စီလက်အောက်တွင် ကျင့်ဝတ်နှင့်အညီ လုပ်ကိုင်ရန် မဖြစ်နိုင်သည်ကို လက်ခံသွားခြင်းဖြစ်သည်ဟု မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ် (IWFM) ဥက္ကဋ္ဌ ဒေါ်ခိုင်ဇာအောင်က ပြောသည်။
“အခုထွက်သွားတဲ့ Brand တွေက (လုပ်ငန်းခွင်အခြေအနေကို) လက်ခံသွားတယ်။ ဆက်ရှိနေတဲ့သူတွေက ငါတို့လုပ်ပေးနိုင်ပါတယ်ဆိုပြီးတော့ အယောင်ဆောင်နေနေတဲ့ Brand တွေဖြစ်တယ်” ဟု ၎င်းက ဆိုသည်။
အာဏာသိမ်း စစ်ကောင်စီက အလုပ်သမားအခွင့်အရေး တက်ကြွလှုပ်ရှားသူများကို ဖမ်းဆီးထောင်ချခြင်းနှင့် ဆိုင်ရာအဖွဲ့အစည်းများကို ဖျက်သိမ်းခြင်းများရှိခဲ့သည်။ အာဏာမသိမ်းမီကတည်းက ပြည်ပနိုင်ငံတစ်ခုတွင် ပညာသင်ကြားနေသည့် IWFM ဥက္ကဋ္ဌ ဒေါ်ခိုင်ဇာအောင်မှာလည်း ဖမ်းဝရမ်းအထုတ်ခံသည့်အပြင် နိုင်ငံကူးလက်မှတ်ပါ ဖျက်သိမ်းခံခဲ့ရသည်။
၎င်းသည် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (CTUM) ဗဟိုအလုပ်အမှုဆောင်တစ်ဦးဖြစ်ပြီး နာမည်ကြီးအမှတ်တံဆိပ်များ ချုပ်လုပ်ပေးသည့် စက်ရုံများ၏ အခွင့်အရေးချိုးဖောက်မှုကို စောင့်ကြည့်နေသူလည်း ဖြစ်သည်။

ယခုလ ၁၁ ရက်တွင် ထွက်ခွာရန် ဆုံးဖြတ်ခဲ့သည့် Marks & Spencers ကုမ္ပဏီသည် တာဝန်သိမှုဆိုင်ရာ အကဲဖြတ်တွေ့ရှိချက်အရ ၎င်းတို့၏ အခြေခံအချက်များနှင့်အညီ ဆက်လက်လုပ်ကိုင်ရန် မဖြစ်နိုင်ကြောင်း သတင်းထုတ်ပြန်ထားသည်။
“ကျွန်တော်တို့ကို အဝတ်အထည်တွေချုပ်လုပ်ပေးနေတဲ့ မည်သည့်နေရာက လူ့အခွင့်အရေးချိုးဖောက်မှုမျိုးမှ သည်းခံမှာ မဟုတ်ပါဘူး” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
လာမည့် ၂၀၂၃ မတ်လတွင် အပြီးသတ်ရပ်ဆိုင်းရန် မျှော်မှန်းထားပြီး ထိုမတိုင်မီ အထည်ချုပ်လုပ်ပေးနေသည့်စက်ရုံများက လူ့အခွင့်အရေးနှင့် ဥပဒေများကို လေးစားလိုက်နာရန် ETI အပါအဝင် ပတ်သက်ဆက်နွှယ်သူများနှင့် အနီးကပ်စောင့်ကြည့်သွားမည်ဟုလည်း ဆိုသည်။
မြန်မာ့အထည်ချုပ်လုပ်ငန်းတွင် အဝတ်အထည် အမှတ်တံဆိပ်ပေါင်း ၈၀ ခုထက်မနည်းရှိပြီး Hennes & Mauritz (H&M), Bestseller, Adidas, Zara စသည့် နာမည်ကြီးအမှတ်တံဆိပ်များ ထွက်ခွာခြင်း မရှိပေ။
ဆွီဒင်နိုင်ငံအခြေစိုက် ကမ္ဘာ့ထိပ်တန်းအဝတ်အထည်ကုမ္ပဏီ H&M ကမူ မြန်မာနိုင်ငံက လူအများအပြားသည် နိုင်ငံတကာကုမ္ပဏီများကို မှီခိုနေရခြင်းကြောင့် အဝတ်ထည်ချုပ်လုပ်မှုကို ရပ်ဆိုင်းရန် အစီစဉ်မရှိသေးကြောင်း ထုတ်ဖော်ပြောဆိုထားသည်။
ထို့အတူ ဂျပန်အခြေစိုက် အဝတ်အထည်လုပ်ငန်း Honeys Holdings ကုမ္ပဏီကလည်း လုပ်ခသက်သာ၍ မြန်မာတွင် အထည်ချုပ်စက်ရုံသစ် ထပ်မံရင်းနှီးမြှုပ်နှံမည်ဟု ပြောဆိုထားသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ အာဏာမသိမ်းမီ ၂၀၂၀ ပြည့်နှစ်က အထည်ချုပ်တင်ပို့မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၄ ဒသမ ၅၈ ဘီလျံအထိ ရှိခဲ့သည်။
လက်ရှိတွင် အထည်ချုပ်တင်ပို့မှု မည်မျှရှိသည်ကို မသိရပေ။ အာဏာသိမ်းစစ်တပ်ကလည်း ထိုအချက်အလက်များကို ထုတ်ပြန်ခြင်း မရှိပေ။
အထည်ချုပ်အမှာ ကျဆင်းလာ
ကိုဗစ်နိုင်တင်းကပ်ရောဂါ စတင်ဖြစ်ပွားချိန်မှစ၍ အထည်အလိပ်ကုန်ကြမ်းပြတ်လပ်ကာ အမှာအော်ဒါများ ကျဆင်းခဲ့သည်။ စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် လုပ်ငန်းရပ်ဆိုင်းသည့် အထည်ချုပ်ကုမ္ပဏီများရှိလာသည့်အပြင် အထည်ချုပ်စက်ရုံများအနေဖြင့် အမှာစာရရန်ပင် ရုန်းကန်နေရသည်။
လက်ရှိတွင် ဥရောပ၊ ဂျပန်နိုင်ငံများမှ အမှာရှိနေသေးသော်လည်း နာမည်ကြီးအဝတ်အထည်လုပ်ငန်းများ ထွက်ခွာလာခြင်းကြောင့် သိသိသာသာလျော့ကျနိုင်သလို အမှာနည်းပါးနေသည့် စက်ရုံများလည်းရှိသည်ဟု မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းဝင် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
“ဒီမှာရှိနေတဲ့ စက်ရုံတွေရဲ့ ရပ်တည်မှုက စိုးရိမ်စရာဖြစ်လာနိုင်ခြေရှိတာပေါ့။ သူတို့ရဲ့မှာနေတဲ့ Volume လျော့သွားရင် အထိုက်အလျောက် Work Force တွေအတွက်ကို လုံလောက်တဲ့ အော်ဒါမရတာမျိုးတွေ ဖြစ်နိုင်ခြေရှိတာပေါ့” ဟု ၎င်းက ဆိုသည်။
အထည်ချုပ်လုပ်ရန် အမှာစာ ပိုမိုကျဆင်းလာပါက အလုပ်အကိုင်ဆုံးရှုံးမှု ပိုဖြစ်နိုင်ကြောင်း၊ စက်ရုံတစ်ခုချင်းစီ၏ ရင်းနှီးမြှုပ်နှံမှု၊ ငွေကြေးခိုင်မာတောင့်တင်းမှုပေါ်တွင် မူတည်၍ စက်ရုံပိတ်သိမ်းမှုများဖြစ်နိုင်သည်ဟု ဆိုသည်။
အာဏာသိမ်းမှုဖြစ်စဉ်နှင့်အတူ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်အတွင်း အလုပ်အကိုင်ပေါင်း ၁ ဒသမ ၆ သန်း ကျော် ဆုံးရှုံးခဲ့သည်ဟု အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) က ယခုနှစ်ဆန်းပိုင်းတွင် ထုတ်ပြန်သည်။
စစ်အာဏာသိမ်းပြီးနောက် လျှပ်စစ်မီး အကြီးအကျယ်ပြတ်တောက်မှုကြောင့် ရှိသည့်အော်ဒါကို ချုပ်လုပ်ရန် ဒီဇယ်အင်ဂျင်သုံးရသဖြင့် ကုန်ကျစရိတ်တက်ကြောင်း၊ အခြေအနေအားလုံးခြုံကြည့်ပါက အပေါင်းလက္ခဏာ မတွေ့ရကြောင်းလည်း အထက်ပါ အထည်ချုပ်လုပ်ငန်းရှင်က ဆိုသည်။
“ခြုံငုံကြည့်မယ်ဆိုရင်တော့ ပျော်စရာ၊ ဝမ်းသာစရာ၊ မျှော်လင့်စရာ မတွေ့သေးဘူးလို့ ပြောရမှာပေါ့”
မြန်မာနိုင်ငံတွင် လုပ်ငန်းလည်ပတ်နေသည့် ကုမ္ပဏီများမှာလည်း ကျင့်ဝတ်ဆိုင်ရာထိခိုက်မှုများ ရှိခြင်းကြောင့် ရေရှည်အမှာအော်ဒါများ ပေးနိုင်ဖွယ်မရှိကြောင်း ဒေါ်ခိုင်ဇာအောင်က သုံးသပ်သည်။
“အလုပ်ရှင်အဖွဲ့ချုပ်တွေက Brand တွေ မြန်မာပြည်မှာရှိတာကို လိုချင်တယ်။ ဒါပေမဲ့ တာဝန်ယူမှုကျတော့ ဘာမှ မရှိဘူး။ ဒီတော့ ဒီအခြေအနေက ကြုံရမှာပဲပေါ့”
လုပ်ငန်းခွင် အခွင့်အရေးချိုးဖောက်မှု

လူ့အခွင့်အရေး လေးစားလိုက်နာသည်ဟုဆိုသည့် ကုမ္ပဏီကြီးများက အမှာများဆက်လက်ပေးနေသော်လည်း ထိုအဝတ်အထည်များကို ချုပ်လုပ်ပေးသည့် အလုပ်သမားများမှာ အလုပ်သမားအခွင့်အရေးဆုံးရှုံးနေကြောင်း အလုပ်သမားအခွင့်အရေးလှုပ်ရှားသူများနှင့် အလုပ်သမားများက ဆိုသည်။
လွတ်လပ်စွာထုတ်ဖော်ခွင့်နှင့် အသင်းပင်းဖွဲ့စည်းခွင့်မရှိတော့သလို အဓ္ဓမခိုင်းစေမှု၊ လုပ်အားခခေါင်းပုံဖြတ်မှု၊ ဥပဒေပါခံစားခွင့်နှင့် လူမှုဖူလုံရေးခံစားခွင့်များဆုံးရှုံးမှုရှိလာကာ နိုင်ငံတကာအဝတ်အထည်ကုမ္ပဏီကြီးများက အကာကွယ်မပေးနိုင်ကြောင်း ဒေါ်ခိုင်ဇာအောင်က ဆိုသည်။
“Force Labor (အဓ္ဓမခိုင်းစေမှု) လုံးဝဖြစ်လို့ မရဘူး။ (နိုင်ငံတကာကုမ္ပဏီတွေမှာ) Zero Tolerate ခေါ်တဲ့ သည်းခံနိုင်မှုက သုညပဲရှိတယ်။ အဲဒီလို သူတို့မှာ ရှိထားပေမယ့် Force Labor က စက်ရုံတိုင်းမှာ ဖြစ်နေတာ။ အဲဒီနေရာမှာ ဘယ်လိုမှ အကာကွယ်မပေးနိုင်ဘူးဖြစ်နေတယ်” ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီက အလုပ်သမားသမဂ္ဂခေါင်းဆောင်များကို ဖမ်ဆီးသလို သမဂ္ဂများမရှင်သန်ရန် နှိပ်ကွပ်ကြောင်း၊ ယခုနောက်ပိုင်း အသင်းများဖွဲ့စည်းမှုရှိသော်လည်း အလုပ်သမားအရေး ဖြေရှင်းပေးနိုင်မှု မရှိကြောင်း ၎င်းက ဆိုသည်။
ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်ရှိ ADK အထည်ချုပ်စက်ရုံ၌ ထောင်နှင့်ချီသော အလုပ်သမားများက ရက်မှန်ကြောင်း၊ လူမှုဖူလုံရေး၊ ကျန်းမာရေးနှင့် လုပ်သက်ခွင့်များ ခံစားခွင့်ရရှိရေး ယခုနှစ် ဇူလိုင်လအတွင်းက ဆန္ဒပြတောင်းဆိုခဲ့ကြသည်။
ကုန်သွယ်ရေးဆိုင်ရာကျင့်ဝတ်စောင့်ကြည်ရေးအဖွဲ့ (Ethical Trading Initiative ETI) အစီရင်ခံစာတွင်လည်း မြန်မာအထည်ချုပ်လုပ်သားများ၏ အလုပ်သမားအခွင့်ရေးယိုယွင်းမှုများကို မီးမောင်းထိုးပြထားသည်။
မြန်မာနိုင်ငံ၏ အထည်ချုပ်ကဏ္ဍတွင် အလုပ်သမားများ၏ အခြေခံအခွင့်အရေးစံချိန်စံညွှန်းများ မရှိတော့ဘဲ စီးပွားရေးလုပ်ငန်းများအနေဖြင့် ပုံမှန်လူအခွင့်အရေးဆိုင်ရာတာဝန်ရှိမှုများကို လိုက်နာဆောင်ရွက်ရန်လည်း မဖြစ်နိုင်ကြောင်း ETI အစီရင်ခံစာက ဆိုသည်။
အလုပ်သမားအခွင့်အရေးအတွက် နိုင်ငံတကာကုမ္ပဏီများက စက်ရုံအထိ ကွင်းဆင်းတွေ့ဆုံမေးမြန်းလျှင် အလုပ်ရှင်စိတ်ကြိုက်ရွေးချယ်ထားသူကိုသာ တွေ့ခွင့်ပေးလေ့ရှိကြောင်း နာမည်ကြီး Adidas အမှတ်တံဆိပ် အဝတ်အထည်များ ချုပ်ပေးနေသည့် Myanmar Pou Chen စက်ရုံမှ အမျိုးသမီးအလုပ်သမားတစ်ဦးက ပြောသည်။
စက်ရုံအတွက် အလုပ်သမားရေးရာညှိနှိုင်းရေးအဖွဲ့တွင် အောက်ခြေအလုပ်သမားများ မပါဝင်ခြင်းကြောင့် အလုပ်သမားအခွင့်အရေး ထိရောက်အောင် မဖြေရှင်းပေးနိုင်ကြောင်း လုပ်သက်လေးနှစ်ရှိပြီဖြစ်သည့် ၎င်းက ဆိုသည်။
ထိုစက်ရုံမှအလုပ်သမားများအနေဖြင့် ၂၀၁၈ ကတည်းက သတ်မှတ်ပေးသည့် တစ်ရက် ၄,၈၀၀ ကျပ်နှုန်းသာ ရရှိနေ၍ လက်ရှိကုန်ဈေးနှုန်မြင့်တက်မှုကြောင့် လစာတိုးမြှင့်ပေးရန် တောင်းဆိုထားသည်။ ကုမ္ပဏီဘက်ကမူ ဈေးဝယ်ကတ်တွင် ငွေ ၁၀,၀၀၀ ကျပ် ထည့်ပေးမည်ဟု အကြောင်းပြန်သည်။
အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများအစီရင်ခံစာများသည် မည်သည့်ဒေတာ အချက်အလက်များကို အခြေခံသည်ကို မသိရကြောင်း၊ စက်ရုံပိုင်ရှင်တို့မှာ ရသည့်အခြေအနေတွင် ကျားကန်၍ အလုပ်အကိုင်များ မဆုံးရှုံးရန် ထိန်းသိမ်းနေကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းဝင် လုပ်ငန်းရှင်က ပြောသည်။
“အလုပ်ရှင်နဲ့ အလုပ်သမားနဲ့ပဲ အပြန်အလှန်ဖေးမပြီးတော့ လုပ်နေရတာပဲ။ အလုပ်သမားမရှိဘဲ အလုပ်ရှင်မရှိနိုင်ဘူး။ အလုပ်ရှင်မရှိဘဲ အလုပ်သမားမရှိနိုင်ဘူး” ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီလက်ထက်တွင် အလုပ်သမားအရေးဖြေရှင်းပေးသည့် ယန္တရားပျက်ယွင်းသွားသလို အခွင့်အရေးတောင်းဆိုသူများကို စစ်တပ်ကို ဖမ်းခိုင်းမည်ဟု ခြိမ်းခြောက်သည့်စက်ရုံများရှိကြောင်း အလုပ်သမားအခွင့်အရေး တက်ကြွလှုပ်ရှားသူများက ဆိုသည်။
လူ့အခွင့်အရေးနှင့် အလုပ်သမားအခွင့်ရေးမရနိုင်၍ နိုင်ငံတကာကုမ္ပဏီများအနေဖြင့် ပူးပေါင်းဆောင်ရွက်ခြင်း မပြုရန် တောင်းဆိုမှုများလည်း ရှိနေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)