သတင်း

ရွှေတစ်ကျပ်သား ၅၇ သိန်းကျော်လာ၊ ရွှေဆိုင်များအရောင်းရပ်ထား

ပြည်တွင်းရွှေတစ်ကျပ်သားလျှင် ၅၇ သိန်းကျော်အထိ စံချိန်တင်ထိုးတက်သွားပြီး ဈေးကွက် မတည်မငြိမ် ဖြစ်နေခြင်းကြောင့် ရန်ကုန်နှင့် မန္တလေးမြို့များရှိ ရွှေဆိုင်များတွင် ရွှေအရောင်းပိတ်ထားရသည်။

ရွှေတစ်ကျပ်သားလျှင် ၅၇ သိန်းကျော်အထိ စံချိန်တင်ထိုးတက်သွားပြီး ဈေးကွက်မတည်မငြိမ် ဖြစ်နေခြင်းကြောင့် ရန်ကုန်နှင့် မန္တလေးရှိ ရွှေဆိုင်များတွင် အရောင်းပိတ်ထားရသည်ဟု ရွှေလုပ်ငန်းရှင်များက ယနေ့ (မေ ၂၉) တွင် ပြောသည်။

ယမန်နေ့က ရွှေတစ်ကျပ်သား ၅,၅၅၀,၀၀၀ ရှိခဲ့ပြီး ယနေ့   ၅,၇၂၀,၀၀၀ အထိ ခုန်တက်သွားခြင်း ဖြစ်သည်။

စစ်ကောင်စီချုပ်ကိုင်မှုအောက်တွင် လှုပ်ရှားနေသည့် ရန်ကုန်တိုင်းရွှေအသင်းကမူ  ယနေ့ မီးလင်းရွှေ တစ်ကျပ်သားဈေးနှုန်းကို ၃,၉၉၉,၈၀၀ ဟု သတ်မှတ်ထားသည်။ 

သို့သော်လည်း ပြင်ပပေါက်ဈေးနှင့် ၁၇ သိန်းကျော် ကွာဟနေခြင်း၊ လာမည့်ရက်များတွင် ထပ်မံဈေးတက်နိုင်ခြင်းတို့ကြောင့် အရောင်းရပ်ဆိုင်းထားကြခြင်းဖြစ်သည်ဟု  မန္တလေး၊  မဟာအောင်မြေမြို့နယ်မှ ရွှေဝယ်ကုန်သည် အမျိုးသမီးတစ်ဦးက ပြောသည်။

“တစ်ခါမှ ဒီလောက်အထိ ဈေးခုန်တက်မသွားဖူးဘူး၊ ဆိုင်တွေအတော်များများက အခေါက်ရွှေ အရောင်းတန့်လိုက်တယ်၊ ကျဖို့က သိပ်မျှော်လင့်လို့မရတော့။ ဒီနေ့ရောင်း၊ မနက်ဖြန်ရှုံးမယ့် အရေးမို့လို့လေ” ဟု ထိုအမျိုးသမီးက ပြောသည်။

မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် နေထိုင်သည့် ရွှေစုဆောင်းသူ အမျိုးသမီးတစ်ဦးက စိတ်ကြိုက် ဝယ်ယူ၊ ရောင်းချနိုင်ကြခြင်း  မရှိကြောင်း ပြောသည်။ 

“တချို့ဆိုင်တွေက အဝယ်ကိုတော့ စစ်ကောင်စီသတ်မှတ်တဲ့ဈေးလောက် ချပြီးဝယ်တယ်။ အရောင်းကိုကျတော့ အဲဒီဈေး မရောင်းပေးကြပြန်ဘူး။ အရောင်းကျတော့ အပြင်ပေါက်ဈေးအတိုင်းပဲ လိုချင်ကြတယ်။ အတော်များများကတော့ အရောင်းပိတ်ထားပါတယ်”ဟု   ရွှေစုဆောင်းသူက  ဆိုသည်။

ငွေကြေးခိုင်မာမှုရှိပြီး စီးပွားရေးတည်ငြိမ်သော နိုင်ငံများတွင်မူ   ယမန်နေ့နှင့် ယနေ့ ရွှေစျေးမှာ အတက်အကျ မရှိသလောက် ဖြစ်သည်။

ရန်ကုန်မြို့ ရွှေဘုံသာလမ်းရှိ ရွှေဆိုင်ကြီးများတွင်လည်း ရွှေရောင်းချမှု ရပ်နားထားပြီး ပေါက်‌ဈေးမဖွင့်နိုင်ဟု ရွှေလုပ်ငန်းရှင်များထံမှ စုံစမ်းသိရသည်။

“ရွှေစျေးတွေလည်းမဖွင့်ဘူး၊ ဘယ်စျေးနဲ့ ဖွင့်နေလဲတော့ မသိဘူး။ အခုလောလောဆယ်စျေးတွေက ကြားစျေးပဲရှိတယ်” ဟု ရန်ကုန်၊ တောင်ဥက္ကလာမြို့နယ်နေ ရွှေကုန်သည် တစ်ဦးက ပြောသည်။

“အရောင်းအဝယ်သိပ်မလုပ်ကြဘူး၊ ဝယ်လို့ရောင်းလို့လည်း အဆင်မပြေဘူး” 

 စစ်ကောင်စီဖွဲ့စည်းထားသည့် ရွှေနှင့်ငွေကြေးဈေးကွက် စောင့်ကြည့်ထိန်းသိမ်ရေးအဖွဲ့နှင့် ရွှေလုပ်ငန်းရှင်များ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း တွေ့ဆုံကြစဉ် ရွှေဈေးနှုန်းတည်ငြိမ်ရေးအတွက် ရွှေဆိုင်ကြီးအချို့ကို ရွှေအရောင်းပိတ်ထားရန် တိုက်တွန်းခဲ့သည်ဟု ရွှေလုပ်ငန်းနှင့်နီးစပ်သူ မန္တလေး၊   ချမ်းမြသာစည်မြို့နယ်မှ အမျိုးသားတစ်ဦးက ပြောသည်။

“ရွှေဈေးတက်တဲ့အပေါ်မှာ မေလ ၂၃ရက်နေ့က စစ်တပ်ကနေမှ ရွှေဆိုင်အကြီးတွေကို အစည်းအဝေးခေါ်ပြီး သူတို့သတ်မှတ်တဲ့ဈေးနဲ့ ရောင်းရမယ်ပေါ့။ အဲဒါနဲ့ပတ်သက်ပြီး ဆိုင်တွေက အပြင်ပေါက်ဈေးဘာညာနဲ့ကလည်း စစ်တပ်ကပေးတဲ့ဈေးနဲ့ မရောင်းနိုင်တာတွေလည်း ရှိကြတာပေါ့” ဟု ထိုအမျိုးသားက ဆိုသည်။

ရွှေဈေး မတည်ငြိမ်ခြင်းကြောင့် ပြီးခဲ့သည့် ဧပြီလ ပထမပတ်အတွင်း ရန်ကုန်နှင့် မန္တလေးမြို့များရှိ ရွှေလုပ်ငန်း ၇ ခု အရေးယူခံခဲ့ရပြီး ရွှေလုပ်ငန်းရှင်ကြီး ၅ ဦး အဖမ်းခံခဲ့ရသည်။ မည်သို့အရေးယူသည်၊ မည်သူတို့ အဖမ်းခံရသည်ကိုမူ အတည်ပြုနိုင်ခြင်းမရှိပါ။

ရွှေဈေးနှုန်းထိုးတက်နေစဉ် ရွှေလုပ်ငန်းရှင်များကို စစ်ဆေးဖမ်းဆီးခြင်း၊ ရွှေအရောင်းပိတ်ခြင်းတို့ ဖြစ်ပေါ်လာရာ  မန္တလေးမြို့ပေါ်ရှိ ရွှေဆိုင်လုပ်ငန်းရှင်များလည်း စိုးရိမ်နေကြရသည်ဟု ဆိုကြသည်။

ရွှေဈေး၊ ဒေါ်လာဈေးနှုန်းများလည်းမြင့်တက်နေရာ ယင်းနှင့်ဆက်စပ်လျက် အခြေခံစားသောက်ကုန်ဈေးနှုန်းများလည်း စစ်တပ်အာဏာမသိမ်းမီကနှင့် နှိုင်းယှဉ်ပါက ၃ ဆ မြင့်တက်သွားသည်။ 

နေ့စဉ် မဖြစ်မနေ ဝယ်ယူရသည့် ပစ္စည်းများ၏ စျေးနှုန်းမှာ မည်သည့်ခေတ်နှင့်မျှမတူ ကမောက်ကမ ဖြစ်နေသည်ဟု  မန္တလေးမြို့ စိန်ပန်းရပ်တွင် နေထိုင်သည့် အိမ်ရှင်မတစ်ဦးက ပြောသည်။

“မိသားစု ထမင်းဝိုင်းကို ငွေ ၃၀,၀၀၀ မရှိရင် ဖြေရှင်းလို့အဆင်မပြေတော့ဘူး။ အသားငါး၊ ကြက်ဝက်ဈေးတွေက (တစ်ပိဿာ) ၂၅၀၀၀ အထက်၊ ဆန်ဆိုလည်း စားနေကျ (တစ်အိတ်) ၅၀,၀၀၀ ဆန်က အာဏာသိမ်းပြီး အခု ၁၈၀,၀၀၀ ဖြစ်လာတယ်” ဟု ထိုအမျိုးသမီးက ပြောသည်။

“ဓာတ်ဆီတစ်လီတာ ၈၀၀ ကနေ အခု ၃,၀၀၀ ဝန်းကျင်ဖြစ်နေတယ် ကပ်ဘေးဆိုက်နေပြီ” 

‌ရွှေစျေးကို နှိုင်းယှဉ်ကြည့်ပါက အာဏာမသိမ်းခင်က တစ်ကျပ်သား ၁၃ သိန်းကျော် ရှိပြီး အာဏာသိမ်းပြီး ၁ လအကြာ မတ်လတွင် သိန်း၂၀ ကျော်အထိပေါက်ဈေးရှိလာသည်။

ထိုမှတဆင့် တရိပ်ရိပ်ထိုးတက်လာသည့် ရွှေစျေးသည် ၂၀၂၃ ခုနှစ် ဧပြီလတွင် သိန်း ၃၀ ဝန်းကျင်အထိ ရောက်ရှိလာသည်။ ၂၀၂၃ စက်တင်ဘာလတွင် ၃၅ သိန်းအထိ ဖြစ်လာပြီး ဒီဇင်ဘာလတွင် ၃၇သိန်းအထိ မြင့်တက်သွားသည်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်းတွင် စီးပွားရေးကျဆင်းမှုနှင့်အတူ ငွေကြေးဖောင်းပွမှု၊ ကုန်ဈေးနှုန်းမြှင့်တက်မှုကြောင့် ပြည်သူများ ဆင်းရဲတွင်းပိုပြီးနက်လာကြောင်း၊ နိုင်ငံလူဦးရေ၏ ၅၀ ရာခိုင်နှုန်းခန့်သည် ဆင်းရဲမွဲတေမှုအခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် UNDP  က ဧပြီလတွင်း ထုတ်ပြန်ထားသည့် အစီရင်ခံစာတွင်ဖော်ပြထားသည်။

စီးပွားရေး ပြိုအိကျဆင်းလာကာ ကုန်ဈေးနှုန်း ရွှေဈေးနှုန်းများ မြင့်မားလာချိန်တွင် စစ်ကောင်စီ၏ ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေး ကဏ္ဍများကို အဓိကမောင်းနှင်သူအဖြစ် လူသိများသည့် ဦးအောင်နိုင်ဦးနှင့် စီမံဘဏ္ဍာဒုဝန်ကြီး ဦးမောင်မောင်ဝင်းတို့ကို အနားပေးကြောင်း   မေလ ၂၇ ရက်နေ့တွင် စစ်ကောင်စီက ရုတ်တရက် ကြေညာခဲ့သည်။

Show More

Related Articles

Back to top button