လွန်ခဲ့သော သုံးနှစ်ကျော်က ပို့ကုန်စာရင်းလက်ကျန်ကို အကြောင်းပြကာ ဘဏ်စာရင်းတွင် ဒေါ်လာပြန်မထည့်သော ကုမ္ပဏီ ၁၅၈ ခုနှင့် ဒါရိုက်တာအဖွဲ့ ဝင် ၄၄၀ ဦးကို စစ်ကောင်စီက အမည်ပျက်စာရင်းသွင်း လိုက်သည်။
အမည်ပျက်စာရင်းသွင်းသည့် ကုမ္ပဏီနှင့် ဒါရိုက်တာအဖွဲ့ဝင် အမည်များကို မှတ်ပုံတင်အမှတ်၊ ကုမ္ပဏီ လိပ်စာများနှင့်တကွ ယမန်နေ့ (မေ ၁၀) တွင် စစ်ကောင်စီ၏ ဗဟိုဘဏ်က ထုတ်ပြန်သည်။
ကုန်သည်များအနေဖြင့် ကုန်ပစ္စည်းရောင်းချရငွေကို သင်္ဘောတင်ပြီး သုံးလအတွင်း သက်ဆိုင်ရာ ဘဏ်စာရင်းတွင် နိုင်ငံခြားငွေအဝင်ပြရမည်ဟု စစ်ကောင်စီက ဆိုသည်။
၂၀၁၆၊ ၂၀၁၇ နှင့် ၂၀၁၈ ခုနှစ်က ပြည်ပပို့ကုန်တင်ပို့ရာတွင် နိုင်ငံခြားငွေပြန်ထည့်ရန် ပျက်ကွက်သည့် ပို့ကုန်လုပ်ငန်းရှင်များနှင့် ကုမ္ပဏီများကို စစ်ကောင်စီက အမည်ပျက်စာရင်းသွင်းခြင်းဖြစ်ကာ ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်လက်မှတ် ပိတ်သိမ်းသော်လည်း အကြောင်းမထူးကြောင်းလည်း ဖော်ပြသည်။
အစိုးရအဆက်ဆက်တွင် ပို့ကုန်ဝင်ငွေကို ပြည်တွင်းသို့ လွှဲပြောင်းခြင်းမပြုဘဲ နိုင်ငံခြားဘဏ်များ၌ ထားရှိကြသော်လည်း အာဏာသိမ်းပြီးနောက် ပို့ကုန်တင်ပို့မှု ကျဆင်းသွားခြင်းနှင့်အတူ နိုင်ငံခြားဝင်ငွေ အကြီးအကျယ်လိုအပ်လာသော စစ်ကောင်စီက အကြောင်းပြအရေးယူခြင်းဖြစ်သည်ဟု မန္တလေးမြို့မှ လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
အမည်ပျက်စာရင်း သွင်းခြင်းအပြင် ဖမ်းဆီးခံရခြင်းနှင့် လုပ်ငန်းပိတ်သိမ်းခြင်းများ ရှိလာနိုင်သောကြောင့် စီးပွားရေးလုပ်ကိုင်ရန် ခက်ခဲလာမည်ဟုလည်း ၎င်းက ဆိုသည်။
“ဖမ်းတာတွေ၊ ဆီးတာတွေ သိမ်းတာတွေ ဖြစ်လာနိုင်တဲ့အခါမှာ ဘယ်သူမှလုပ်တော့မှာ မဟုတ်ဘူး။ ကိုယ့်ရဲ့အသက်အိုးအိမ်စည်းစိမ်ကို ရင်းပြီးလုပ်မယ့်သူ မရှိတော့ဘူး။ အဲ့လိုလုပ်လေ အကျိုးဆက်က ဘာဖြစ်မလဲဆိုတော့ နိုင်ငံရဲ့ စီးပွားရေးပိုထိခိုက်လာလေဖြစ်မယ်” ဟု ထိုလုပ်ငန်းရှင်က ပြောသည်။
စစ်ကောင်စီသည် နိုင်ငံခြားငွေ အထူးသဖြင့် အမေရိကန်ဒေါ်လာ ဝင်ငွေလမ်းကြောင်းများကို တင်းတင်းကြပ်ကြပ်ထိန်းချုပ်လာပြီး သက်ဆိုင်ရာဘဏ်စာရင်းကို ဝင်လာသည့် ဒေါ်လာကို ၁,၈၅၀ ကျပ်နှုန်းဖြင့် တစ်ရက်အတွင်း မဖြစ်မနေလဲရမည်ဟုလည်း ထုတ်ပြန်ထားသည်။
ထိုသို့အတင်းအကျပ် ထိန်းချုပ်ခြင်းနှင့် အရေးယူခြင်းများကြောင့် ဒေါ်လာသုံးစွဲရသော လုပ်ငန်းများကို လုံးဝမလုပ်စေတော့ကြောင်း ရန်ကုန်မြို့မှ ရေထွက်ကုန် တင်ပို့သည့် လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
“သူတို့(စစ်ကောင်စီ) က ဒေါ်လာကို ယူပဲယူချင်တာ။ ပြန်မရောင်းပေးချင်ဘူး။ လိုင်စင်တစ်ခုခု ချပေးလိုက်တာနဲ့ ငွေပေးချေခွင့်ပေးရတဲ့သဘော။ အဲ့ဒီတော့ လိုင်စင်မချပေးတော့ ကြပ်ပြီးရင်းကြပ်နေတော့ တာပါပဲ” ဟု ၎င်းက မှတ်ချက်ပြုသည်။
နိုင်ငံခြားငွေပြန်မထည့်သည့် ကုမ္ပဏီများကို ထပ်မံ စိစစ်အရေးယူမည်ဟုလည်း ဗဟိုဘဏ်၏ ထုတ်ပြန် ချက်က ဆိုသည်။
နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ (၃၈-ခ)တွင် ပို့ကုန်ရငွေအားလုံးကို သက်မှတ်ကာလတွင် ဘဏ်စာ ရင်းတွင် ထည့်သွင်းရမည်ဟု ပြဋ္ဌာန်းထားပြီး ဖောက်ဖျက်လျှင် ထိုဥပဒေပုဒ်မ ၄၂ ကအရ တစ်နှစ်ထက် မပိုသည့် ထောင်ဒဏ်နှင့် ငွေဒဏ်၊ ဒဏ်နှစ်ရပ်လုံးချမှတ်နိုင်သည်ဟု ဆိုသည်။
အနောက်နိုင်ငံများ၏ ဒဏ်ခတ်အရေးယူခြင်း အပါအဝင် အဘက်ဘက်မှ ပိတ်ဆို့ခံထားရသည့် အာဏာ သိမ်းစစ်ကောင်စီသည် နိုင်ငံခြားသုံးငွေ လိုအပ်ချက်အတွက် ဘက်ပေါင်းစုံမှ ထိန်းချုပ်လာသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)