အခေါက်ရွှေ တစ်ကျပ်သားလျှင် ၃၇ သိန်းကျော်အထိ ဈေးနှုန်း စံချိန်တင် မြင့်တက်လာပြီးနောက် စစ်ကောင်စီ ဗဟိုဘဏ်က ရွှေတုံးရွှေခဲများကို အွန်လိုင်းစနစ်ဖြင့် ရောင်းဝယ်စေသည့်နည်းဖြင့် ရွှေဈေးကွက်ကို ထပ်မံထိန်းချုပ်ရန် ပြင်ဆင်နေသည်။
ဗဟိုဘဏ်ဥက္ကဋ္ဌက စစ်ကောင်စီဖွဲ့စည်းသော ရွှေနှင့် ငွေကြေးဈေးကွက် စောင့်ကြည့်ထိန်းသိမ်ရေးအဖွဲ့နှင့် ဩဂုတ် ၁၂ ရက်နေ့တွင် တွေ့ဆုံပြီး ရွှေဈေးကွက်ကို ထိန်းချုပ်မည့် အစီအစဉ်အကြောင်း ဆွေးနွေးခဲ့ကြသည်။
ရွှေအလေးချိန်၊ အရည်အသွေးအပြင် ရွှေဈေးနှုန်း သတ်မှတ်ကာ တရားဝင်မှတ်ပုံတင်ထားသူများကို ဗဟိုဘဏ်၏ အွန်လိုင်းစနစ်တွင် ရောင်းဝယ်ရန် ဆွေးနွေးခဲ့ကြသည်၊ ရွှေဈေးကွက်တည်ငြိမ်ရေးအတွက် ဖြစ်သည်ဟု စစ်ကောင်စီ ဗဟိုဘဏ်က သတင်းထုတ်ပြန်သည်။
စစ်ကောင်စီသည် အကျမရှိဘဲ မြင့်တက်နေသည့် ဒေါ်လာဈေးကို ဈေးကွက်ပေါက်ဈေးပေါ် မူတည်ခြင်း မရှိဘဲ ကျပ် ၂၁၀၀ ပုံသေသတ်မှတ်ကာ ထိန်းချုပ်ထားခဲ့သည်။ အခေါက်ရွှေဈေးကိုလည်း တစ်ကျပ်သားလျှင် ၂,၇၉၀,၀၀၀ နှုန်း ပုံသေသတ်မှတ်ထားသည်။ ရွှေတုံးရွှေခဲများ အွန်းလိုင်းစနစ်ဖြင့် ရောင်းဝယ်ရာတွင် ဈေးမည်မျှ သတ်မှတ်မည်ကို အတိအကျမသိရသေးပါ။
အွန်လိုင်းတွင် ရွှေရောင်းချခြင်းဆိုင်ရာ အသေးစိတ်အချက်လက်များကို ရက်ပိုင်းအတွင်း ထုတ်ပြန်ဖွယ်ရှိသည်ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးမျိုးမြင့်က ဆိုသည်။
ပုဂ္ဂလိကဘဏ် UAB ၏ uabpay app ဖြင့် ရွှေဝယ်ယူသည့် ပုံစံနှင့် ဆင်တူနိုင်ကြောင်း သူက ပြောသည်။
“အဲ့ဒီစနစ်က ဖြတ်ရမယ်ဆိုရင် ရွှေမရှိဘဲ ရောင်းတဲ့ဝယ်တဲ့သူတွေ၊ ဈေးဖွတဲ့သူတွေ လုပ်မရတော့ဘူးပေါ့။ တကယ်ရွှေရှိတဲ့သူ ရောင်းလို့ဝယ်လို့ရမယ်။ ငွေရှိတဲ့သူမှ ဝယ်လို့ရမယ်” ဟု သူက ဆိုသည်။
စစ်ကောင်စီလက်ထက်တွင် ရွှေဈေးနှုန်းထိန်းချုပ်သော်လည်း ဈေးနှုန်း တစ်နေ့တခြား မြင့်တက်လာပြီး မှောင်ခိုဈေးကွက် ကြီးထွားလာကြောင်း၊ အွန်လိုင်းရောင်ဝယ်မှုတွင်လည်း ၎င်းတို့နှင့် နီးစပ်သူများပါနိုင်ပြီး ပြင်ပပေါက်ဈေးအတိုင်း အမှန်တကယ်ရောင်းဝယ်မှုမဖြစ်နိုင်ကြောင်း ရွှေဆိုင်ဖွင့်ထားသည့် ရန်ကုန်မြို့မှ ရွှေလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
“သူတို့လက်ထက်မှာ ဈေးတွေတက်တော့ သူတို့သိက္ခာကျတယ်။ အဲ့ဒီအတွက် ဈေးမတက်ဘူးဆိုတဲ့ အကွက်မျိုးပေါ့။ ဒါပေမဲ့ ဘယ်လိုလုပ် သွားလုပ်လို့ရမှာလဲ။ ဆင်သေကို ဆိတ်သားရေနဲ့ ဖုံးလို့ ဘယ်လိုလုပ်ပြီးရမှာလဲ” ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီ၏ ယခု ရွှေရောင်းဝယ်မှုကို ထပ်မံထိန်းချုပ်ရန် ကြိုးပမ်းမှုကြောင့် ရွှေနှင့် ဒေါ်လာဈေးကွက်တွင် စစ်ကောင်စီ ပုံသေဈေး၊ အွန်လိုင်းဈေးနှင့် ပြင်ပပေါက်ဈေးဟူ၍ ဈေးနှုန်း ၃ မျိုး ပေါ်ပေါက်လာမည်ဟု ဒေါ်လာနှင့် ရွှေရောင်းဝယ်သူများက ဆိုသည်။
ပြည်ပဒေါ်လာနှင့် ရွှေဈေးနှုန်းမှာ ဈေးကစားသူများ၏ မဟုတ်မမှန်ဈေးနှုန်းဖြစ်သည်ဟု စစ်ကောင်စီက ပြောဆိုလေ့ရှိသော်လည်း အမှန်တကယ်ဝယ်ယူရာတွင် ပြင်ပဈေးဖြင့်သာ ရောင်းဝယ်နေကြရသည်ဟုလည်း ၎င်းတို့က ဆိုသည်။
စစ်ကောင်စီသည် ဒေါ်လာနှင့် ရွှေဈေးကွက်အပြင် အိမ်ခြံမြေနှင့် ကားရောင်းဝယ်မှုကို ထိန်းချုပ်ရန် ဆွေးနွေးခဲ့သည်ဟု စစ်ကောင်စီ၏ ဗဟိုဘဏ် သတင်းထုတ်ပြန်ချက်တွင် ဆက်လက်ပါရှိသည်။ သို့သော် ထိုအချက်နှင့် ပတ်သက်၍ အသေးစိတ် ဖော်ပြထားခြင်းမရှိပါ။
ရွှေနှင့် ဒေါ်လာမှာ စစ်ကောင်စီထိန်းချုပ်ထားသဖြင့် လုပ်ရကိုင်ရခက်ကြောင်း၊ အခြားတစ်ဖက်တွင် ကျပ်ငွေတန်ဖိုးကျဆင်းလာမှုကြောင့် ငွေကြေးတတ်နိုင်သူများသည် အိမ်ခြံမြေနှင့် မော်တော်ကားဝယ်ယူရန် စိတ်ဝင်စားလာကြောင်း အိမ်ခြံမြေနှင့် ကားပွဲစားများက ဆိုသည်။
ထိုအခြေအနေတွင် စစ်ကောင်စီက ထပ်ထုတ်သည့် ကျပ်နှစ်သောင်းတန်ကြောင့် ကျပ်ငွေတန်ဖိုး ကျလာရာ ငွေကြေးချမ်းသာသူများသည် မြန်မာငွေကို လက်ဝယ်မထားရဲတော့ဘဲ ဇူလိုင်လကုန်မှစ၍ အိမ်ခြံမြေ ဝယ်ယူလိုသူ များပြားလာနေသည်ဟု ရန်ကုန်မြို့ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူက ပြောသည်။
“ဈေးတွေကတော့ အကုန်လုံး အတက်ပိုင်းမှာ ရှိနေတာပေါ့။ အဓိကကတော့ မြေကွက်တွေ ပိုပြီးတော့ အရောင်းအဝယ်ဖြစ်တာကို တွေ့ရတယ်။ မန္တလေးတို့ဘာတို့ဆို ဈေးက သုံးဆလေးဆ တက်တာတွေရှိတယ်။ ရန်ကုန်လည်း တက်တယ်” ဟု ၎င်းက ဆိုသည်။
ဒေါ်လာရှားပါးလာသည့် စစ်ကောင်စီက ဒေါ်လာသုံးစွဲမှုလျှော့ချရန် ကားတင်သွင်းမှုကို ပိတ်ပင်ထားရာ ပြည်တွင်းကားစျေးကွက်တွင် ရောင်းချမည့်ကား နည်းလာပြီး ဈေးနှုန်းလည်း တစ်ဟုန်ထိုး တက်နေသည်။
အာဏာမသိမ်းမီ ၂၀၂၁ ဇန်နဝါရီလအတွင်း အမေရိကန်တစ်ဒေါ်လာလျှင် ကျပ် ၁,၃၀၀ ဝန်းကျင် တန်ဖိုးရှိခဲ့သည်။ အာဏာသိမ်းပြီး သုံးနှစ်နီးပါး ကာလအတွင်း တစ်ဒေါ်လာလျှင် ကျပ် ၃,၃၀၀ အထိဖြစ်လာသည်။ အခေါက်ရွှေဈေး တစ်ကျပ်သား ၁၃ သိန်းကျော်မှာ ယခုအခါ ၃၇ သိန်းကျော်အထိ ဈေးတက်ကြောင်း ဒေါ်လာနှင့် ရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)