
စစ်တပ်က အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်၊ ဧရာဝတီမြစ်ဆုံအနီးတွင်း တရားမဝင် ရွှေတူးဖော်သည့်လုပ်ငန်းများ ကြီးထွားနေကာ စစ်ကောင်စီခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ခမည်းခမက်ဖြစ်သူ ဦးယွပ်ဇော်ခေါင်က အများဆုံးပါဝင်ပတ်သက်နေသည်ဟု သဘာဝသယံဇာတတူးဖော်ရေးလုပ်ငန်းကို စောင့်ကြည့်သည့် Myanmar Resource Watch အဖွဲ့က ထုတ်ပြန်သည်။
မြစ်ကြီးနားမြို့မြောက်ဘက် ၂၈ မိုင်ခန့်အကွာရှိ မြစ်ဆုံဒေသ၌ စစ်ကောင်စီ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ညှိနှိုင်းကာ ရွှေမှောင်ခိုတူးရာ၌ ကချင်တိုင်းရင်းသားလုပ်ငန်းရှင် ကျောက်စိမ်းသူဌေး ဦးယွပ်ဇော်ခေါင်က အကျိုးအမြတ်အများအပြားရနေသည်ဟု ယခုလ ၁၁ ရက်က ထုတ်ပြန်သည့် Myanmar Resource Watch အဖွဲ့၏ အစီရင်ခံစာတွင် ဖော်ပြသည်။
ဦးယွပ်ဇော်ခေါင်သည် အာဏာသိမ်းစစ်ကောင်စီက ခန့်အပ်ထားသည့် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ခမည်းခမက်တော်စပ်သူဖြစ်သည်။ သားဖြစ်သူ ယွပ်ဆိန်ဂေါင်နော်ထွယ်သည် ဦးခက်ထိန်းနန်၏သမီးနှင့် လက်ထပ်ထားသည်။ ဦးယွပ်ဇော်ခေါင်ကို အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် ဂုဏ်ထူးဆောင်ဘွဲ့ချီးမြှင့်ခဲ့သည်။
ဦးယွပ်ဇော်ခေါင်ပိုင်ဆိုင်သည့် Jade Land ကုမ္ပဏီသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂၀၂၀ တွင် မြစ်ဆုံအနီး တန်ဖဲရွာတွင် လေးဧကရှိ ရွှေလုပ်ကွက်ရခဲ့ပြီး အာဏာသိမ်းပြီးနောက် ဧရာဝတီမြစ်ဆုံအနီးတစ်ဝိုက်တွင် ရွှေတူးဖော်ရေးလုပ်ကွက်များ အကြီးအကျယ်တိုးချဲ့လာသည်ဟု Myanmar Resource Watch အဖွဲ့က ဆိုသည်။
ဥပဒေကြောင်းအရ မြစ်ချောင်းများနှင့် မီတာ ၂၀၀ အတွင်း ရွှေတူးဖော်မှုကို ကန့်သတ်ထားသော်လည်း မြစ်ဆုံတွင် အကြီးအကျယ်ရွှေတူးဖော်နေကြပြီး ရွှေးတူးဖော်မှုလုပ်ပိုင်ခွင့်ကိုပင် ဦးယွပ်ဇော်ခေါင်က ထိန်းချုပ်ထားသည်ဟု Myanmar Resource Watch အဖွဲ့ဝင်တစ်ဦးက ပြောသည်။
“တိုင်းမှူးဆီကိုလည်း သွားစရာမလိုဘူး။ ဝန်ကြီးချုပ်ဆီလည်း သွားစရာမလိုဘူး။ လုပ်ချင်တဲ့သူအားလုံး သူ့ဆီကိုပဲသွား။ သူချပေးတဲ့နေရာမျိုးတွေမှာ အလုပ်လုပ်ရတယ်။ Natural Resources (သဘာဝသယံဇာတ) နဲ့ပတ်သက်တဲ့ Authority (လုပ်ပိုင်ခွင့်) အားလုံးက သူ့ဆီကို တိုက်ရိုက်သွားရတဲ့ ပုံစံမျိုးရှိနေတယ်”
ဦးယွပ်ဇော်ခေါင်၏ ဦးဆောင်မှုဖြင့် တရုတ်လုပ်ငန်းရှင်များ၊ ကချင်နှင့် ဒေသအနှံ့မှ လုပ်ငန်းရှင်များက မေခနှင့် မလီခမြစ်မှ မြစ်ဆုံအထိ ကုမ္ပဏီနာမည်များဖော်ပြခြင်း မရှိဘဲ စက်ယန္တယားကြီးများဖြင့် ထင်တိုင်းကြဲတူးဖော်နေသည်ဟုလည်း Myanmar Resource Watch အဖွဲ့ဝင်က ပြောသည်။

ဦးယွပ်ဇော်ခေါင်ဦးဆောင်ကာ ကချင်ပြည်နယ်၏ အထင်ကရနေရာတစ်ခုတွင် ရွှေအကြီးအကျယ်တူးဖော်နေခြင်းမှာ စစ်တပ်ကို ဘဏ္ဍာငွေဖြည့်ရန် ဖြစ်နိုင်သည်ဟုလည်း ၎င်းက ထောက်ပြသည်။
ဦးယွပ်ဇော်ခေါင်၏ ရွှေလုပ်ကွက်များသည် ရွှေထွက်နှုန်းအလွန်ကောင်းသည့် မြစ်ဆုံအထက်ဘက် ၂ ဖာလုံအကွာတွင်ရှိပြီး ယခင်က တရုတ်လုပ်ငန်းရှင်များနှင့် ပူးပေါင်းလုပ်ကိုင်ခဲ့သော်လည်း ယခုအခါ တစ်ဦးတည်တူးဖော်နေသည်ဟု အမည်မဖော်လိုသည် မြစ်ဆုံဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
“သူဝယ်ထားတဲ့ဥယျာဉ်ခြံတစ်ခုရှိတယ်။ သူက အတွင်းထဲမှာပေါ့။ အခုကျတော့ ဧရာဝတီမြစ်ကမ်းမှာ တူးတယ်။ ရွှေပါမယ့်နေရာဆိုရင် လုပ်တာပဲ။ သူတို့လုပ်ချင်ရာလုပ်နေတာပဲ။ ဘေးနားက ခြံရှင်တွေဆို နေပြည်တော်မှာ အားလုံးလက်မှတ်ရပြီးပြီပေါ့။ ခြံတွေရောင်းပေးဖို့ပြောတယ်။ မရောင်းပေးရင်လည်း လုပ်မှာပဲဆိုပြီး ပြောတယ်” ဟု ၎င်းက ပြောသည်။
ဧရာဝတီမြစ်ကြောင်းနှင့် အနီးအနားရှိ ဥယျာဉ်ခြံမြေများအတွင်း ရွှေတူးဖော်ရာတွင် စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ကို ငွေပေးရပြီး တစ်လလျှင် ကျပ် ၅ သောင်းမှ ၆ သိန်းထိ၊ အချို့နေရာများတွင် ရွှေငါးမူးသား ပေးဆောင်ရသည်ဟု သိရသည်။
ရွှေလုပ်ကွက်များကို ဒေသခံများဖြတ်သန်းသွားလာခွင့်မပေးဘဲ တုတ်ဓားကိုင် လုံခြုံရေးဝန်ထမ်းများက စောင့်ကြပ်နေသည်ဟု မြစ်ဆုံဒေသခံက ဆိုသည်။
ဦးယွပ်ဇော်ခေါင်သည် စစ်တပ်နှင့် ရင်းနှီးသည့် ဆက်ဆံရေးရှိသူဖြစ်ကာ မြန်မာနိုင်ငံတွင် အကြီးဆုံးကျောက်စိမ်းကုမ္ပဏီကို ပိုင်ဆိုင်သူဖြစ်ကြောင်း၊ ၁၉၉၄ တွင် KIA နှင့် မြန်မာစစ်တပ်တို့ ငြိမ်းချမ်းရေးဆွေးနွေးစဉ် ကြားဝင်ပေးခဲ့သူဖြစ်ကြောင်း စစ်တပ်နှင့် ဆက်နွှယ်သည့် လုပ်ငန်းများကို ဖော်ထုတ်နေသည့် Justice For Myanmar အဖွဲ့က ၂၀၂၀ ပြည့်နှစ်အတွင်း ဖွင့်ချခဲ့ဖူးသည်။
မြစ်ဆုံအနီး အင်ခိုင်တောင်တွင် သစ်တောပြန်လည်ထူထောင်ရေးအဖြစ် Jade Land ကုမ္ပဏီက မြေဧကပေါင်း ၁၂,၀၀၀ လုပ်ပိုင်ခွင့်ရယူထားသည်။

ရွှေတူးဖော်မှုများနှင့်ပတ်သက်၍ ဦးယွပ်ဇော်ခေါင်ကို Myanmar Now က ဆက်သွယ်မေးမြန်းသော်လည်း တုံ့ပြန်ဖြေဆိုခြင်း မရှိပေ။ ထို့အတူ မြစ်ဆုံတွင် ရွှေလုပ်ကွက်များချပေးမှုနှင့်ပတ်သက်၍ စစ်ကောင်စီ၏ ကချင်ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရ ဦးမိုးမင်းသိန်းကို ဆက်သွယ်မေးမြန်းသော်လည်း တုံ့ပြန်ဖြေဆို ခြင်း မရှိပေ။
၎င်းအနေဖြင့် မည်သည့်အမှားအယွင်းမျှ မပြုလုပ်ခဲ့ကြောင်း၊ မနာလိုသူများက နာမည်ဖျက်လိုသဖြင့် တိုင်ကြားကြခြင်းဖြစ်ကြောင်း ဦးယွင်ဇော်ခေါင်က ကချင်ပြည်နယ်အခြေစိုက် သတင်းဌာနတစ်ခုကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအတွင်း ပြောခဲ့သည်။
မြစ်ဆုံအနီး ကြီးထွားလာသည့် တရားမဝင်ရွှေတူးဖော်မှုများကြောင့် ဧရာဝတီမြစ်ရေသည် ကော်ဖီကဲ့သို နောက်ကျိပြီး နုန်းတင်မှုနှုန်းများလာကာ မြစ်ကြောင်းပြောင်းလဲမှုများဖြစ်လာသည် သိရသည်။ မြစ်ရေထဲတွင် ပြဒါး၊ ခဲနှင့် အခြားအဆိပ်အတောက်ဖြစ်စေသည့် ဓာတ်များပါဝင်မှုနှုန်း မြင့်လာသည်ဟု ဆိုသည်။