
ပို့ကုန်တင်ပို့မှုမှ ရရှိလာသည့် ငွေများကို ယခင်ကထက် စောပြီး ဘဏ်ထဲ ထည့်ကြရန် ဒီဇင်ဘာ ၂၆ ရက်ထုတ် အာဏာသိမ်းစစ်ကောင်စီ၏သတင်းစာတွင် ထုတ်ပြန်ကြေညာထားသည်။
ကုန်တင်ပို့သူ၏ ပြည်တွင်းဘဏ်စာရင်းအတွင်း ထိုသို့ ထည့်သွင်းခြင်းဖြင့် စစ်ကောင်စီထိန်းချုပ်ဘဏ်စနစ်တွင် နိုင်ငံခြားငွေစီးဝင်မည်ဖြစ်သည်။
ဤနည်းဖြင့် နိုင်ငံခြားသုံးငွေ အကျပ်အတည်းတွေ့နေသည့် စစ်ကောင်စီအတွက် အကျိုးရှိနေသည်။
ထိုကဲ့သို့ ငွေပြန်ထည့်ခိုင်းရာတွင် အချိန်ကို ပိုမို ကန့်သတ်လိုက်ကြောင်း ထုတ်ပြန်ချက်တွင် တွေ့ရသည်။
အာရှနိုင်ငံများသို့ တင်ပို့သော ကုန်များအတွက် တစ်လခွဲကြာ အချိန်ပေးခဲ့ရာမှ ယခုအခါ ၁ လအတွင်း ပြန်ထည့်ရန်၊ အခြားနိုင်ငံများအတွက် အချိန် ၃ လအစား ၂ လအတွင်း ပြန်ထည့်ရန် ပြောင်းလဲသတ်မှတ်ထားသည်။
မလိုက်နာလျှင် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေဖြင့် အရေးယူမည်ဟု ဖော်ပြထားသည်။
ပို့ကုန်ရငွေဖြင့် စက်သုံးဆီ၊ စားသုံးဆီ၊ ဆေးဝါး စသည့် သွင်းကုန်များ ပြန်လည်တင်သွင်းနေရသဖြင့် ဒေါ်လာအဓိကရှာဖွေသည့် ပို့ကုန်သမားများ တင်းကျပ်ခံနေရကြောင်း ရန်ကုန်မြို့မှ အမည်မဖော်လိုသည့် စီးပွားရေးကျွမ်းကျင်သူတစ်ဦးက ပြောသည်။
“စီးပွားရေးသမားတွေက အခုလည်း (လုပ်ငန်း) မလုပ်ချင်တော့ဘူး။ အဲ့ဒီတော့ ပို့ကုန်သမား မရှိရင်လည်း သွင်းကုန်သမားက မလုပ်နိုင်ဘူးလေ။ ဘာလုပ်ရမှန်းကို မသိဘူး။ လည်ထွက်သွားကြပြီလေ” ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီသည် ပို့ကုန်ရငွေပြန်ထည့်ရန် ကျန်ရှိသည့် ကုမ္ပဏီများကို အမည်ပျက်စာရင်းသွင်းခြင်း၊ ကုန်သွယ်ရေးလိုင်စင် ယာယီပိတ်သိမ်းခြင်း စသည့် နည်းလမ်းများဖြင့် အရေးယူနေကြောင်း ကုန်သည်အသိုင်းအဝိုင်းထံမှ သိရသည်။
ယခုမူဝါဒနှင့်ပတ်သက်၍ စစ်ကောင်စီ ဗဟိုဘဏ်ပြောခွင့်ရ ညွှန်ကြားရေးမှူးချုပ် ဦးအောင်အောင်ကို Myanmar Now က ဆက်သွယ်မေးမြန်းသော်လည်း ဖြေဆိုခြင်းမရှိပါ။
စစ်အာဏာသိမ်းပြီးနောက် နိုင်ငံခြားငွေရပေါက်ရလမ်းအားလုံးကို ထိန်းချုပ်ထားသည့် စစ်ကောင်စီသည် နိုင်ငံခြားသုံးငွေနှင့်သက်ဆိုင်သည့် မူဝါဒများကို မကြာခဏပြောင်းလဲလျက်ရှိရာ ပို့ကုန်ရငွေနှင့် ဆက်စပ်သည့် မူဝါဒများလည်း အချိန်နှင့်အမျှ အပြောင်းအလဲဖြစ်နေသည်။
စစ်ကောင်စီလက်ထက်တွင် ပြည်ပပို့ကုန်မှ ရရှိသည့် နိုင်ငံခြားငွေများကို လွတ်လပ်စွာသုံးခွင့်မပြုဘဲ ကနဦးတွင် ၁၀၀ ရာခိုင်နှုန်းကို သတ်မှတ်ငွေလဲနှုန်းဖြင့် ကျပ်ငွေဖြင့် လဲလှယ်ရန် သတ်မှတ်ထားသည်။ နောက်ပိုင်းတွင် ကျပ်ငွေဖြင့် လဲရမည့်အချိုးကို အဆင့်ဆင့် ဖြေလျှော့ပေးခဲ့သည်။
နောက်ဆုံးပြောင်းလဲလိုက်သည့် မူဝါဒအရ ပို့ကုန်ရငွေ၏ ၃၅ ရာခိုင်နှုန်းကို တစ်ဒေါ်လာ ၂,၁၀၀ နှုန်းဖြင့် စစ်ကောင်စီကို ရောင်းပေးရမည်ဖြစ်ပြီး ကျန် ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်ထိန်းချုပ် အွန်လိုင်းနိုင်ငံခြားငွေကြေးဈေးကွက်တွင် ရောင်းချရမည်ဖြစ်သည်။
ဆန်၊ ဆန်ကွဲ၊ ပဲမျိုးစုံနှင့် ပြောင်းတင်ပို့မှုရရှိငွေများအတွက်မူ သတ်မှတ်ချက် တစ်မျိုးဖြစ်သည်၊ စစ်ကောင်စီထံ လဲလှယ်ပေးရမည့်အချိုးထဲမှ သုံးပုံနှစ်ပုံခန့်ကို စက်သုံးဆီတင်သွင်းသည့် ကုမ္ပဏီများကို ရောင်းရန်၊ ထိုငွေဖြင့် ကိုယ်တိုင်ဆီသွင်းရန် ခွင့်ပြုထားကြောင်း ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) က ထုတ်ပြန်ထားသည်။