
နိုင်ငံခြားသုံးငွေကို ဈေးကွက်ပေါက်ဈေးအတိုင်း လွတ်လပ်စွာရောင်းဝယ်နိုင်ကြောင်း၊ ရည်ညွှန်းဈေးသတ်မှတ်တော့မည်မဟုတ်ကြောင်း စစ်ကောင်စီဗဟိုဘဏ်က ထုတ်ပြန်ပြီးနောက် ပို့ကုန်ရငွေနှင့် ပတ်သက်၍လည်း ၃၅ ရာခိုင်နှုန်းသာ ပြန်သွင်းရမည်ဟု မူဝါဒပြောင်းလဲလိုက်ပြန်သည်။
ပို့ကုန်သမားများအနေဖြင့် ပို့ကုန်ရငွေပမာဏ၏ ၅၀ ရာခိုင်နှုန်းအစား ၃၅ ရာခိုင်နှုန်းကိုသာ သတ်မှတ်ချက်အတိုင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ရမည်ဟု စစ်ကောင်စီထိန်းချုပ် ဗဟိုဘဏ်က ယမန်နေ့ (ဒီဇင်ဘာ ၆) ရက်စွဲဖြင့် ထုတ်ပြန်ကြေညာသည်။
ပြည်ပပို့ကုန်မှ ရရှိသည့် နိုင်ငံခြားသုံးငွေများကို ရာနှုန်းပြည့် ကျပ်ငွေဖြင့် လဲရမည်ဟု စစ်ကောင်စီက စတင်သတ်မှတ်ခဲ့သည်။ ထို့နောက် ၂၀၂၂ ဩဂုတ်တွင် ၆၅ ရာခိုင်နှုန်း၊ ယခုနှစ် ဇူလိုင်တွင် ၅၀ ရာခိုင်နှုန်းဟူ၍ အဆင့်ဆင့်ပြောင်းလဲခဲ့ပြီး ယခုအခါ ၃၅ ရာခိုင်နှုန်းအထိ လျှော့ချလိုက်ခြင်းသည်။
ထိုမူဝါဒအပြောင်းအလဲနှစ်ခုမှာ ကုန်ထုတ်လုပ်မှု တိုးမြှင့်ရန်နှင့် ပို့ကုန်မြင့်တက်လာစေရန် ဖြေလျှော့ပေးခြင်းဖြစ်သည်ဟု စစ်ကောင်စီက ဆိုသော်လည်း ဒေါ်လာထုတ်မရောင်းဘဲ ကုန်သည်များထံမှ ရသလောက် ဒေါ်လာသဲ့ယူဦးမည်သာဖြစ်သည်။
ကုန်သည်များအနေဖြင့် ၆၅ ရာခိုင်နှုန်းသော နိုင်ငံခြားငွေကို လွတ်လပ်စွာ ရောင်းဝယ်ခွင့်ရှိမည်ဖြစ်သော်လည်း ကျန် ၃၅ ရာ ခိုင်နှုန်းကို ပြင်ပပေါက်ဈေး ကျပ် ၃၅၀၀ ခန့် ရှိနေချိန် စစ်ကောင်စီသတ်မှတ်ဈေး တစ်ဒေါ်လာ ကျပ် ၂၁၀၀ ဖြင့် မဖြစ်မနေလဲပေးရမည်ဖြစ်သည်။
ပို့ကုန်မှရသော နိုင်ငံခြားငွေကို ထိန်းချုပ်ပြီး ရောင်းချပေးခဲ့ရာတွင် သွင်းကုန်လုပ်ငန်းရှင်များသာ အကျိုးခံစားနေရသဖြင့် ပြောင်းလဲမည်ဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီဇင်ဘာ ၄ ရက်နေ့ နေပြည်တော်အစည်းအဝေးတွင် ပြောဆိုပြီးနောက် ထိုသို့ပြင်ဆင်လိုက်ခြင်းဖြစ်သည်။
စစ်အာဏာသိမ်းပြီးနောက် နိုင်ငံခြားငွေရပေါက်ရလမ်းအားလုံးကို ထိန်းချုပ်နေသည့် စစ်ကောင်စီက ပို့ကုန်ရငွေ၏ ၁၀၀ ရာခိုင်နှုန်းကို ၂၄ နာရီအတွင်း ကျပ်ငွေဖြင့် မဖြစ်မနေလဲလှယ်ရမည်ဟု သတ်မှတ်ကာ ဒေါ်လာသိမ်းယူရေး အေးဓားပြတိုက်ခဲ့သည်။
စစ်ကောင်စီ၏ မူဝါဒအပြောင်းအလဲအရ လိုင်စင်ရဘဏ်များအနေဖြင့် အွန်လိုင်းစနစ်ဖြင့် နိုင်ငံခြားသုံးငွေ လွတ်လပ်စွာ ရောင်းဝယ်နိုင်မည်ဆိုသော်လည်း ပို့ကုန်ရငွေအချိုးကို ကျပ် ၂၁၀၀ ဖြင့် လဲရမည့်အစီအစဉ်ကို ဆက်လက်ထိန်းသိမ်းထားသည်။
ယခင်က ၂,၁၀၀ ဖြင့် လဲလှယ်ပြီး၍ ကျန်သည့်ပို့ကုန်ရငွေကိုလည်း စစ်ကောင်စီထိန်းချုပ်ထားကာ အွန်လိုင်းရောင်းဝယ်မှုအစီစဉ် (Online Trading) တွင် တစ်ဒေါ်လာလျှင် ၂,၉၀၀ ကျော် နှုန်းထားဖြင့် ရောင်းဝယ်ခိုင်းခဲ့သည်။ ယခုအခါ အွန်လိုင်းဈေးကွက်တွင် ငွေလဲနှုန်းသတ်မှတ်ချက်ကို ပယ်ဖျက်လိုက်ခြင်းဖြစ်သည်ဟု ဗဟိုဘဏ်က ဆိုသည်။
နိုင်ငံခြားငွေရှာဖွေပေးနေသည့် ပို့ကုန်သမားများမှာ ဖိအားပေးခံနေရသည့်အပြင် ပို့ကုန်မှ ရရှိသည့် နိုင်ငံခြားသုံးငွေကို လွတ်လပ်စွာ အသုံးပြုခွင့်မရသဖြင့် ပို့ကုန်မြှင့်တင်ရန် မကြိုးစားတော့သည့်နည်းတူ ဝင်ငွေအမှန်မပြတော့ဟု သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ယခုအခါ စစ်ကောင်စီက လွတ်လွတ်လပ်လပ် ရောင်းချခွင့်ပေးခြင်းဖြင့် ဒေါ်လာများစီးဝင်လာရန် ဖြေလျှော့ပေးသော်လည်း ဆေးမြီးတိုကုသနည်းသာဖြစ်ကြောင်း၊ ဒေါ်လာဈေးဆက်တက်နိုင်ကြောင်း ၎င်းက ဆိုသည်။
“ဒေါ်လာလလှယ်နှုန်းတွေ တက်လာနိုင်ပါတယ်။ ဘဏ်တွေက ဈေးပိုပေးရင် ပြင်ပကလူတွေက သူတို့ထက် ပိုပေးမှာပါ။ အဲ့တော့ သူဝယ်ကိုယ်ဝယ်နဲ့ တက်မှာပါပဲ”
ငွေလဲနှုန်းသတ်မှတ်ချက် ပယ်ဖျက်လိုက်သည့် ယမန်နေ့က တစ်ဒေါ်လာ ကျပ် ၃၅၆၀ ဖြစ်လာပြီး ယခင်ရက်များထက် ၁၀၀ မှ ၁၆၀ ဝန်းကျင် တက်သွားကြောင်း၊ အရောင်းအဝယ်ရပ်ထားသည်ဟုလည်း အထက်ပါ လုပ်ငန်းရှင်ထံမှ သိရသည်။
ဒေါ်လာဈေး ပုံသေသတ်မှတ်ခြင်းကို ရပ်တန့်လိုက်ခြင်းသည် စစ်ကောင်စီလက်ထဲတွင် နိုင်ငံခြားငွေ ရှားပါးနေခြင်းကို ပြသနေကြောင်း၊ အကြွင်းအကျန်ဒေါ်လာကို ကောက်သင်းကောက်ရန်ဖြစ်ကြောင်း စီးပွားရေးဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးက မှတ်ချက်ပြုသည်။
စစ်ကောင်စီ၏ စီမံခန့်ခွဲမှုအလွဲများကြောင့် ဘဏ်များအပေါ် ယုံကြည်မှုပျက်ယွင်းသွားသည့်နည်းတူ ကျပ်ငွေတန်ဖိုးမဲ့သွားခြင်းကြောင့် ဒေါ်လာထုတ်ရောင်းပြီး ကျပ်ငွေကိုင်ထားမည့်သူမရှိဟု ဆိုသည်။
“ကြိုက်ရောင်းကြိုက်ဝယ်ဆိုရင် ဒေါ်လာပဲ သိမ်းထားတော့မှာပေါ့။ ဗမာငွေက စိတ်မှမချရတာလေ။ စိတ်မချရတော့ ဒေါ်လာသိမ်းတဲ့သူက ပိုများမယ်။ ရလာတဲ့ပိုက်ဆံကို ဒေါ်လာသိမ်းသူက ပိုများရင် ဒေါ်လာကို လိုက်ဝယ်ကြမှာပဲ။ တကယ်တမ်း Import လုပ်တဲ့အခါ ဒေါ်လာရှိရင် လွယ်တယ်။ အဲ့ဒီတော့ ဒေါ်လာတွေကိုပဲ လိုက်ဝယ်မယ်လို့ ယူဆတယ်။ ဒေါ်လာဈေးကတော့ ထပ်တက်ဖို့ပဲ ရှိတယ်” ဟု အထက်ပါ ကျွမ်းကျင်သူက ဆိုသည်။
စစ်ကောင်စီတွင် နိုင်ငံခြားသုံးငွေ ပြတ်နေပြီဖြစ်ကြောင်း အထင်အရှားပြသနေပြီး အဆုံးသတ်ချိန် နီးလာသည့်လက္ခဏာဖြစ်သည်ဟု အရပ်သားအစိုးရလက်ထက်တွင် စီးပွားရေးအကြံပေးဖြစ်ခဲ့သူ ဩစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် ရှောင်တာနယ်က ဆိုသည်။
“ဒါဟာ အဆုံးသတ်နီးလာပြီဆိုတဲ့ လက္ခဏာပဲ။ စစ်တပ်ထောက်ခံသူတွေကိုတောင်မှ တရားဝင်သတ်မှတ်ဈေးနဲ့ ဒေါ်လာရောင်းမပေးနိုင်တော့ဘူး။ အထူးသဖြင့် စစ်ကောင်စီကို အထောက်အပံ့ပေးနေတဲ့ စက်သုံးဆီတင်သွင်းကုမ္ပဏီတွေက ဆီဝယ်ဖို့ ဒေါ်လာလိုမှာပဲ” ဟု ၎င်းက ဆိုသည်။
ဩစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် ရှောင်တာနယ်မှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် စီးပွားရေးအကြံပေးအဖြစ် လုပ်ကိုင်ခဲ့သူဖြစ်ကာ စစ်တပ်က အာဏာသိမ်းပြီးရက်ပိုင်းအကြာတွင် ဖမ်းဆီးထောင်ချခံရကာ ၂၀၂၂ နိုဝင်ဘာလတွင် လွတ်မြောက်ခဲ့သည်။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီအနေဖြင့် ဘက်ပေါင်းစုံအကျပ်အတည်း ကြုံတွေ့နေရပြီး တိုင်းပြည်စီးပွားရေး ယိုယွင်းပျက်စီးလာသည်ကို မဟန့်တားနိုင်ဖြစ်နေသည့်အပြင် ထိန်းမနိုင်သိမ်းမရဖြစ်လေ့ရှိသော ဒေါ်လာဈေး၊ ရွှေဈေးနှင့် စက်သုံးဆီဈေးတက်ခြင်းများလည်း ကြိမ်ဖန်များစွာ ရင်ဆိုင်နေရသည်။
ဒေါ်လာရှားပြားလာခြင်းကြောင့် ပြည်ပမှ ဒေါ်လာဖြင့် တင်သွင်းသည့် စက်သုံးဆီလည်း ဖုံးမနိုင်ဖိမရ ပြတ်လပ်နေသည်။
နိုင်ငံခြားသုံးငွေ မူဝါဒအပြောင်းအလဲကြောင့် သွင်းကုန်လုပ်ငန်းများအပေါ် အကျိုးသက်ရောက်မှုရှိနိုင်သော်လည်း ခဏသာဖြစ်မည်ဟု စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ထုတ်ဖော်ပြောဆိုသည်။
“အထင်ရှားဆုံးပြောရရင် စက်သုံးဆီကဏ္ဍမှာ အကျိုးသက်ရောက်မှုရှိပါလိမ့်မယ်။ ဒီအကျိုးသက်ရောက်မှုဟာ ခဏတာပဲဖြစ်ပါလိမ့်မယ်။ စက်သုံးဆီနဲ့ ပတ်သက်ပြီး စက်သုံးဆီ တင်သွင်းရမယ့် လိုအပ်တဲ့ပမာဏ ကျွန်တော်တို့နိုင်ငံမှာ တင်သွင်းဖို့အတွက် အသင့်ရှိပါတယ်” ဟု ရှေ့နောက်မညီသော ထုတ်ပြန်ပြောဆိုချက်များကြောင့် နာမည်ကြီးနေသူ စစ်ကောင်စီ၏ ပြန်ကြားရေးအဖွဲ့ခေါင်းဆောင်က ဆိုသည်။
အပြောင်းအလဲကြောင့် ပို့ကုန်ရငွေ တိုးလာမည့်အပြင် ပြည်ပရောက်အလုပ်သမားများ၏ ပြန်လွှဲပို့ငွေနှင့် ဟွန်ဒီငွေလွှဲလုပ်ငန်းများမှ နိုင်ငံခြားသုံးငွေ ပိုမိုဝင်ရောက်လာရန် စစ်ကောင်စီက မျှော်လင့်ထားသည်။