ဆောင်းပါး

ပရုတ်လုံးလို လုံးပါးပါးလာသည့် ကျပ်ငွေတန်ဖိုး

စစ်အာဏာသိမ်းမှုအကျိုးဆက်ကြောင့် နိုင်ငံရေးမတည်ငြိမ်ဘဲ နိုင်ငံအနှံ့ စစ်မက်ဖြစ်ပွားနေချိန်တွင် ဆင်တစ်ကောင်ကို အကြောင်းပြု၍ ဗိုလ်ချုပ်ကြီးများ အသစ်ထုတ်ဝေလိုက်သည့် နှစ်သောင်းတန် ငွေစက္ကူက ကျပ်ငွေတန်ဖိုးကျဆင်းနေမှုကို အဆင်းဘီးတပ်ပေးလိုက်ပြန်သည်။

နိုင်ငံအနှံ့ ခုခံနေကြသဖြင့် စစ်အသုံးစရိတ် တိုးမြှင့်သုံးစွဲနေရသလို နိုင်ငံတကာ၏ နည်းလမ်းမျိုးစုံဖြင့် ပိတ်ဆို့မှုများကြောင့် ဘဏ္ဍာရေးခက်၊ အမေရိကန်ဒေါ်လာငတ်ဖြစ်နေသည့် စစ်ကောင်စီက ပေါ်ပေါက်လာမည့် ဆိုးကျိုးဂယက်များကို အကြောင်းအမျိုးမျိုးပြ ငြင်းပယ်ကာ ဇူလိုင် ၃၁ ရက်တွင် ကျပ်နှစ်သောင်းတန် ငွေစက္ကူသစ်ကို ထုတ်ဝေခဲ့ခြင်းဖြစ်သည်။

၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းပြီးနောက် ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သည့် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဘုရားတကာဘွဲ့ခံသည့်ပွဲဖြစ်သော နေပြည်တော် မာရဝိဇယဘုရား တည်ဆောက်ပြီးစီးမှုနှင့် ဆင်ဖြူဟု ကြွေးကြော်ထားသည့် တစ်နှစ်သား ဆင်လေးမွေးနေ့အထိမ်းအမှတ် တန်ဖိုးအမြင့်ဆုံး ငွေစက္ကူသစ်ထုတ်ဝေမှုကြောင့် ငွေကြေးဖောင်းပွမှု လွန်စွာဆိုးရွားလာမည်ကို စီးပွားရေးအသိုင်းအဝိုင်းက စိုးရိမ်မကင်းဖြစ်နေကြသည်။

သုံးနှစ်နီးပါး ဇောက်ထိုးဆင်းလာသော ကျပ်ငွေတန်ဖိုး

အာဏာမသိမ်းမီ ၂၀၂၁ ဇန်နဝါရီလအတွင်း အမေရိကန်တစ်ဒေါ်လာလျှင် ၁,၃၀၀ ကျပ်ဝန်းကျင် တန်ဖိုးရှိသော်လည်း အာဏာသိမ်းပြီးနောက် သုံးနှစ်နီးပါးကာလအတွင်း ၃,၃၀၀ ကျပ်အထိ ဖြစ်လာသည်အထိ ကျပ်ငွေတန်ဖိုးမှာ သုံးဆနီးပါး ကျဆင်းလာခဲ့ရာ ယခုထပ်မံထုတ်ဝေသည့် နှစ်သောင်းတန်ငွေစက္ကူကြောင့် အဖတ်ဆယ်မရသည်အထိ ဖြစ်သွားမည့်အရေး တွေးပူနေကြခြင်းဖြစ်သည်။

ပြည်သူမဲပေးရွေးချယ်ထားသည့် အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာမသိမ်းမီကတည်းက ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်နိုင်တင်းကြောင့် စီးပွားရေးလုပ်ငန်းများ နာလန်ထူရန် ကြိုးပမ်းနေရချိန်တွင် ၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာသိမ်းပြီး နှစ်နှစ်ခွဲကျော်အတွင်း ပေါ်ပေါက်လာသည့် အထက်ပါဂယက်များကြောင့် လုပ်ငန်းတိုးချဲ့ရန်မဆိုထားဘိ လဲပြိုမသွားရန်ပင် မနည်းကျားကန်နေရသည်ဟု စီးပွားရေးမြို့တော် ရန်ကုန်မြို့မှ လုံခြုံရေးအရ အမည်မဖော်လိုသည့် ပြည်ပသွင်းကုန် ဖြန့်ဖြူးသည့် လုပ်ငန်းရှင် အမျိုးသားတစ်ဦးက ပြောသည်။

“ထပ်ချဲ့ဖို့ ရည်ရွယ်ခဲ့တယ်။ အဲဒါတွေ မဖြစ်လာတဲ့အပြင် Lost (ဆုံးရှုံးမှု) တွေ ဖြစ်တာပေါ့။ ကျွန်တော်တို့ဆိုရင် Investment (ရင်းနှီးမြှုပ်နှံမှု) ရဲ့ ၄၀၊ ၅၀ ရာခိုင်နှုန်းလောက်ထိ (ဆုံးရှုံးမှု) ဖြစ်သွားတယ်။ ဒီနေ့အထိ အများကြီး စိုက်ထည့်ရတယ်။ Inflation‌ (ငွေကြေးဖောင်းပွမှု) ကြောင့်ဆိုရင် ကျွန်တော့်ဆိုင်က တော်တော်ခံရတယ်” ဟု ၎င်းက ပြောသည်။

၎င်းမှာ ရင်းနှီးငွေ ကျပ်သိန်း ၆,၀၀၀ နီးပါး အသုံးပြုကာ ဂျပန်၊ ကိုရီးယားနှင့် ထိုင်းနိုင်ငံတို့မှ စားသောက်ကုန်နှင့် လူသုံးကုန် တင်သွင်းရောင်းချနေသူဖြစ်သည်။ မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက် ကျဆင်းနေခြင်းကြောင့် အမေရိကန်ဒေါ်လာဖြင့် ဖလှယ်၍ လုပ်ကိုင်ဆောင်ရွက်ရသည့် ၎င်း၏ လုပ်ငန်းဆိုင်ရာ အကျိုးအမြတ်မှာ မရေရာသည့် အခြေအနေသို့ ရောက်ရှိသွားစေခဲ့သည်။

အထက်ပါ လုပ်ငန်းရှင် စိုးရိမ်ပူပန်မှုမှာ အကြောင်းမဲ့တော့ မဟုတ်ပေ။ ကျပ်နှစ်သောင်းတန် ငွေစက္ကူသစ်မထွက်မီ ဇူလိုင်လလယ်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ကျပ် ၂,၉၀၀ ဝန်းကျင်ရှိရာမှ ဇူလိုင် ၂၄ ရက် ငွေစက္ကူအသစ်ထုတ်မည်ဟု စစ်ကောင်စီက ကြေညာပြီးနောက် တစ်ဒေါ်လာ ကျပ် ၃,၃၀၀ အထိ ခုန်တက်သွားသည်။

ရက်ပိုင်းအတွင်း အမေရိကန်တစ်ဒေါ်လာနှင့် မြန်မာကျပ်ငွေတန်ဖိုး ကွာခြားမှု ကျပ် ၄၀၀ အထိ တိုးတက်ခဲ့ခြင်းဖြစ်သည်။

ထိုသို့သော ငွေတန်ဖိုးမရေရာသည့် အခြေအနေကြောင့် ဒေါ်လာကို အသုံးပြုရသည့် သွင်းကုန်လုပ်ငန်းကို လည်ပတ်ရာတွင် စိန်ခေါ်မှုများကြုံတွေ့နေရကြောင်း၊ အချို့သွင်းကုန်များကို အကြွေးစနစ်ဖြင့် ဝယ်ယူခြင်းဖြစ်ရာ ပစ္စည်းယူခဲ့စဉ်ကာလ ငွေလဲလှယ်နှုန်းထားနှင့် ငွေပြန်သွင်းရမည့်အချိန်တွင် ဖြစ်ပေါ်သည့် ငွေလဲနှုန်းထား ခြားနားချက်ကြောင့် ကျပ်သိန်း ရာဂဏန်းအထိ ဆုံးရှုံးနစ်နာလေ့ရှိကြောင်း အထက်ပါ လုပ်ငန်းရှင်က ပြောပြာသည်။

ရလဒ်မကောင်းသည့် ကျပ်ငွေတန်ဖိုးဆွဲတင်မှု 

အာဏာသိမ်းပြီး နှစ်နှစ်ခွဲရှိလာချိန်တွင် အမေရိကန်တစ်ဒေါ်လာနှင့် ကျပ်ငွေဖလှယ်နှုန်းမှာ ပျမ်းမျှ ကျပ် ၅၀၀ မှ ၈၀၀ ဝန်းကျင် တရိပ်ရိပ်တက်နေရာ စစ်ကောင်စီက တစ်ဒေါ်လာ ကျပ် ၂,၁၀၀ ဖြင့် ပုံသေသတ်မှတ်ကာ ထိန်းချုပ်ရန် ကြိုးပမ်းသော်လည်း အောင်မြင်ခြင်း မရှိသေးပေ။

ဈေးကွက်စီးပွားရေးစနစ်တွင် ဝယ်လိုအားနှင့် ရောင်းလိုအားအပေါ် အခြေမခံသည့် စစ်ကောင်စီ၏ ငွေဈေးသတ်မှတ်ချက်ကို အများပြည်သူက မယုံကြည်သလို မည်သူကမျှ ထိုသတ်မှတ်ဈေးဖြင့် ရောင်းခြင်းဝယ်ခြင်း မပြုကြပေ။

စစ်ကောင်စီကလည်း ထိုအခြေအနေကို တန်ပြန်သည့်အနေဖြင့် စီးပွားရေးလုပ်ငန်းရှင်များကို ပို့ကုန်မှ ရငွေ ၅၀ ရာခိုင်နှုန်းကို ၎င်းတို့ သတ်မှတ်ဈေးဖြစ်သော တစ်ဒေါ်လာလျှင် ကျပ် ၂,၁၀၀ ဖြင့် မဖြစ်မနေ လဲပေးရန် အမိန့်ထုတ်သည်။

မြန်မာငွေတန်ဖိုးကျဆင်းမှုကို အမျိုးမျိုးထိန်းချုပ်ရန် စစ်ကောင်စီက ကြိုးပမ်းနေသော်လည်း ပြည်တွင်းသုံးငွေ ဖောင်းပွမှုမှာ တက်မြဲတက်နေရာ အမေရိကန်ဒေါ်လာနှင့် ကျပ်ငွေဖလှယ်နှုန်းသာမက ထိုင်း၊ တရုတ်ကဲ့သို့သော အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံသုံး ငွေကြေးများနှင့် ဖလှယ်ရာတွင်လည်း ကျပ်ငွေတန်ဖိုးသည် ဇောက်ထိုးသာ ဆင်းမြဲဆင်းနေဆဲဖြစ်သည်။

စစ်အာဏာသိမ်းပြီးစ ၂၀၂၁ ဇူလိုင်လကုန်တွင် ထိုင်းနိုင်ငံသုံးငွေ တစ်ဘတ်လျှင် ၄၅ ကျပ်ဝန်းကျင်၊ တရုတ်တစ်ယွမ်လျှင် ၂၀၀ ကျော်သာရှိသည်။ နှစ်နှစ်ကြာချိန် ယခုနှစ် ဇူလိုင်လကုန်တွင် ပြင်ပငွေကြေးဈေးကွက်၌ ထိုင်းတစ်ဘတ်လျှင် ကျပ် ၉၀ ကျော်နှင့် တရုတ်တစ်ယွမ် ကျပ် ၄၅၀ အထိ ဖြစ်လာသည်။ စစ်ကောင်စီသတ်မှတ်ဈေးမှာ ထိုင်းတစ်ဘတ် ၆၀ နှင့် တရုတ်တစ်ယွမ် ၂၉၃ ကျပ်သာဖြစ်သည်။

အထွေထွေအကျပ်အတည်း

အခြားတစ်ဖက်တွင်လည်း ပြည်သူတို့၏ နည်းလမ်းမျိုးစုံဖြင့် သပိတ်မှောက်မှု၊ နိုင်ငံတကာ၏ ပိတ်ဆို့မှုများကြောင့် စစ်ကောင်စီ၏ အခွန်ဘဏ္ဍာရငွေ ကျဆင်းနေရာ ယခုနှစ် ၂၀၂၃ တွင် ဘဏ္ဍာရေးလိုငွေမှာ တိုင်းပြည်အသားတင်ကုန်ထုတ်လုပ်မှုတန်ဖိုး (GDP) ၏ ၅ ဒသမ ၄ ရာခိုင်နှုန်းအထိ ရှိလာကြောင်း မကြာသေးမီက ထုတ်ပြန်သည့် ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတစ်စောင်တွင် ဖော်ပြသည်။

ထိုသို့ ပေါ်ပေါက်နေသည့် ဘက်ဂျက်လိုငွေဖြည့်ဆည်းရန် စစ်ကောင်စီက ၎င်းတို့ထိန်းချုပ်ထားသည့် ဗဟိုဘဏ်ထံမှ ငွေချေးယူရခြင်းကြောင့် ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်နိုင်ကြောင်း၊ ယခုနှစ် ၂၀၂၃ စက်တင်ဘာတွင် ငွေကြေးဖောင်းပွမှုနှုန်း ၁၄ ရာခိုင်နှုန်းရှိလာမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ခန့်မှန်းသည်။

လက်တွေ့တွင်လည်း စစ်ကောင်စီက ဘဏ္ဍာရေးအခက်တွေ့နေသည့် အခြေအနေကို ကျော်လွှားရန် ဗဟိုဘဏ်မှတစ်ဆင့် ငွေတိုက်လက်မှတ်နှင့် ငွေတိုက်စာချုပ်များ ရောင်းခြင်း၊ ငွေစက္ကူအသစ်ထုတ်ခြင်း စသည့် နည်းလမ်းမျိုးစုံဖြင့် ကုစားနေသည်။

အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် နိုင်ငံတကာကုမ္ပဏီကြီးများ ထွက်ခွာသွားခြင်း၊ နိုင်ငံတကာဖွံ့ဖြိုးရေးအကူအညီနှင့် ချေးငွေများ ရပ်ဆိုင်းခံရခြင်း၊ ကုန်ထုတ်လုပ်မှု လျော့ကျကာ ပို့ကုန်ဝင်ငွေနည်းလာခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ထပ်ဝင်မလာတော့ခြင်းတို့အပြင် ဝင်ငွေရလမ်းကြောင်းများပါ ပိတ်ဆို့ခံထားရသဖြင့် စစ်ကောင်စီအတွက် ဘဏ္ဍာငွေလိုအပ်ချက် ကြီးမားနေသည်။

ထိုသို့ လိုအပ်ချက်ကြီးမားနေသော်လည်း ပြည်သူလူထုအပေါ် အရက်စက်ဆုံး စစ်ဆင်နွှဲနေသောကြောင့် စစ်ရေးအသုံးစရိတ် တိုးမြှင့်သုံးစွဲနေရသည်ဖြစ်ရာ ဘတ်ဂျက်လိုငွေ ဖြည့်ဆည်းနိုင်ရေး အာဏာသိမ်းစစ်တပ်က ငွေတိုက်စာချုပ်များ အဆက်မပြတ် ထုတ်ရောင်းနေခဲ့သည်။

Myanmar Now ၏ လေ့လာချက်အရ ပြည်တွင်းရှိ ကမ္ဘောဇဘဏ်၊ ဧရာဝတီဘဏ်နှင့် ရိုးမဘဏ်အပါအဝင် ပုဂ္ဂလိကဘဏ်များသည် စစ်ကောင်စီက ရောင်းချနေသော ကျပ်ငွေ သန်းပေါင်းထောင်များစွာ တန်ကြေးရှိသော ငွေတိုက်စာချုပ်များကို ဝယ်ယူနေခြင်းဖြင့် စစ်ကောင်စီကို တစ်နည်းတစ်ဖုံ ကူညီနေကြသည်။ Myanmar Now က သတင်းဖော်ပြပြီး ဖြစ်သည်။

ငွေတိုက်စာချုပ်နှင့် ငွေတိုက်လက်မှတ်ဆိုသည်မှာ သက်သေခံစာချုပ်ထုတ်ဝေ၍ အများပြည်သူထံမှ ငွေချေးယူသည့် နည်းလမ်းတစ်ခုဖြစ်သည်။ ဘတ်ဂျက်လိုငွေ ဖြည့်ဆည်းရန် ကြားခံဘဏ္ဍာရေးအဖွဲ့အစည်းများမှတစ်ဆင့် သက်သေခံလက်မှတ်များ ထုတ်ရောင်းခြင်းပင်ဖြစ်သည်။

စစ်ကောင်စီကို တော်လှန်နေသော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ စီမံဘဏ္ဍာဝန်ကြီး ဦးတင်ထွန်းနိုင်အဆိုအရ အာဏာသိမ်းပြီး နှစ်နှစ်ကျော်အတွင်း အာဏာသိမ်းစစ်တပ်၏ ငွေတိုက်စာချုပ်နှင့် ငွေတိုက်လက်မှတ် ထုတ်ရောင်းသည့် တန်ဖိုးမှာ ကျပ် ၂၀ ထရီလျံကျော်အထိ ရှိသည်ဟု သိရသည်။​

လက်ရှိဘဏ္ဍာနှစ်အတွက် စစ်ကောင်စီ၏ စစ်အသုံးစရိတ် ကျပ်ဘီလျံ ၅၆၀၀ ကျော်ရှိရာ ငွေတိုက်စာချုပ်နှင့် ငွေတိုက်လက်မှတ်ရောင်းချသည့်တန်ဖိုးမှာ စစ်အသုံးစရိတ်၏ သုံးဆခွဲခန့်အထိ ရှိနေသည်။

အထက်ပါအခြေအနေများ၏ ဂယက်မှာ အခြေခံစားကုန်နှင့် သယ်ယူပို့ဆောင်ရေးအတွက် အရေးကြီးသည့် စက်သုံးဆီနှင့် မော်တော်ယာဉ်တန်ဖိုးတို့ကိုသာမက ရွှေဈေးကိုပါ ကသောင်းကနင်း ထိုးတက်သွားစေသည်။

နေ့စဉ်လူမှုဘဝကို သက်ရောက်မှုကြီးများသည့် အထက်ပါ ကုန်စည်များ၏ အာဏာမသိမ်းမီနှင့် အာဏာသိမ်းပြီး ဈေးနှုန်းကွာဟချက်ကို ကြည့်လျှင် ကျပ်ငွေတန်ဖိုးကျဆင်းမှု မည်မျှဆိုးရွားသည်ကို ထင်သာမြင်သာတွေ့နိုင်သည်။

စစ်အာဏာမသိမ်းမီက ရွှေတစ်ကျပ်သားလျှင် ကျပ် ၁၃ သိန်းဝန်းကျင်ရှိရာမှ ယခုအခါ ၃၆ သိန်း၊ စက်သုံးဆီဈေးမှာ တစ်လီတာ ကျပ် ၆၀၀ ၊ ၇၅၀ ဝန်းကျင်မှ ၂၁၀၀ မှ ၂၃၀၀ အထိ ရှိလာသည်။ ထိုကွာဟချက်များမှာ အာဏာသိမ်းပြီး နှစ်နှစ်ခွဲကျော်အတွင်း ပေါ်ပေါက်လာသည့် အခြေအနေဖြစ်သည်။

“ဝယ်စားရတာတွေ၊ လုပ်ကိုင်စားသောက်ရတာတွေက မလွယ်တော့ပါဘူး။ ပိုက်ဆံရှိနေတဲ့သူတွေက ခံသာသေးပေမဲ့ အောက်ခြေ လက်လုပ်လက်စားတွေက ဒုက္ခရောက်တယ်။ ရတဲ့ပိုက်ဆံ (ဝင်ငွေ) က မတိုးဘူး။ ကိုယ်ဝယ်သုံးရမယ့် ကိုယ့်ဆီကထွက်ရမယ့် ပိုက်ဆံသာ တန်ကြေးမရှိတော့တာ” ဟု မန္တလေးမြို့မှ အသက် ၃၀ အရွယ် ကုမ္ပဏီဝန်ထမ်း အမျိုးသားက ဆိုသည်။

ထိုသို့ ကူကယ်ရာမဲ့သည့် အခြေအနေတွင် စစ်ကောင်စီက ထပ်ထုတ်သည့် ကျပ်နှစ်သောင်းတန်ဂယက်ကြောင့် ငွေကြေးချမ်းသာသူများက တစ်နေ့တစ်ခြား တန်ဖိုးကျသည်ထက်ကျလာသည့် မြန်မာငွေကို လက်ဝယ်မထားရဲတော့ဘဲ ဇူလိုင်လကုန်မှစ၍ အိမ်ခြံမြေ ဝယ်ယူလိုသူ များပြားလာနေသည်ဟု ရန်ကုန်မြို့ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းအသိုင်းအဝိုင်းထံမှ သိရသည်။

“ဈေးတွေကတော့ အကုန်လုံး အတက်ပိုင်းမှာ ရှိနေတာပေါ့။ အဓိကကတော့ မြေကွက်တွေ ပိုပြီးတော့ အရောင်းအဝယ်ဖြစ်တာကို တွေ့ရတယ်။ မန္တလေးတို့ဘာတို့ဆို ဈေးက သုံးဆလေးဆ တက်တာတွေရှိတယ်။ ရန်ကုန်လည်း တက်တယ်” ဟု ၎င်းက ဆိုသည်။

 ရန်ကုန်မြို့လယ် ပန်းဆိုးတန်းရှိ အရောင်းဆိုင်တစ်ခုတွင် ငွေစက္ကူများရေတွက်နေသည့် ဆိုင်ရှင်တစ်ဦး။ Ye Aung Thu/Getty Images

ရွှေနှင့် ဒေါ်လာဈေးကွက်ကို စစ်ကောင်စီက ထိန်းချုပ်ထားသဖြင့် လက်ဝယ်တွင် မြန်မာကျပ်ငွေများ ရှိနေသည့် ပြည်တွင်းကြေးရတတ်များမှာ အိမ်ခြံမြေနှင့် ကားဝယ်ယူ၍ ရင်းနှီးမြှုပ်နှံသည့်ဘက်သို့ အလုံးအရင်းဖြင့် မြားဦးလှည့်လာကြောင်း ထိုသူက ပြောသည်။

လုံခြုံရေးအရ အမည်မဖော်လိုသည့် ရန်ကုန်မြို့မှ ကားပွဲစား အမျိုးသားတစ်ဦး၏ အဆိုအရ ကျပ်နှစ်သောင်းတန် သတင်းထွက်ပြီးနောက်တွင် ပုံမှန်ထက် ဈေးကြီးပေး၍ မော်တော်ယာဉ်ဝယ်ယူသူများ ရှိလာကြောင်း သိရသည်။

“ငွေကြေးများ ဖောင်းပွလာမလားဆိုပြီးတော့ ဝယ်ကြတဲ့သူတွေပေါ့။ အဲ့လိုလူမျိုးတွေနဲ့ပဲ အရောင်းဝယ်ဖြစ်နေကြတယ်။ ဈေးတွေကတော့ တစ်စီးကို သိန်းတစ်ရာလောက်အထိ တင်ခေါ်ကြတယ်ဗျ”။

အိမ်၊ ခြံ၊ မြေ၊ ရွှေ၊ ကား၊ ဒေါ်လာကို ဝယ်ယူလိုသူများပြားနေခြင်းမှာ စစ်အာဏာရှင်များလက်အောက်တွင် ဆိုးရွားစွာ ကျဆင်းလေ့ရှိသည့် ပြည်တွင်းသုံးငွေကြေး၏ တန်ဖိုးမခိုင်မာမှုကို သက်သေထင်ရှားပြလေ့ရှိသည့် လက္ခဏာတစ်ခုပင်ဖြစ်သည်။

တိုင်းပြည်အာဏာကို လက်နက်ဖြင့် ရယူသည့် စစ်ခေါင်းဆောင်များအပေါ် လူထုက ယုံကြည်လေ့မရှိသဖြင့် ဗိုလ်ချုပ်ကြီးများကြောင့် ၎င်းတို့၏ ရှိရင်းစွဲပိုင်ဆိုင်မှုများ တန်ဖိုးယုတ်လျော့မသွားစေရန် စီးပွားရေးလုပ်ကိုင်မှုအစား အိမ်၊ ခြံ၊ မြေ၊ ရွှေ၊ ကား၊ ဒေါ်လာ ဝယ်ယူသည့်ဘက်သို့ အာရုံစိုက်လာသည်မှာ ၁၉၈၈ နောက်ပိုင်း မြန်မာပြည်တွင် တွေ့ရလေ့ရှိသည့် အစဉ်အလာတစ်ရပ်လည်းဖြစ်သည်။

“အိမ်ရောင်းပြီး ဒေါ်လာဝယ်တယ်။ ကိုယ့်အိမ်ရောင်းပြီး (ထိုင်းနိုင်ငံ) ဘန်ကောက်မှာ တိုက်နဲ့ ခြံ ဝယ်တယ်။ (ပိုက်ဆံရှိတဲ့) သူသူကိုယ်ကိုယ် (လူတိုင်း) ပါပဲ။ စိတ်ချလို့မရဘူး။ Trusted Government (ယုံကြည်ထိုက်တဲ့ အစိုးရ) မဟုတ်တဲ့အခါကျတော့ သူတို့ အဆင်ပြေတဲ့ နည်းလမ်းကို ရွေးချယ်ကြတာပေါ့” ဟု အထက်ဖော်ပြပါ သွင်းကုန်လုပ်ငန်းရှင်က ပြောသည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button