စစ်ကောင်စီက ဝန်ထမ်းများအတွက် ထောက်ပံ့ကြေး ကျပ် ၃၀,၀၀၀ တိုးပေးခြင်း၊ နိုင်ငံအလယ်ပိုင်း မန္တလေးမြို့အနီးထိ တိုက်ပွဲများ ရောက်လာခြင်းနှင့် အခြားသော မသေချာမှုများကြောင့် ရွှေနှင့် ဒေါ်လာဈေးတက်လာပြီး အခေါက်ရွှေတစ်ကျပ်သား ကျပ်သိန်း ၆၀ ကျော်ဖြင့် စံချိန်တင်ဈေး ထပ်မံထိုးတက်သွားသည်။
ပြီးခဲ့သည့် သီတင်းပတ်အတွင်း ပြင်ပငွေကြေးဈေးကွက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ၄,၈၀၀ ကျပ် ဝန်းကျင်ရှိရာမှ ယခုတစ်ပတ်တွင် တစ်ဒေါ်လာ ၅,၂၀၀ ကျော်ရှိလာသည်၊ ဒေါ်လာငွေသား ဝယ်ရန် ခက်လာသည်ဟု ရန်ကုန်မြို့မှ လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
“ဈေးက ကိုယ်လိုရင် တက်ပြီး၊ ပြန်ရောင်းရင် ကျတယ် အဲ့လိုပုံစံပါ။ ရှိတဲ့သူတွေက ကိုင်ထားကြပြီး အရောင်းအဝယ် သိပ်လုပ်တာ မတွေ့ရဘူး ကြားထဲ ပွဲစားတွေရဲ့ အတိုးအလျှော့က ရှိသေးတယ်” ဟု အမည်မဖော်လိုသည့် နိုင်ငံခြားငွေဝယ်ယူသူ သွင်းကုန်လုပ်ငန်းရှင်က ပြောသည်။
စစ်ကောင်စီသည် ၂၀၂၃ အောက်တိုဘာတွင် ဝန်ထမ်းများအတွက် ထောက်ပံ့ငွေ ၃၀,၀၀၀ ပေးခဲ့ပြီး ယခုနှစ် ဩဂုတ်လမှစတင်ကာ နောက်ထပ် ၃၀,၀၀၀ ထောက်ပံ့မည်ဟု ဇူလိုင် ၂၆ တွင် ထုတ်ပြန်ထားသည်။
ထိုအခြေအနေမျိုးကြောင့် ကျပ်ငွေတန်ဖိုးကျပြီး ကုန်ဈေးနှုန်းတက်လာသည့် အစဉ်အလာရှိခြင်းကြောင့် ဒေါ်လာဈေးအပေါ် သက်ရောက်မှုရှိနိုင်သည်ဟု ၎င်းက ဆိုသည်။
မြန်မာပြည်သူများ ပြည်ပသို့ အလုံးအရင်းထွက်ခွာနေကြရာ ပြည်ပတွင် အသုံးပြုရန်၊ ဗီဇာကြေးသွင်းရန်အတွက် ဒေါ်လာဝယ်ယူသူ များပြားနေသည်၊ ဝယ်လိုအားများလာခြင်းကြောင့် ဈေးတက်ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။
အာဏာသိမ်းစစ်ခေါင်းဆောင် ထပ်မံသက်တမ်းတိုးထားသည့် အရေးပေါ်ကာလ ၆ လမှာ ကုန်ဆုံးတော့မည် ဖြစ်သောကြောင့် အခြေအနေ ဆက်ဆိုးနေလျှင် ပြည်ပထွက်သူ ပိုများလာနိုင်သည်ဟု ၎င်းက ဆက်ပြောသည်။
“အပြောင်းအလဲကို ကြည့်ပြီး ပြည်ပထွက်ကြမဲ့သူတွေလည်း ရှိကြတယ်။ (သက်တမ်း) ထပ်တိုးရင် ရှောင်ကြမယ် ဆိုပြီးတော့ပေါ့။ မန္တလေးက လူတွေလည်း ရန်ကုန်ကို အများကြီးရောက်နေကြပြီ”
ဒေါ်လာကိုင်ထားသူတို့က အမြင့်ဆုံးဈေးပေးမည့် ဝယ်လက်များကို စောင့်ဆိုင်းရောင်းချနေသည်ဟု ရန်ကုန်မှ နိုင်ငံခြားငွေရောင်းချသူတစ်ဦးက ပြောသည်။ ထိုင်းဘတ်ငွေဈေးလည်း မြင့်တက်လာနေပြီး ယခင်သီတင်းပတ်က ထိုင်းတစ်ဘတ် ၁၃၃ ကျပ်မှ ယခုတစ်ပတ်အတွင်း ၁၃၆ ကျပ်ဝန်းကျင် ဖြစ်လာသည်။
စစ်ကောင်စီ ဗဟိုဘဏ်ကြီးကြပ်မှုအောက်ရှိ အွန်လိုင်းနိုင်ငံခြားငွေဈေးကွက်တွင် ဇူလိုင် ၂၉ ရက်က တစ်ဒေါ်လာလျှင် ၃၃၇၄ ကျပ်၊ ထိုင်းတစ်ဘတ် ၁၀၁ ကျပ်သာ ရှိသည်ဟု ဖော်ပြထားသည်။
ဗဟိုဘဏ်သည် ကုန်သည်ထံမှ ပို့ကုန်ရငွေ၏ ၃၅ ရာခိုင်နှုန်းကို ၁ ဒေါ်လာ ၂,၁၀၀ ကျပ် နှုန်းဖြင့် ဖြတ်ယူနေဆဲဖြစ်သည်။ ကျန် ၆၅ ရာခိုင်နှုန်းကိုမူ စျေးကွက်ပေါက်စျေးဖြင့် ၎င်းတို့ထိန်းချုပ် အွန်လိုင်းဈေးကွက်တွင် ပြန်ရောင်းခွင့်ပေးထားသည်။
ပြည်တွင်း ပုဂ္ဂလိကဘဏ်ကြီးဖြစ်သည့် ကမ္ဘောဇဘဏ်၏ ငွေလဲနှုန်းမှာ တစ်ဒေါ်လာ ၃၃၈၁ ကျပ် ဖြစ်သည်။ ပြည်ပရောက်အလုပ်သမားများ၏ လစာငွေကို တစ်ဒေါ်လာ ၃၆၁၀ ကျပ်နှုန်းဖြင့် ဝယ်ကြောင်း ထိုဘဏ်၏ အင်တာနက်စာမျက်တွင် ဖော်ပြထားသည်။
ဒေါ်လာဈေးတက်လာသလို ဒေါ်လာဖြင့် တွက်ချက်၍ ဈေးသတ်မှတ်သည့် ရွှေဈေးလည်း တက်လာသည်။ ယခင်သီတင်းပတ်က တစ်ကျပ်သား ကျပ်သိန်း ၆၀ အောက်ရှိသည့် ပြင်ပရွှေဈေးမှာလည်း ၆၅ သိန်းအထိ ဈေးဖွင့်နေသည်ဟု ရွှေဆိုင်ပိုင်ရှင်များက ယမန်နေ့ ဇူလိုင် ၂၉ တွင် ပြောသည်။
ကမ္ဘာ့ရွှေဈေးနှင့် ဒေါ်လာဈေးလှုပ်လာသလို ပြည်တွင်းဘဏ်များကို စိတ်မချရခြင်း၊ စတော့ရှယ်ယာနှင့် ကျပ်ငွေတန်ဖိုးကျဆင်းလာခြင်းတို့ကြောင့် ရွှေဝယ်စုရန် ပိုမိုစိတ်ဝင်စားလာကြကြောင်း ဧရာဝတီတိုင်းမှ အမည်မဖော်လိုသည့် ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။
“အဲဒါလည်း (ဝန်ထမ်းထောက်ပံ့ကြေးတိုးမှုလည်း) ပါမှာပေါ့။ မှောင်ခိုဈေးကွက်ဆိုတော့ ဖွင့်ချင်တိုင်းဖွင့်နေတာ။ ကမ္ဘာ့ဈေးလေး နည်းနည်းလှုပ်၊ မြန်မာ့ဈေးက များများလှုပ်ပေါ့။ ကမ္ဘာ့စျေးက ရွှေတစ်အောင်စကို ၂၃၉၀ ဒေါ်လာလောက်ပဲ ရှိတာလေ။ (ပြည်တွင်းမှာ) ဘဏ်စိတ်မချတော့ ငွေစျေးကျ၊ စတော့ဈေးကျနဲ့၊ ရွှေစျေးတွေမြောက်နေတာ” ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီထိန်းချုပ်မှုအောက်ရှိ ရန်ကုန်တိုင်းရွှေအသင်း ရွှေဈေးမှာ အခေါက်ရွှေတစ်ကျပ်သား ကျပ် ၄၆ သိန်းဟု သတ်မှတ်ထားသည်။ ထိုဈေးသည် ပြင်ပရွှေဈေးဖြင့် ကျပ်သိန်း ၂၀ ကျော် ကွာနေသည်။ သို့သော်လည်း စစ်ကောင်စီသတ်မှတ် ရွှေဈေးအတိုင်း မည်သည့်ရွှေဆိုင်ကမျှ အရှုံးခံရောင်းမည် မဟုတ်ကြောင်း အထက်ပါ ရွှေဆိုင်ပိုင်ရှင်က ဆိုသည်။
“မြတ်ချင်လို့ ရောင်းတာလေ၊ အရှုံးခံပြီး ဘယ်သူက ရောင်းမလဲ၊ အလျော့ပိုတွက်မှာပေါ့။ အဲဒါတောင် တစ်ပဲ၊ နှစ်ပဲလောက်ပဲ ရောင်းနိုင်တယ်၊ တစ်ကျပ်သားဆို မရောင်းနိုင်ဘူး” ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီသည် ရွှေဈေးနှုန်းထိန်းချုပ်ရန် သတ်မှတ်ဈေးဖြင့် မရောင်းသည့် ရွှေလုပ်ငန်းရှင်များကို လိုက်လံဖမ်းဆီးနေခြင်းကြောင့် မရောင်းရဲ မဝယ်ရဲဖြစ်နေကြသည်ဟု ရွှေဆိုင်ပိုင်ရှင်များက ပြောသည်။ ရွှေဆိုင်များပိတ်ထားလျှင်လည်း စစ်ကောင်စီက ရန်ရှာခြင်းကြောင်း မပိတ်ရဲကြောင်း သိရသည်။
ပြီးခဲ့သည့် မေလကုန်ပိုင်းတွင် ရွှေ၊ ဒေါ်လာနှင့် ကုန်ဈေးနှုန်းမြင့်တက်လာချိန် လုပ်ငန်းရှင်အများပြားကို စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။
ရွှေဈေးနှုန်း မတည်ငြိမ်အောင် ပြုလုပ်သည်ဟူသော စွပ်စွဲချက်ဖြင့် ရွှေလုပ်ငန်းလုပ်ကိုင်သူ ၂၁ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့သည်၊ ထို့နောက် ရန်ကုန်နှင့် မန္တလေးမှ ထိပ်သီးရွှေဆိုင်ပိုင်ရှင်များအပါအဝင် ၁၀ ဦးကို ဆက်လက်ဖမ်းဆီးမည်ဟု စစ်ကောင်စီက ဇွန် ၂ တွင် စစ်တပ်ထိန်းချုပ် သတင်းမီဒီယာများမှတစ်ဆင့် သတင်းထုတ်ပြန်ခဲ့သည်။
ထို့နောက် နိုင်ငံခြားငွေရောင်းဝယ်သူ ၁၄ ဦးကို ဖမ်းဆီးစစ်ဆေးခဲ့ကာ ၁၁ ဦးကို ဖမ်းဆီးမိန့်ထုတ်ခဲ့သလို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကွန်ဒိုတိုက်ခန်းဝယ်ယူသူ ၃ ဦးနှင့် ရောင်းချသည့် Min Thu ကုမ္ပဏီမှ ဒါရိုက်တာနှင့် အထွေထွေမန်နေဂျာနှစ်ဦးကို အရေးယူမည်ဟုလည်း သတင်းထုတ်ပြန်ခဲ့သည်။