
ပို့ကုန်ရငွေအားလုံးကို စစ်ကောင်စီသတ်မှတ်နှုန်းထားအတိုင်း လဲလှယ်ရန်မလိုဘဲ လွတ်လပ်စွာအသုံးပြုခွင့်ရနေသည့် နိုင်ငံခြားကုမ္ပဏီများ အခွင့်အရေး မကြာမီ ဆုံးရှုံးဖွယ်ရှိနေသည်။
ထိုကုမ္ပဏီများသည် မြန်မာကုမ္ပဏီများနည်းတူ ပို့ကုန်ရငွေ ဒေါ်လာကို တစ်ရက်အတွင်း ကျပ်ငွေအဖြစ် ပြောင်းလဲကြစေရန် စစ်ကောင်စီက စီစဉ်နေကြောင်း ပြည်တွင်းပို့ကုန်လုပ်ငန်းရှင်များထံမှ သိရသည်။
နိုင်ငံခြားအရန်ငွေရှားပါးလာသည့် စစ်ကောင်စီသည် မြန်မာကုမ္ပဏီများ၏ ပို့ကုန်တင်ပို့မှုမှရရှိသည့် နိုင်ငံခြားငွေကို အလုပ်ဖွင့်ရက် တစ်ရက်အတွင်း ဒေါ်လာမှ ကျပ်ပြောင်းလဲရန် စီစဉ်ခဲ့သည်။
ဤအခြေအနေတွင် နိုင်ငံခြားကုမ္ပဏီများမှာ ကင်းလွတ်ခွင့်ရနေ၍ တန်းတူသတ်မှတ်ရန် မြန်မာကုန်သည်များက စစ်ကောင်စီထံ တင်ပြထားခြင်းဖြစ်သည်။
တရားဝင်စာထွက်ခြင်းမရှိသေးသော်လည်း မူဝါဒတန်းတူသတ်မှတ်ရန် စစ်ကောင်စီနှင့် ပြုလုပ်သည့် အစည်းအဝေးများတွင် တင်ပြထားကြကြောင်း အမည်မဖော်လိုသည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက Myanmar Now ကို ပြောသည်။
“နိုင်ငံခြားကုမ္ပဏီက ပို့ကုန်ဝင်ငွေ ၁၀၀ ရာခိုင်နှုန်း စီမံခွင့်ရှိတယ်ဆိုတော့ မညီမျှမှုတော့ရှိတာပေါ့။ မညီမျှမှုရှိတော့ ပြည်တွင်းကုမ္ပဏီတွေ ယှဉ်ပြိုင်ရတာ ပိုခက်တာပေါ့” ဟု ၎င်းက ဆိုသည်။
မြန်မာကုမ္ပဏီများသည် ပို့ကုန်တင်ပို့၍ ရလာသည့် ဒေါ်လာငွေများ၏ ၆၅ ရာခိုင်နှုန်းကို ၂,၁၀၀ ကျပ်ဖြင့် စစ်ကောင်စီကို ရောင်းချနေရပြီး ၃၅ ရာခိုင်နှုန်းကိုသာ ဈေးကွက်ပေါက်ဈေးအတိုင်း အသုံးပြုခွင့်ရှိနေသည်။ စစ်ကောင်စီက တစ်ဒေါ်လာ ၂,၁၀၀ ကျပ် ပုံသေသတ်မှတ်သော်လည်း ပြင်ပဈေးကွက်တွင် ၃,၃၀၀ ကျပ် ဝန်းကျင် ဈေးပေါက်နေသည်။
ဆန်စပါး၊ ရော်ဘာ၊ ပဲမျိုးစုံနှင့် ရေထွက်ကုန် ပို့ကုန်လုပ်ငန်းလုပ်ကိုင်နေသည့် နိုင်ငံခြားကုမ္ပဏီအရေအတွက်မှာ မြန်မာကုမ္ပဏီနှင့် ယှဉ်လျှင် အရေအတွက် နည်းပါးသော်လည်း ကုန်ပစ္စည်းတင်ပို့နိုင်သည့် ပမာဏများပြားကြောင်း အထက်ပါ လုပ်ငန်းရှင်က ဆိုသည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC) ခွင့်ပြုချက်ဖြင့် ဆန်တင်ပို့နေသည့် နိုင်ငံခြားကုမ္ပဏီ ၃ ခု ရှိပြီး အခြားပို့ကုန်လုပ်ငန်း တစ်ခုချင်းစီတွင် ၄ ခုမှ ၅ ခုအထိ ရှိနေကြောင်း ၎င်းက ဆက်ပြောသည်။
ငွေလဲလှယ်နှုန်း ကွာဟချက်အပေါ်တွင် ပြည်တွင်းလုပ်ငန်းရှင်များ မယှဉ်ပြိုင်နိုင်၍ စစ်ကောင်စီကို တင်ပြရာ တန်းတူသတ်မှတ်ရန် လက်ခံသည်ဟု သိရကြောင်းလည်း ရန်ကုန်မြို့ ဘုရင့်နောင် ဆန်စပါးကုန်စည်ဒိုင်မှ ဆန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
“ဘယ်လိုပဲဖြစ်ဖြစ် သူတို့က အများကြီးဝယ်နိုင်တာလေ။ အများကြီးဝယ်နိုင်တော့ ဈေးကွက်မှာ သူက ၁၀၀ ဈေးနိုင်ဝယ်ရင် ပြည်တွင်းကလုပ်ငန်းရှင်က ၈၀ ပဲ ဝယ်နိုင်တယ်ဆိုတော့ ဝယ်လို့မရဘူး။ ဈေးကွက်ယှဉ်ပြိုင်လို့ မရဘူး၊ ရောင်းရတဲ့ငွေရဲ့ တန်ဖိုးတွေမှာ ကွာသွားတာ” ဟု ၎င်းက ဆိုသည်။
စစ်အာဏာသိမ်းပြီးနောက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့် အကူအညီများ၊ ပို့ကုန်ရငွေနှင့် ပြည်ပရောက်မြန်မာအလုပ်သမားများ၏ ပြန်ပို့ငွေများကျဆင်းခဲ့ရာ နိုင်ငံခြားဝင်ငွေကျဆင်းသွားပြီး ဒေါ်လာလိုအပ်ချက်လည်း ကြီးထွားလာသလို ဒေါ်လာဈေးလည်း မြင့်တက်လာခဲ့သည်။
နိုင်ငံခြားဝင်ငွေနည်းပါးလာသည် စစ်ကောင်စီက ဒေါ်လာထိန်းချုပ်ရန် ပို့ကုန်ရငွေနှင့် DICA ခွင့်ပြုချက်ဖြင့် လုပ်ကိုင်နေသည့် ကုမ္ပဏီများ၏ နိုင်ငံခြားငွေစာရင်းမှ ဒေါ်လာများကို ကျပ်ဖြင့် လဲယူရန် လုပ်ဆောင်ခဲ့သည်။
ယခင်က ပို့ကုန်ရငွေဒေါ်လာများကို တစ်ဒေါ်လာ ၁၈၅၀ ကျပ်ဖြင့် လဲလှယ်ရန် ညွှန်ကြားခဲ့သော်လည်း နောက်ပိုင်းတွင် ပို့ကုန်ရငွေ၏ ၆၅ ရာခိုင်နှုန်းကိုသာ နှုန်းထားသစ် ၂,၁၀၀ ကျပ်ဖြင့် လဲရမည်ဟု စစ်ကောင်စီက သတ်မှတ်လိုက်သည်။
အဆိုပါ လုပ်ဆောင်ချက်ကြောင့် စစ်ကောင်စီသည် ဒေါ်လာကို အေးဓားပြတိုက်ခြင်းဖြစ်ကြောင်း၊ ဈေးကွက်ပေါက်ဈေးနှင့် စစ်ကောင်စီသတ်မှတ်ဈေးနှုန်း ကွာဟချက်ကြောင့် အရှုံးပေါ်ကြောင်း၊ ငွေလဲနှုန်းအပေါ် မူတည်၍ ကုန်ကြမ်းကို ဈေးဖြတ်ဝယ်ယူရခြင်းကြောင့် ကောက်ပဲသီးနှံဈေး နည်းနိုင်ကြောင်း ကုန်သည်များက ဆိုသည်။
စစ်ကောင်စီ၏ နိုင်ငံခြားငွေထိန်းချုပ်မှုကြောင့် ပြည်တွင်း၌ လာရောက်လုပ်ကိုင်နေသည့် နိုင်ငံခြားကုမ္ပဏီများမှာ ဒေါ်လာရှားပါး ပြတ်လပ်မှုနှင့် အကြီးအကျယ်ရင်ဆိုင်နေရကြောင်း ဂျပန်အခြေစိုက် Nikkei Asia သတင်းဌာနက ယခုလဆန်းတွင် ဖော်ပြသည်။ လက်ရှိတွင် MIC ခွင့်ပြုချက်နှင့် အထူးစီးပွားရေးဇုန်များရှိ နိုင်ငံခြားကုမ္ပဏီမျာသည် ဒေါ်လာကျပ်လဲလှယ်ခွင့်ကို ကင်းလွတ်ခွင့်ပြုထားဆဲဖြစ်သည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)