စစ်တပ်က အာဏာသိမ်းပြီးနောက် အဘက်ဘက်မှ ယိုယွင်းလာကာ အထွေထွေကုန်ဈေးနှုန်းကြီးမြင့်ခြင်း၊ ကျပ်ငွေတန်ဖိုးကျဆင်းခြင်း၊ ငွေကြေးဖောင်းပွခြင်း၊ ဘဏ်များအပေါ် ပြည်သူတို့ ယုံကြည်မှုကျဆင်းခြင်းတို့ ဆက်တိုက် ဖြစ်ပေါ်လာသည်။
၂၀၂၂ နှစ်လယ်ပိုင်းက ထုတ်ပြန်ခဲ့သော ကမ္ဘာ့ဘဏ်အစီရင်ခံစာတွင် မြန်မာနိုင်ငံ၏ ငွေကြေးကဏ္ဍသည် ၂၀၁၀ ပြည့်နှစ် မတိုင်မီအခြေအနေကို ပြန်ရောက်သွားကာ ကာလကြာရှည် မသေချာမရေရာမှုများနှင့်အတူ မြန်မာ့စီးပွားရေးသည် ရပ်တန့်နေဆဲ အခြေအနေမှာပင် ဆက်ရှိနေမည်ဟု ဆိုသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးအကြံပေးဖြစ်ခဲ့သူ ပါမောက္ခရှောင်တာနယ်လ်ကို ပြီးခဲ့သည့်သီတင်းပတ်အတွင်း Myanmar Now က ဆက်သွယ်ပြီး မြန်မာ့စီးပွားရေး အခြေအနေ၊ အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းရှိ ပုဂ္ဂလိကဘဏ်များနှင့် ပတ်သက်၍ မေးမြန်းထားသည်။
NLD အစိုးရလက်ထက် ဘဏ်စနစ်ပြုပြင်ပြောင်းလဲရေးနှင့် ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရပြီးနောက် ဒုတိယမြောက် အစိုးရသက်တမ်းတွင် အကောင်အထည်ဖော်မည့် NLD ၏ စီးပွားရေးဆိုင်ရာ အစီအမံများအကြောင်း ပါမောက္ခရှောင်တာနယ်လ်က ရှင်းပြထားသည်။
အာဏာသိမ်းပြီးရက်ပိုင်းအတွင်း ဖမ်းဆီးခံရသည့် ဩစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင်သည် လဝကဥပဒေ၊ နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေတို့ဖြင့် ထောင်ဒဏ်သုံးနှစ် ချမှတ်ခံခဲ့ရကာ ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင်မှ ပြန်လည်လွတ်မြောက်ခဲ့သည်။
မေး – NLD အစိုးရက ဘဏ်လုပ်ငန်းတွေ ပြုပြင်ပြောင်းလဲရေးလုပ်ခဲ့တယ်။ အထူးသဖြင့် ဗဟိုဘဏ်ကနေပြီး ပုဂ္ဂလိကဘဏ်တွေရဲ့ ချေးငွေကိစ္စတွေ စည်းနဲ့ကမ်းနဲ့ဖြစ်ဖို့ ကိုင်တွယ်ခဲ့တယ်။ စီးပွားရေးဆိုင်ရာ အကြံပေးပညာရှင်ဖြစ်တဲ့ မစ္စတာရှောင်တာနယ်လ်လည်း ပါဝင်ပတ်သက်ခဲ့ တယ်လို့ သိရတယ်။ NLD အစိုးရရဲ့ အစီအမံတွေအကြောင်း ရှင်းပြပေးပါလား။
ဖြေ – မှန်ပါတယ်။ မြန်မာနိုင်ငံမှာ ဘဏ်လုပ်ငန်းတွေ တည်ငြိမ်ဖို့၊ ဘဏ်စနစ်ပြုပြင်ပြောင်းလဲရေးကို NLD အစိုးရက ကြိုးစားပမ်းစား ဆောင်ရွက်ခဲ့တယ်။ ချေးငွေကိစ္စ စည်းကမ်းတကျ ပြန်လုပ်ဖို့ရယ်၊ ဘဏ်တွေရဲ့ မတည်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာတွေ ပြန်လည်ပြင်ဆင်ဖို့ အစီအစဉ်ချခဲ့တယ်။
ဒီအစီအစဉ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ စတင်ဖို့ အဆင်သင့်ပဲ။ ဒုတိယမြောက် အစိုးရသက်တမ်းအဖြစ် စတင်တာဝန်ယူချိန်မှာ စောစောစီးစီး ကြေညာနိုင်ဖို့ပဲ။ အဲဒီအစီအစဉ်မှာ ယခင်စစ်အစိုးရလက်ထက်တွေမှာ တင်ခဲ့တဲ့ တိုင်းပြည်ရဲ့ ကြွေးဟောင်းကိစ္စလည်း ပါတယ်။ ကိုဗစ်နိုင်တင်း ကပ်ရောဂါဖြစ်ပြီးနောက် အခြေအနေတွေလည်း ပါတယ်။ နိုင်ငံတကာ ဘဏ္ဍာရေးအဖွဲ့အစည်းတွေ၊ မိတ်ဖက်နိုင်ငံတွေရဲ့ ကူညီပံ့ပိုးမှုနဲ့ သေသေချာချာကို ရေးဆွဲထားတဲ့ အစီအစဉ်ပါ။
အစီအစဉ်အကောင်အထည်ဖော်ဖို့ ကုန်ကျစရိတ်နဲ့ ပတ်သက်ပြီး အပြည့်အဝထည့်သွင်းတွက်ချက်ထားသလို တိကျမှန်ကန်တဲ့ သတင်းအချက်အလက်တွေကို အခြေခံပြီး ရေးဆွဲထားတာပါ။ ဘဏ်တွေမှာ ငွေအပ်နှံသူတွေကို အပြည့်အဝကာကွယ်ပေးနိုင်ဖို့ အထူးဦးစားပေးထားတယ်။ ပြုပြင် ပြောင်းလဲမှုကို မထိခိုက်စေဘဲ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့ပဲ။
မေး – စစ်တပ်က အာဏာသိမ်းပြီးနောက် ပြည်တွင်းမှာရှိတဲ့ ပုဂ္ဂလိကဘဏ်တွေမှာ ဆုံးလုဆဲဖြစ်နေတဲ့ အကြွေးပမာဏ (Non-performing loan – NPL) ဟာ ၉၀ ရာခိုင်နှုန်းကျော်အထိ ရှိနေပြီလို့ သိရတယ်။ အဲကိစ္စကို ပါမောက္ခရှောင်တာနယ်လ်အနေနဲ့ ဘယ်လိုမှတ်ချက်ပေးနိုင်လဲ၊ ဘဏ်တွေ ပြိုလဲနိုင်သလား။
ဖြေ – အခုအခြေအနေမှာတော့ ဘဏ်တွေလည်း ကြံရာမရဖြစ်နေလိမ့်မယ်။ အာဏာသိမ်းမှုကြောင့် ကမောက်ကမဖြစ်သွားတဲ့နည်းတူ ဘဏ်တွေရဲ့ NPL ပမာဏကလည်း အရမ်းကို များနေလိမ့်မယ်။ ဒီအခြေအနေမှာ NLD အစိုးရလက်ထက်ကလို အကာအကွယ်ပေးမယ့် အစီအစဉ်မျိုး မရှိဘူး။ တစ်ချိန်တည်းမှာပဲ ဒီလိုအရေးကိစ္စတွေမှာ အကောင်းဆုံးဆိုတဲ့လူတွေက ထောင်ထဲရောက်နေတယ်။
မေး – ပါမောက္ခရှောင်တာနယ်လ် နေပြည်တော်မှာ ရှိနေတဲ့အချိန် NLD အစိုးရလက်ထက်မှာရော ဒါမျိုးတွေမဖြစ်အောင် ဘယ်လိုကြိုးစားဆောင်ရွက်ခဲ့တာမျိုးရှိလဲ။
ဖြေ – ကျွန်တော်တို့ အမိအရလုပ်ခဲ့တာကတော့ ဘဏ်တွေရဲ့ ချေးငွေကိစ္စပဲ။ ဘဏ်စာရင်းရှိငွေထက် ပိုပြီးထုတ်ချေးတာမျိုးတွေ ခွင့်မပြုဖို့ပေါ့။ ဘဏ်က ထုတ်ချေးတဲ့ ချေးငွေတိုင်းကို သေသေချာချာ စစ်ဆေးဖို့၊ ငွေချေးတဲ့သူနဲ့ ဘဏ်ကြား ဆက်ဆံရေးကို အခြေခံပြီး ငွေကို ချေးချင်သလို အလွယ်တကူထုတ်ချေးတာမျိုးတွေ မဖြစ်ဖို့ပါပဲ။
တစ်နည်းအားဖြင့် ပြောရရင် ချေးငွေရဲ့ ရည်ရွယ်ချက်နဲ့ အချက်အလက်အားဖြင့် ကိုက်ညီတဲ့ စနစ်တကျထုတ်ချေးခြင်းမျိုး ဖြစ်ဖို့ပဲ။ ဘဏ်လုပ်ငန်းတွေကို ဆွဲချနိုင်တဲ့အထိ ခြိမ်းခြောက်နေတဲ့ NPL အများကြီးဖြစ်နေတာမျိုး၊ ခရိုနီတွေအချင်းချင်း ဆက်ဆံရေးမျိုးကို အဆုံးသတ်နိုင်ဖို့ပဲ။
ခင်ဗျားပြောတဲ့ လက်ရှိဘဏ်တွေရဲ့ NPL ၉၀ ရာခိုင်နှုန်းကျော်ဖြစ်နေတယ်ဆိုတာ ကျွန်တော်မအံ့ဩဘူး။ အဲလိုပဲ ဖြစ်လိမ့်မယ်လို့ မျှော်လင့်ထားပြီးသား။ NLD အစိုးရ၏ အရင်းအနှီးပြန်လည်ထည့်ဝင်ရေး၊ ပြန်လည်ပြုပြင်တည်ဆောက်ရေး အစီအစဉ်နဲ့ဆို ဒါမျိုးဖြစ်လာစရာ အကြောင်းမရှိဘူး။
မေး – စည်းမျဉ်းစည်းကမ်း၊ လုပ်ငန်းအတွေ့အကြုံနဲ့ ငွေကြေးအရင်းအနှီးတွေအရ မြန်မာနိုင်ငံက ပုဂ္ဂလိကဘဏ်တွေကို ဘယ်လိုမျိုး သုံးသပ်နိုင်လဲ။
ဖြေ – အဲဒီအချက်တွေအားလုံးအရဆိုရင် အားနည်းပါတယ်။ ဘဏ်တွေကို ကျွန်တော် ကောင်းကောင်းကြီး သိတယ်၊ အထင်ကြီးစရာ ဘဏ်တချို့ရှိပေမဲ့ အများစုကတော့ လုံးဝကို မကောင်းဘူး။ တချို့ဘဏ်တွေက ခရိုနီတွေကြား မျက်နှာလိုမျက်နှာရ လုပ်ပေးနေရတာထက် ဘာမှမပိုဘူး။ တခြားဘဏ်တွေကလည်း ငွေကြေးခဝါချတဲ့နေရာသာသာပဲ။
မေး – ဘဏ်တွေ ပြိုလဲတာမျိုးမဖြစ်အောင် စစ်ကောင်စီက မျက်နှာပေးလိုက်လျောမယ်လို့ ထင်လား။
ဖြေ – ကျွန်တော်တွေးကြည့်တယ်။ အနည်းဆုံးထားရှိရမယ့် မတည်ရင်းနှီးမြှုပ်နှံမှုအချိုး အပါအဝင် ဘဏ်လုပ်ငန်းဆိုင်ရာ စည်းမျဉ်းတွေ အကုန်လုံး လျှော့ပေါ့ပေးပြီးလောက်ပြီ။ (မှတ်ချက် – ဘဏ်လုပ်ငန်းစံနှုန်းနှင့် စည်းမျဉ်းစည်းကမ်းများအရ ပုဂ္ဂလိကဘဏ်များအနေဖြင့် ချေးငွေထုတ်ချေးရာတွင် ဘဏ်ရှိငွေစာရင်း၏ ၁၀ ရာနှုန်းအထိကို ထိန်းသိမ်းထားရမည်ဖြစ်သည်။ မြန်မာနိုင်ငံရှိ ပုဂ္ဂလိကဘဏ်များအနေဖြင့် ၎င်းတို့ထုတ်ချေးနိုင်သည့် ပမာဏထက် ပို၍ ငွေထုတ်ချေးလေ့ရှိသည်)
မေး – ဘဏ်လုပ်ငန်းပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီး NLD အစိုးရရဲ့ အစီအမံတွေအကြောင်း ထပ်ပြီးဖြည့်ပြောလို့ ရမလား။ နိုင်ငံတကာဘဏ္ဍာရေးအဖွဲ့အစည်းတွေက ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်ဖို့ရှိလဲ။
ဖြေ – နိုင်ငံတကာအဖွဲ့အစည်းတွေက အကြံဉာဏ်ပေးမှာဖြစ်ပါတယ်။ ဘဏ်တွေရဲ့ ငွေကြေးရင်းနှီးမြှုပ်နှံမှု ပြည်လည်တည့်မတ်ရေးအစီအစဉ်ကို ဘဏ္ဍာရေးနဲ့ စီမံကိန်းဝန်ကြီးဌာနကနေ ကင်းလွတ်ပြီး ဖော်ဆောင်ဖို့ပါပဲ။ ဘဏ်တွေမှာ အပ်နှံထားတဲ့ငွေကြေးတွေ လုံခြုံစိတ်ချစေဖို့ ဗဟိုဘဏ်က အဓိကပုဂ္ဂိုလ်တွေပါမယ်။ ဒါက ဘဏ်လုပ်ငန်းရှင်တွေကို ကယ်တင်ဖို့ချည်း မဟုတ်ဘူး။ အစိုးရပိုက်ဆံတွေ ရှိတယ်။ ဒါပေမဲ့ လုပ်ငန်းရှင်တွေက သူတို့ဘဏ်တွေမှာ ငွေပိုထည့်ဖို့ပဲ။ ဘဏ်ပိုင်ရှင်တွေအနေနဲ့ အတိတ်ကာလ ဆုံးဖြတ်ချက်အမှားတွေရဲ့ အကျိုးဆက်ကိုတော့ ဆက်ပြီး ခံနိုင်ရည်ရှိရမှာပဲ။ ဒါမှသာ ကျင့်ဝတ်ပိုင်းနဲ့ ပတ်သက်ပြီး ဘေးဖြစ်စေမဲ့အရာတွေကို ရှောင်ရှားနိုင်လိမ့်မယ်။
နောက်ပြီး ဘဏ်မှာ ငွေအပ်နှံသူတွေ၊ ငွေချေးသူတွေ၊ ဘဏ်အသုံးပြုတွေနဲ့ လုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် ကာကွယ်ပေးထားမယ်။ NLD အစိုးရအနေနဲ့ ငွေရေးကြေးရေးအရ ချင့်ချိန်နိုင်တဲ့အနေအထားရှိတယ်။ အဲဒီအတွက် ဘဏ္ဍာငွေလည်းရှိတယ်။ ခေတ်သစ်ဘဏ်လုပ်ငန်းရဲ့ ရှုပ်ထွေးမှုကို ကောင်းကောင်းနားလည်တဲ့ ဘဏ်လုပ်ငန်းတွေ လမ်းမှန်ပေါ် ပြန်ရောက်လာဖို့ ဘာလုပ်ရမယ်ဆိုတာကို သိတဲ့ မြန်မာနိုင်ငံရဲ့ အတော်ဆုံးလူတွေရှိတယ်။ အစိုးရရဲ့ ငွေကြေးအဖွဲ့အစည်းတွေအနေနဲ့ ဘယ်လောက်ထိ ပြင်ဆင်ထားတယ်ဆိုတာကိုတော့ ကျွန်တော် အသေအချာမပြောနိုင်ဘူး။ ဒါတွေက ၂၀၁၈ ကနေ နောက်ပိုင်း ဆောင်ရွက်ခဲ့တာတွေပဲ။
နိုင်ငံတကာရဲ့ အနေအထားကိုလည်း နားလည်ထားတယ်။ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး မူဝါဒတွေ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့တယ်။ NLD အစိုးရအနေနဲ့ FATF (ငွေကြေးခဝါချမှု စောင့်ကြည့်ရေးအဖွဲ့) ရဲ့ အမည်ပျက်စာရင်းအသွင်းခံရတာမျိုး အတိတ်အခြေအနေကို ပြန်ရောက်စေမှာ မဟုတ်ဘူး။ ဒီကိစ္စကို ၂၀၁၆ ခုနှစ်ကတည်းက ဆောင်ရွက်နေခဲ့တယ်။ (မှတ်ချက် – စစ်တပ်က အာဏာသိမ်းပြီးနောက် ငွေကြေးခဝါချမှုကိစ္စရပ်တွင် နိုင်ငံတကာစံနှုန်းများကို လိုက်နာခြင်း မရှိဟု ဆိုကာ မြန်မာနိုင်ငံကို အမည်ပျက်စာရင်းပြန်သွင်းခဲ့သည်။)
မေး – မြန်မာနိုင်ငံက နိုင်ငံခြားကြွေးမြီ အကြီးအကျယ်တင်နေတော့ ဗဟိုဘဏ်ရဲ့ အရန်ငွေတောင့်တင်းမှုအနေအထားကို ပါမောက္ခရှောင်တာနယ်လ် ဘာများပြောနိုင်မလဲ။
ဖြေ – အခြေအနေက ခုဆိုရင် အရမ်းကို အလှည့်အပြောင်းများနေပြီ။ ငွေကြေးအမြောက်အမြား အလဟဿဖြစ်သွားတယ်။ နိုင်ငံတကာရဲ့ ပိတ်ဆို့အရေးယူမှုတွေလည်း ခံရတယ်။ NLD အစိုးရလက်ထက်မှာ နိုင်ငံခြားကြွေးမြီက တော်တော်ကို နည်းခဲ့တယ်။ အခု အာဏာသိမ်းပြီးနောက်မှာ နှစ်ဆဖြစ်လာတယ်။
မေး – NLD အစိုးရရဲ့ ပထမသက်တမ်းအတွင်း ပြုပြင်ပြောင်းလဲရေးဆောင်ရွက်တွေကို ဘယ်လိုမှတ်ချက်ပေးချင်လဲ။
ဖြေ – NLD အစိုးရလက်ထက်မှာ ဗဟိုဘဏ်က ကောင်းကောင်းစီမံခန့်ခွဲနိုင်ခဲ့တယ်။ အထူးသဖြင့် ဒေါက်တာဘိုဘိုငယ်ကို ဗဟိုဘဏ်ဒုဥက္ကဋ္ဌခန့်တာပဲ။ သူက လန်ဒန်တက္ကသိုလ်ကနေ ဘဏ်လုပ်ငန်းဘာသာရပ်နဲ့ ပါရဂူဘွဲ့ရခဲ့တယ်။ ထိပ်ဆုံးအနေနဲ့ကတော့ သူက Wall Street (ကမ္ဘာ့ထိပ်ဆုံး ငွေကြေးဈေးကွက်) မှာ အတွေ့အကြုံရှိခဲ့တယ်။ မြန်မာနိုင်ငံက ဘဏ်လုပ်ငန်းစီးပွားရေးနဲ့ ပတ်သက်ရင်လည်း အတွေ့အကြုံရှိတယ်။ မြန်မာနိုင်ငံမှာ သူ့ထက် ဘဏ်လုပ်ငန်းအကြောင်း ပိုနားလည်တဲ့သူ မရှိဘူး။
ဗဟိုဘဏ်ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အများကြီး ထောက်ကူပေးခဲ့တယ်။ သူက ကိစ္စရပ်တိုင်းမှာ နိုင်ငံရေးနဲ့ မနွှယ်ဘဲ လွတ်လွတ်လပ်လပ် ဆုံးဖြတ်ချက်ချစေတယ်။ ပြုပြင်ပြောင်းလဲရေး၊ ထိန်းညှိရေးနဲ့ မြန်မာနိုင်ငံရဲ့ ငွေရေးကြေးရေးနဲ့ ဘဏ်လုပ်ငန်းတွေ လုံခြုံ စိတ်ချရစေဖို့ ဘိုဘိုငယ်လိုလူတွေရှိတယ်။ ပြောရရင် ဒေါ်အောင်ဆန်းစုကြည်မှာ နောက်ကနေ ကျားကန်ပေးမယ့်သူတွေရှိတယ်။ စီးပွားရေးဆိုင်ရာ မူဝါဒကောင်းကောင်းချမှတ်နိုင်ခြင်းဆိုတာ တစ်ခါတလေ ဘာလုပ်ရမယ်၊ ဘာမလုပ်ရဘူးဆိုတာ သိခြင်းပဲ။
မေး – စစ်တပ်က ဘိုဘိုငယ်ကို ထောင်အနှစ် ၂၀ ချထားတယ်။ ထောင်ထဲမှာ သူနဲ့ တွေ့ခွင့်ရခဲ့လား။
ဖြေ – ထောင်ထဲမှာ ကောင်းကောင်းတွေ့ခွင့်ရခဲ့တယ်။ သူက ရဲရဲဝံ့ဝံ့ရှိတဲ့သူပါ။ သူ့ထက် တိုင်းပြည်ချစ်စိတ်ရှိတဲ့လူ မရှိနိုင်ဘူး။ ပြည်သူလူထုအကျိုး ဆောင်ရွက်တဲ့နေရာမှာ အကျင့်ပျက်ခြစားမှု မရှိတဲ့ သူမျိုးပဲ။ ဘိုဘိုငယ်ကို ကျွန်တော် တလေးတစားဖြစ်မိတယ်။ သမိုင်းမှာ သူ့ရဲ့ပုံရိပ်ကောင်းတွေ ကျန်ခဲ့ပါလိမ့်မယ်။ အင်မတန်ကို လေးစားစရာကောင်းတဲ့ ပြုပြင်ပြောင်းလဲရေးသမား၊ အင်မတန်တော်တဲ့သူပါ။
မေး – အာဏာသိမ်းစစ်တပ်က သူ့ကို တစ်ချိန်ချိန်မှာ လွှတ်ပေးမယ်လို့ ထင်လား။
ဖြေ – လွှတ်ပေးလိမ့်မယ်လို့ မျှော်လင့်တယ်။ ဘိုဘိုငယ်ဟာ ကမ္ဘာတစ်ဝန်းက ကြည်ညိုလေးစားရတဲ့သူပါ။
မေး – မြန်မာနိုင်ငံမှာရှိတဲ့ မိတ်ဆွေတွေနဲ့ အဆက်အသွယ်ရှိသေးလား။ သူတို့နဲ့ မကြာခဏ စကားပြောဖြစ်လား။
ဖြေ – မြန်မာနိုင်ငံက အခုဆို အရမ်းကို အမှောင်ကျသွားပြီ။ ကျွန်တော့်မှာ အဆက်အသွယ်တွေရှိပါတယ်။ ဒါပေမဲ့ မူဝါဒပိုင်းနဲ့ ဆိုင်တဲ့သူတွေလည်း ပါးစပ်ပိတ် နေနေရတယ်လေ။ တောထဲမှာ တစ်ပါးတည်း သီတင်းသုံးနေတဲ့ ရသေ့လိုဖြစ်သွားပြီ။
မေး – စစ်တပ်က အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ နိုင်ငံတကာ ငွေရေးကြေးရေးအဖွဲ့အစည်းတွေက ဘယ်လိုသဘောထားရှိမယ်လို့ ထင်ပါသလဲ။
ဖြေ – မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး သူတို့ ဆုံးရှုံးသွားပြီ။ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ အခုချိန်မှာ တိတ်တိတ်လေးနေရင်း သူတို့ရဲ့စီမံကိန်းတွေ ပြန်လည်သုံးသပ်တာတွေမလုပ်ခင် နိုင်ငံရေးအပြောင်းအလဲကို စောင့်နေကြပါလိမ့်မယ်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)