သတင်း

စီးပွားရေးဦးမော့လာကြောင်း စစ်ခေါင်းဆောင်ကြွားလုံးထုတ်ပြီးနောက် ကျပ်ငွေတန်ဖိုး စံချိန်တင်ကျဆင်း

တိုင်းပြည်စီးပွားရေး ပြန်လည်ဦးမော့လာနေပြီဖြစ်ကြောင်း ပြီးခဲ့သည့်ရက်ပိုင်းက ရုရှားသတင်းဌာနတစ်ခုကို စစ်ခေါင်းဆောင်က ကြွားလုံးထုတ်ပြီးနောက် ကျပ်ငွေတန်ဖိုးသည် စံချိန်တင်ကျဆင်းသွားခဲ့သည်။

တိုင်းပြည်စီးပွားရေး ပြန်လည်ဦးမော့လာနေပြီဖြစ်ကြောင်း မကြာသေးမီရက်ပိုင်းအတွင်း စစ်ခေါင်းဆောင်က ရုရှားသတင်းဌာနတစ်ခုကို ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် စျေးကွက်အတွင်း ကျပ်ငွေတန်ဖိုးသည် စံချိန်တင်ကျဆင်းသွားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် စီးပွားရေးစီမံခန့်ခွဲမှုအားနည်းချက် များကြောင့် ၂၀၁၈ ခုနှစ်မှ စတင်ပြီး တိုင်းပြည်စီးပွားရေးသည် ကျဆင်းခဲ့ကြောင်း၊ အာဏာသိမ်းပြီး နောက် သူ၏ကြိုးစားမှုကြောင့်  စီးပွားရေးပြန်လည်ဦးမော့လာကြောင်း စစ်ခေါင်းဆောင်က မတ် ၁၈ ရက်က ရုရှားသတင်းဌာန  ITAR-TASS နှင့် နေပြည်တော်တွင် သီးသန့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

စစ်ခေါင်းဆောင်၏ပြောကြားချက်များသည် စျေးကွက်အတွင်းအမှန်တကယ်ဖြစ်ပျက်နေသည်နှင့် ဆန့်ကျင်ဘက်ဖြစ်နေပြီး ကျပ်ငွေတန်ဖိုးသည် စံချိန်တင် ဆက်တိုက်ကျဆင်းနေသည်။

ယခုနှစ်အစပိုင်းတွင် နိုင်ငံခြားငွေကြေးစျေးကွက်အတွင်း၌ အမေရိကန်ဒေါ်လာ ၁ ဒေါ်လာသည် ၃၃၇၀ ကျပ် ဝန်းကျင်သာရှိသော်လည်း ဧပြီလအစပိုင်းတွင်ဒေါ်လာစျေးသည် ၁၆ ရာခိုင်နှုန်းအထိ တက်သွားပြီး ၁ ဒေါ်လာလျှင် ၃၉၀၀ ကျပ် ဝန်းကျင်အထိရောက်သွားခဲ့သည်။

၂၀၂၄ နှစ်စပိုင်းက ၁ ကျပ်သားလျှင် ကျပ် ၃၇ သိန်းဝန်းကျင်သာရှိသည့် အခေါက်ရွှေစျေးသည်လည်း ဧပြီလဆန်းတွင် ၂၂ ရာခိုင်နှုန်းတက်သွားပြီး ၁ ကျပ်သားလျှင် ၄၅ သိန်းအထိစျေးပေါက်သည်။

စစ်တပ်အာဏာမသိမ်းခင် ၂၀၂၁ နှစ်ဆန်းပိုင်းတွင် အမေရိကန် ၁ ဒေါ်လာလျှင် ၁၃၀၀ ကျပ်နှင့် အခေါက်ရွှေ ၁ ကျပ်သားလျှင် ကျပ် ၁၃ သိန်းကျော်သာ ရှိခဲ့သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ဒေါ်လာမှောင်ခိုဈေးကွက် ပေါ်ပေါက်လာကာ ကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းလျက်ရှိသည်။ (ဓာတ်ပုံ − EPA)

ကျပ်ငွေတန်ဖိုးစံချိန်တင်ကျဆင်းလာခြင်းမှာ ကမ္ဘာ့ရွှေစျေးတက်လာပြီးနောက် ပြည်တွင်းရွှေစျေးနှုန်း မြင့်တက်ခြင်း၊ နယ်စပ်ကုန်သွယ်ရေးများ နှေးကွေးနေခြင်းနှင့် နိုင်ငံခြားငွေ ဝယ်လိုအားများလာခြင်း တို့ကြောင့် ဖြစ်ကြောင်းစီးပွားရေးသမားအချို့က ခန့်မှန်းကြသည်။

“ တချို့သော ကောလဟာလတွေ ကြောက်တာရယ်၊ ကမ္ဘာ့ရွှေစျေးနှုန်းကလည်း ရုတ်တရက် တက် သွားတာဆိုတော့ မြန်မာငွေနဲ့လဲတဲ့ ငွေကြေးအားလုံးက စျေးလိုက်တက်ကုန်တာ ” ဟု မန္တလေးမြို့မှ ကုန်သည်တစ်ဦးက ပြောသည်။ 

စစ်မှုထမ်းဥပဒေအတည်ပြုချက် ထွက်ပေါ်လာခြင်း၊ ရွှေစျေးနှုန်းမြင့်တက်ခြင်းတို့အပြင် ရှမ်းပြည် မြောက်ပိုင်း တိုက်ပွဲများကြောင့် တရုတ်-မြန်မာကုန်သွယ်ရေးရပ်တန့်ကာ ပို့ကုန်တင်ပို့နိုင်ခြင်း မရှိဘဲ သွင်းကုန်သာ တင်သွင်းရ၍ ယွမ်ငွေ လိုအပ်ချက်ကြောင့်လည်း ငွေစျေးမြင့်တက်မှုရှိကြောင်း သူက ဆိုသည်။  

တရုတ်ယွမ် ၁ ယွမ် လျှင် ၄၇၀ ကျပ်ဝန်းကျင်သာ ရှိခဲ့သော်လည်း ယခုအခါ ၅၁၈ ကျပ်အထိ ပေါက်စျေး ရှိနေသည်။

“ သွင်းကုန်ကလည်း ပါမစ်မချပေးတော့ မှောင်ခိုတွေပဲ အကုန်ဝင်နေတာ။ အဲဒီတော့ ကုန်စျေးကလည်း မှောင်ခိုစျေးတွေနဲ့ပဲ စျေးတွေက တက်နေတာ ” ဟု အထက်ပါကုန်သည်က ပြောသည်။  

လတ်တလောတွင် တိုက်ပွဲများကြောင့် အဓိက တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်သော မူဆယ်၊ ချင်းရွှေဟော် ၊ လွယ်ဂျယ်စခန်းများမှ ကုန်သွယ်ရေးကို တရားဝင်လုပ်ဆောင်နိုင် ခြင်းမရှိသေး ဘဲ ကန်ပိုက်တီကုန်သွယ်ရေးစခန်းတစ်ခုမှသာ ကုန်သွယ်ရေးအနည်းငယ်လုပ်ဆောင်နိုင်လျက်ရှိသည်။ 

စစ်ကောင်စီသည် ဒေါ်လာရှားလာခြင်းကြောင့် ဒေါ်လာဖြင့် ဝယ်ယူရမည့် ပြည်ပသွင်းကုန်များကို ကန့် သတ်ထားသလို နယ်စပ်ကုန်သွယ်ရေးများတွင်လည်း ထိုင်းဘတ် နှင့် တရုတ်ယွမ်တို့ဖြင့်သာ တိုက်ရိုက် ငွေပေးချေရန် သတ်မှတ်ထားခြင်းကြောင့်လည်း ဒေါ်လာအပြင် တခြားသော နိုင်ငံခြား ငွေကြေးများပါ စျေးနှုန်းပိုတက်လာခြင်းဖြစ်သည်။  

ထို့ပြင် စစ်ကောင်စီက လုပ်ငန်းရှင်များထံမှ ဒေါ်လာအဝင်ကိုသာ နည်းလမ်းပေါင်းစုံဖြင့် ဖြတ်တောက်နေ ပြီး ဒေါ်လာပြန်ထွက်မည့် သွင်းကုန်တင်သွင်းခွင့် လိုင်စင်များကိုမူ ခွင့်မပြုမှုကြောင့်လည်း ငွေစျေးများ မြင့်တက်လာခြင်းဖြစ်ကြောင်း မြ၀တီမြို့မှ ပြောင်းကုန်သည်တစ်ဦးက ပြောသည်။ 

တချို့သော သွင်းကုန်ပါမစ်များမှာမူ ခွင့်ပြုချက်ရရှိရန် အချိန် ၁ နှစ်ခန့် ကြာမြင့်နေသည်ဟု သူက ဆိုသည်။

“ ပို့ကုန်သွင်းကုန်ကိစ္စရပ်မှာလည်း ဒေါ်လာက သူတို့(စစ်ကောင်စီ)အတွက် အရမ်းအရေးကြီးနေတော့ အဲဒါကို တင်းကျပ်ထားတော့ အဲဒါကြောင့်လည်း စျေးကတက်တယ်။ တဖက်က နိုင်ငံရေး အခြေအနေ ကြောင့်လည်း ငွေရှိတဲ့သူတွေကလည်း အိမ်တွေ၊ ခြံတွေ အကုန် ရောင်းပြီး နိုင်ငံခြားထွက်ကုန်ကြတော့ အဲဒီနည်းလမ်းကလည်း ငွေစျေးတွေ တက်ကုန်တယ် ” 

ထို့ပြင် ကရင်ပြည်နယ် မြ၀တီ-ကော့ကရိတ် အာရှလမ်းပိုင်းတွင် မြေပြိုမှုကြောင့် ထိုင်းနိုင်ငံသို့ ကုန်ပစ္စည်းတင်ပို့နေကြသော ကုန်သည်များသည် တနင်္သာရီတိုင်း၊ ကော့သောင်း နှင့် ပင်လယ်ရေကြောင်း မှ တဆင့် တင်ပို့ရသည့်အတွက် လမ်းခရီးအချိန်ကြာမြင့်ခြင်း နှင့် ကုန်ကျစရိတ်ပိုမိုကျသင့်ခြင်းတို့လည်း ပို့ကုန်တင်ပို့နိုင်မှု နည်းပါးပြီး ပို့ကုန်ရငွေ လျော့ကျနေသည်။ 

ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပကုန်သွယ်မှုတန်ဖိုးသည် ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၁၁ ရာခိုင်နှုန်းကျော် ကျဆင်းသွားကြောင်း စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။

၂၀၂၃-၂၄ ဘဏ္ဍာနှစ် မတ် ၂၂ ရက်နေ့အထိ ပင်လယ်ရေကြောင်းနှင့် နယ်စပ်လမ်းကြောင်းမှ ပို့ကုန်နှင့် သွင်းကုန် ကုန်သွယ်မှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၉ ဒသမ ၄ ဘီလျံကျော်ရှိ ကြောင်း၊ ယခင်နှစ် ကာလတူ၌ ၃၃ ဒသမ ၁ ဘီလျံကျော်ရှိရာ ၃ ဒသမ ၇ ဘီလျံကျော်ကျသွားကြောင်း စီးပွားကူးသန်း ဝန်ကြီးဌာနစာရင်းများတွင် တွေ့ရသည်။

စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်ကလည်း နိုင်ငံခြားငွေကြေးစျေးနှုန်းများမြင့်တက်မှုကို စျေးကွက် အတွင်းသို့ နိုင်ငံခြားငွေကြေး အမြောက်အများထုတ်ရောင်းကာ ထိန်းချုပ်ရန် ကြိုးစားနေသည်။  

ယခုနှစ် ဇန်နဝါရီလမှ မတ်လအထိ  ၃ လအတွင်း စျေးကွက်အတွင်းသို့ အမေရိကန်ဒေါ်လာ ၂၅၁ သန်း ကျော်၊ ထိုင်းဘတ် သန်း ၁၂၇၅ ကျော် နှင့် တရုတ်ယွမ်ငွေ ၁၆ သန်းကျော်အထိ ထုတ်ရောင်းခဲ့ကြောင်း ဗဟိုဘဏ်က သတင်းထုတ်ပြန်ထားသည်။ 

သို့သော်လည်း ထိုသို့ ထုတ်ရောင်းပေးမှုသည် စျေးကွက်အတွက် လိုအပ်နေသော ပမာဏ မပြည့်မီခြင်း နှင့် နိုင်ငံခြားငွေ အမှန်တကယ်လိုအပ်သော လုပ်ငန်းရှင်ဆီသို့ မရောက်၍ စျေးကွက်အတွင်း နိုင်ငံခြားငွေ စျေးနှုန်းများ မြင့်တက်နေဆဲဖြစ်ကြောင်း စီးပွားရေးပညာရှင်တစ်ဦးက ဝေဖန်သည်။ 

“ ဗဟိုဘဏ်က ထုတ်ရောင်းတယ်ဆိုတာကလည်း အများပြည်သူအတွက်ကို ထုတ်ရောင်းတာ မဟုတ်ဘူး။ သူတို့နဲ့ ပါတနာကျတဲ့ စီးပွားရေးလုပ်ငန်းတွေကို ထုတ်ရောင်းနေတာဖြစ်တဲ့ အတွက်ကြောင့် ဒီလိုတွေ ဖြစ်နေတာ ” ဟု ၎င်းက ပြောသည်။ 

ထို့ပြင် ပို့ကုန်ရငွေ နှင့် သွင်းကုန်ပါမစ်များကို ကန့်သတ်ထိန်းချုပ်ပြီး ပြည်တွင်းမှာရှိနေသော နိုင်ငံခြားငွေ များကို နည်းလမ်းမျိုးစုံဖြင့် သိမ်းယူနေသလို ပြည်ပရောက် အလုပ်သမားများဆီမှ အတင်းအကျပ် အခွန် ကောက်ယူမှုများကို ကြည့်ပါက စစ်ကောင်စီသည် နိုင်ငံခြားအရံငွေပမာဏ ပိုမိုခမ်းခြောက်လာခြင်းကို ကြုံတွေ့လာနေရကြောင်း သူက ဆိုသည်။

Show More

Related Articles

Back to top button