ပြည်ပရောက် မြန်မာအလုပ်သမားများအနေဖြင့် လုပ်ခလစာ ၂၅ ရာခိုင်နှုန်းကို ဘဏ်မှတစ်ဆင့် မဖြစ်မနေ လွှဲရန် နိုင်ငံခြားငွေလိုအပ်နေသော စစ်ကောင်စီက စီစဉ်ညွှန်ကြားနေသည်ဟု သိရသည်။
အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် နိုင်ငံတကာအကူအညီနှင့် ချေးငွေများ ရပ်ဆိုင်းခံရခြင်း၊ ကုန်ထုတ်လုပ်မှု လျော့ကျကာ ပို့ကုန်ဝင်ငွေနည်းလာခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကျဆင်းခြင်းနှင့် ဝင်ငွေရလမ်းကြောင်း ပိတ်ဆို့ခံရခြင်းတို့ကြောင့် စစ်ကောင်စီက နိုင်ငံခြားငွေ ရပေါက်ရလမ်းအားလုံးကို မီးကုန်ယမ်းကုန်ထိန်းချုပ်နေခြင်းဖြစ်သည်။
ပြည်ပရောက် အလုပ်သမားများ၏ လစာတစ်စိတ်တစ်ပိုင်းကို ဘဏ်မှ လွှဲစေရေး စစ်ကောင်စီက ၂၀၂၂ ကတည်းက စီစဉ်နေခြင်းဖြစ်ကာ ပြီးခဲ့သည့် ဇူလိုင် ၃၁ ရက်က ပြုလုပ်သော ပြည်ပအလုပ်အကိုင်ကြီးကြပ်ရေးအစည်းအဝေးအရ ပြန်လွှဲပို့ရမည့်ပမာဏကို ၂၅ ရာခိုင်နှုန်း သတ်မှတ်မည်ဟု သိရသည်။
အဆိုပါ အစီအစဉ် မကြာမီစတင်နိုင်ဖွယ်ရှိပြီး စစ်ကောင်စီက နိုင်ငံခြားငွေရရှိရေး စီစဉ်နေခြင်းဖြစ်သည်ဟု ပြည်ပအလုပ်ကိုင်ရှာဖွေရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
“သူတို့က ပိုက်ဆံလိုနေတော့ ရသလိုလုပ်နေတာပေါ့။ ဒါကတော့ ဟိုအရင်ကတည်းက ရှိပြီးသားပါ။ အခုကျတော့ အသည်းအသန် ၂၅ ရာခိုင်နှုန်းလောက်ကို တရားဝင်ဘဏ်စနစ်ကနေပြီး ပြန်သွင်းရမယ်ဆိုပြီး ပြောတယ်” ဟု ၎င်းက ဆိုသည်။
အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများအနေဖြင့် ပြည်ပသို့ အလုပ်သမားစေလွှတ်ရာတွင် သတ်မှတ်ပမာဏကို ဘဏ်မှတစ်ဆင့်လွှဲရမည်ဆိုသော အချက်ကို စာချုပ်တွင် ထည့်သွင်းချုပ်ဆိုရန်လည်း စီစဉ်နေသည်ဟု သိရသည်။
“အေဂျင်စီတွေကို လာချည်နေတာတော့ နည်းနည်းတော့ ခက်တာပေါ့။ စစ်ကောင်စီက မူဝါဒချပေးရင် လုပ်တာတော့လုပ်ရမှာ။ ဒါပေမဲ့ အလုပ်သမားတွေဆီက ပိုက်ဆံအတင်းနှိုက်ပြီးသွားယူလို့မှ မရတာ” ဟု အထက်ပါလုပ်ငန်းရှင်က မှတ်ချက်ပြုသည်။
စစ်ကောင်စီ၏ အစီစဉ်သစ်အရ လစဉ် ဒေါ်လာ ၁၀၀ ရသူသည် ၂၅ ဒေါ်လာကို ဘဏ်မှ လွှဲရမည်ဖြစ်ကာ ကျန်ဝင်ငွေကို လွတ်လပ်စွာအသုံးပြုနိုင်မည်ဖြစ်သည်။ သို့သော် ပြင်ပဈေးကွက်အတွင်း တစ်ဒေါ်လာ ကျပ် ၃၀၀၀ ကျော်ရှိနေချိန် စစ်ကောင်စီက ကျပ် ၂၁၀၀ သတ်မှတ်ထားရာ ဘဏ်မှတစ်ဆင့် ငွေလွှဲပါက အလုပ်သမားများနစ်နာမည်ဖြစ်သည်။
တရားဝင်ဘဏ်စနစ်မှ လွှဲပို့ခြင်းသည် တိုင်းပြည်အတွက် အကျိုးရှိ၍ ယခင်အစိုးရများလက်ထက်က အလုပ်သမားများက ပူးပေါင်းဆောင်ရွက်လိုစိတ်ရှိခဲ့သော်လည်း အာဏာသိမ်းစစ်တပ်လက်ထက်၌ ဟွန်ဒီ ခေါ် တရားမဝင်ငွေလွှဲလုပ်ငန်းများကိုသာ အားကိုးလာကြသည်။
ငွေလဲနှုန်း အလွန်ကွာဟနေသောကြောင့် စစ်ကောင်စီ၏ အစီအစဉ်ကို လက်မခံနိုင်ဟု စင်ကာပူနိုင်ငံတွင် အလုပ်လုပ်နေသည့် မြန်မာအလုပ်သမားတစ်ဦးက ဆိုသည်။
“ပြည်ပရောက် မြန်မာတွေထဲမှာ စင်ကာပူကလူတွေက (တော်လှန်ရေးကို) ဘယ်လောက်တောင် Support ပေးတယ်ဆိုတာ သိတဲ့အတိုင်းပဲ။ ရန်ပုံငွေတွေ ထွက်တာပဲ။ ငွေပမာဏတော်တော်လေးကို Supporting ပေးကြတယ်။ စစ်ကောင်စီကို ၂၅ ရာခိုနှုန်းလွှဲခိုင်းဆို ဘယ်သူမှမပေးဘူး”
စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်ပထွက်အလုပ်လုပ်လိုသူများပြားလာသလို အိမ်နီးချင်း ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဂျပန်နှင့် တောင်ကိုးရီးယားနိုင်ငံများသို့ အများဆုံးသွားရောက်လျက်ရှိကြောင်း အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများထံမှ စုံစမ်းသိရှိရသည်။
လစာကို ဘဏ်စနစ်ဖြင့် လွှဲရန် စွဲဆောင်သည့်အနေဖြင့် ပြည်တွင်းဘဏ်များက ငွေလဲနှုန်းကို စစ်ကောင်စီ သတ်မှတ်ဈေးမဟုတ်ဘဲ ဈေးကွက်ပေါက်ဈေးဖြင့် မတိမ်းမယိမ်းဖြစ်စေရန် ကြိုးစားနေသည်။ ဗဟိုဘဏ်ကလည်း လစာလွှဲပါက တစ်ဒေါ်လာကို ကျပ် ၃၀ အပိုထပ်ဆောင်းပေးမည်ဟု ထုတ်ပြန်ထားသည်။
စစ်ကောင်စီက တစ်ဒေါ်လာ ကျပ် ၂၁၀၀ သတ်မှတ်ထားသော်လည်း သင်္ဘောသားလုပ်ခလစာငွေများကို ဦးခင်မောင်အေးပိုင် စီဘီဘဏ်က တစ်ဒေါ်လာ ၂၈၇၅ ကျပ်နှင့် စစ်ကောင်စီအပိုဆောင်းငွေ ကျပ် ၃၀ စုစုပေါင်း ၂၉၀၅ ကျပ် ပေးမည်ဟု ထုတ်ပြန်ထားသည်။
စီဘီ၊ ကမ္ဘောဇနှင့် ဧရာဝတီဘဏ်တို့မှ အများဆုံးငွေလွှဲပြီး နိုင်ငံခြားဝင်ငွေရှာဖွေပေးနေသည်ဟုဆိုကာ စစ်ကောင်စီ၏ ဗဟိုဘဏ်က လွန်ခဲ့သည့် ဇန်နဝါရီလအတွင်း ချီးကျူးဂုဏ်ပြုကြောင်း ထုတ်ပြန်ခဲ့သည်။
၁၉၉၉ မှစကာ လမ်းကြောင်းမျိုးစုံဖြင့် ပြည်ပသို့ သွားရောက်အလုပ်လုပ်ခွင့်ပြုခဲ့ပြီး ၂၀၁၄ မှ ၂၀၂၂ နှစ်လယ်ပိုင်းထိ ပြည်ပရောက်အလုပ်သမားများမှ လွှဲပို့ငွေ အမေရိကန်ဒေါ်လာ ၆ ဘီလျံကျော်ရှိကြောင်း စစ်ကောင်စီလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနက လွန်ခဲ့သည့်နှစ် စက်တင်ဘာလအတွင်း သတင်းထုတ်ပြန်သည်။
စစ်ကောင်စီလက်ထက်တွင် နိုင်ငံခြားသုံးငွေနှင့် ပတ်သက်၍ ဝင်ငွေများကို အကြီးကျယ်ထိန်းချုပ်သလို နိုင်ငံခြားငွေစီးထွက်မှု မရှိစေရေး ပြည်ပသွင်းကုန်များကိုလည်း ကန့်သတ်ပိတ်ပင်ထားသည်။
ထို့ပြင် ကုမ္ပဏီများ၏ နိုင်ငံခြားဘဏ်စာရင်းမှ ဒေါ်လာများကို ကျပ်ငွေဖြင့် လဲသလို ပို့ကုန်တင်ပို့ရာမှ ရရှိသည့် နိုင်ငံခြားငွေကို သတ်မှတ်ငွေလဲနှုန်းဖြင့် ရာခိုင်နှုန်းအချိုးအစားသတ်မှတ်ကာ လဲယူနေသည်။
ပို့ကုန်ရငွေ၏ ၁၀၀ ရာခိုင်နှုန်းကို ဗဟိုဘဏ်သတ်မှတ်ဈေး တစ်ဒေါ်လာ ကျပ် ၁၈၅၀ ဖြင့် လဲရန် သတ်မှတ်ခဲ့ရာမှ ၂၀၂၂ ဩဂုတ်လတွင် ၆၅ ရာခိုင်နှုန်းကို ၂၁၀၀ ကျပ်ဖြင့် လဲရန် ပြောင်းလဲခဲ့ကာ နောက်ဆုံးပြင်ဆင်ချက်အရ ၅၀ ရာခိုင်နှုန်း လဲရမည်ဖြစ်သည်။
အနောက်နိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုများကြောင့် နိုင်ငံခြားငွေ သုံးစွဲမရဖြစ်နေသည့်အပြင် ကုန်သွယ်ရေးလုပ်ငန်းများအတွက် ငွေပေးချေရာ၌လည်း အခက်အခဲဖြစ်နေသည်ဟု အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နေပြည်တော်အစည်းအဝေးတစ်ခုတွင် ဝန်ခံပြောဆိုထားသည်။
၎င်းတို့ တာဝန်ယူချိန်တွင် နိုင်ငံတကာက ပိတ်ဆို့မှုများ လုပ်ဆောင်လာပြီး၊ ရှိပြီးသား နိုင်ငံခြားသုံးငွေများ သုံးစွဲမရစေရန်အပြင် ကုန်ပစ္စည်းရောင်းရငွေများ မပေးချေနိုင်စေရေးအတွက်ပါ မျိုးစုံပိတ်ဆို့နေသည်ဟု စစ်ခေါင်းဆောင်က ဆိုသည်။နိုင်ငံငွေကြေးနှင့် ပတ်သက်၍ အခရာအကျဆုံးဖြစ်သည့် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (MFTB)၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB) တို့ကို ဇွန် ၁၂ တွင် အမေရိကန်အစိုးရက အရေးယူပိတ်ဆို့ကြောင်း ကြေညာခဲ့သည်။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)