စီးပွားရေး

နိုင်ငံအနှံ့တိုက်ပွဲဒေသများအနီး လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်

ရှမ်းမြောက်ဒေသကို ခရီးသည်တင်ကားကြီးများ ဝင်ထွက်မှု ရပ်နားထားပြီး ရခိုင်ပြည်နယ်ကို လေကြောင်းမှသာ သွားလာနိုင်သည်။ လွိုင်ကော်ခရီးစဉ်မှာလည်း တိုက်ပွဲအခြေအနေပေါ် မူတည်နေသည်။

“၁၀၂၇ စစ်ဆင်ရေး” နယ်မြေနှင့် ဆက်စပ်နေသော ဒေသအများစုတွင် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်သွားပြီး ရှမ်းပြည်နယ်မြောက်ပိုင်းတွင်သာ လမ်းပိုင်းတချို့ ပြန်လည်အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း သိရသည်။ 

သိန္နီ အဝင်တံတား၊ ကျောက်မဲနှင့် သီပေါမြို့တို့ကို ဆက်သွယ်ထားသည့် ကျင်သီတံတား ဖောက်ခွဲခံထားရသည့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စစ်ကောင်စီ စစ်ကူပို့နိုင်မည့် လမ်းကြောင်း ပြတ်တောက်သွားသလို ခရီးသွားသူများလည်း ထိုလမ်းကို အသုံးပြုရန် ခက်ခဲသွားသည်။ 

ထို့ကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းသို့ ပြေးဆွဲသော မော်တော်ယာဉ်ကြီးများ  ရပ်နားသွားကြသည်၊ ကားသေးတချို့သာ ပြေးဆွဲနေပြီး အများစုက တိုက်ပွဲအခြေအနေ ပေါ်မူတည်ကာ သွားလာနေကြသည်ဟု ကားအရောင်းလက်မှတ်ဌာနများ၊ ဒေသခံများ၊ ခရီးသွားများထံမှ သိရသည်။

ရန်ကုန်- လားရှိုးလမ်းပိုင်းတွင် အန်စာတုံးဟု အများက ခေါ်ကြသော အငယ်စားကားဖြင့်သာ သုံးရက် တစ်ကြိမ် ပြေးဆွဲနေကြောင်း ရန်ကုန်အခြေစိုက် ရှမ်းမြောက်အဝေးပြေးယာဉ်လိုင်းနှစ်ခုမှ တာဝန်ရှိသူ တချို့က ပြောသည်။ 

ထိုကားအမျိုးအစားဖြင့် ရှမ်းမြောက်သို့ သွားလာမည်ဆိုပါက ကားလက်မှတ်ဈေးနှုန်း ကျပ် ၁၀၀,၀၀၀ နှင့် ၁၃၀,၀၀၀ ကြား ရှိနေသည်၊ ကားခသုံးဆနီးပါး မြင့်တက်သွားခြင်း ဖြစ်သည်ဟု သိရသည်။ 

“နေ့တိုင်း မထွက်ဘူး၊ တိုက်ပွဲဖြစ်နေတော့ ကားလေးတွေပဲ ထွက်တာ” ဟု ရန်ကုန်အခြေစိုက် ရှမ်းမြောက် အဝေးပြေးယာဉ်လိုင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အလားတူ ထိုဒေသသို့ ပြေးဆွဲသော လေကြောင်းလိုင်းများလည်း ရပ်နားထားကြောင်း လေယာဉ်လက်မှတ်ရောင်းသူများထံမှ သိရသည်။

နိုဝင်ဘာ ဒုတိယပတ်အတွင်း သီပေါ-နမ့်လန်-ကျောက်ဂူလမ်းပိုင်းတွင် သွားလာနေသော ခရီးသွားယာဉ်တချို့။ (ဓာတ်ပုံ- Konay)

မကြာသေးခင်က သိန္နီမြို့မှ နေပြည်တော်သို့  ပြန်သူတစ်ဦးက လားရှိုးအထိ ကားခ ကျပ် ၂ သိန်းနီးပါး၊ လားရှိုးမှ နေပြည်တော်သို့ တစ်သိန်း ပေးခဲ့ရကြောင်း ပြောသည်။

“သိန္နီက လမ်းလျှောက်တာ သုံးရက်၊ပြီးတော့ လားရှိုးအထိ ဆိုင်ကယ်ခ၊ လားရှိုးကနေ နေပြည်တော်ထိ ဆိုရင် လမ်းစရိတ် သုံးသိန်းလောက်ကုန်တယ်၊ လမ်းလည်းအတော်ကြမ်းတယ်“ ဟု ၎င်းက ဆိုသည်။

ကျောက်မဲနှင့်သီပေါမြို့ကို ဆက်သွယ်ထားသော ကျင်သီတံတား ပြင်ဆင်နိုင်ရေး စစ်ကောင်စီက လုံးပမ်းနေပြီး လတ်တလောတွင် တံတားသို့ ရောက်လာသော အိမ်သုံးယာဉ်ငယ်ကို ကရိန်းဖြင့်သယ်ယူကာ လမ်းတစ်ဖက်သို့ပို့ပေးနေသောပုံများ အွန်လိုင်းလူမှုကွန်ရက်တွင် ပျံ့နှံ့နေသည်။

ထိုနေရာတဝိုက်တွင် တအာင်းတပ်မတော် (TNLA) နှင့် စစ်တပ်တို့ တိုက်ပွဲများပြင်းထန်နေသည်။

ကျောက်မဲမြို့ပေါ်ရှိ အခြေစိုက်တပ်ကို TNLA က မကြာသေးခင်က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာ ၁၆ ရက်ကလည်း ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာလမ်းခွဲ တွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်မတော် (PSLF/TNLA) တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ 

လမ်းများပြင်ဆင်နေဟု စစ်တပ်က ထုတ်ပြန်

ပြင်ဦးလွင်-နောင်ချို-ကျောက်မဲ-လားရှိုး ပြည်ထောင်စုလမ်းမကြီးပေါ်၌ TNLA, PDF များ ဖျက်ဆီးထားသည့် လမ်းပိုင်းများကို ပြုပြင်ခဲ့ကြောင်း နိုဝင်ဘာ ၂၁ ရက်နေ့က ထုတ်ပြန်ထားသည်။ 

နောင်ချိုမြို့နယ်အတွင်း ရွှေညောင်ပင်၊ လယ်ကျင်းကွေ့၊ အုမ္မခါးကျေးရွာ၊ ဂုတ်တွင်းရှုခင်းသာ အနီးတဝိုက်၊ နောင်ပစ်လမ်းခွဲ ၊ နောင်ပစ်နှင့် နောင်ပိန်းကျေးရွာအကြား ၇ နေရာတို့တွင် လမ်းများ ဖျက်ဆီးပိတ်ဆို့ခဲ့ကြောင်း ဖော်ပြထားသည်။ 

နိုဝင်ဘာ ၆ ရက်နေ့မှစ၍ နိုဝင်ဘာ ၁၉ ရက် ညအထိ  နေရာ ၁၂ ခုကို  ပြင်ဆင် ရှင်းလင်းပြီး ဖြစ်၍   ကျောက်မဲမြို့အထိ ပုံမှန်အတိုင်းသွားလာနိုင်ပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ 

အဆိုပါ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်  ပုံမှန်အတိုင်း ပြန်လည်သွားလာနိုင်ရန် ဆောင်ရွက်နေသည်ဟု စစ်ကောင်စီက ဆိုသည်။

၂၀၂၁ တွင် စစ်တပ်က အာဏာသိမ်းပြီး လမ်းပေါ်ထွက်ဆန္ဒပြသူတို့ကို ပစ်သတ်ရာမှ နိုင်ငံအနှံ့ လက်နက်ကိုင်ခုခံမှု ပေါ်ပေါက်လာသည်။ ခုခံသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အများအပြား ပူးပေါင်းမိပြီး တိုက်ပွဲများ ၃ နှစ်နီးပါး ဖြစ်ပွားလာရာမှ  အောက်တိုဘာ ၂၇ တွင်  တော်လှန်ရေးအဖွဲ့များက “၁၀၂၇ စစ်ဆင်ရေး” ကို အကောင်အထည် ဖော်ခဲ့သည်။   

ကိုးကန့်တပ်မတော် (MNDAA)၊ တအာင်းတပ်မတော် (TNLA)၊ ရက္ခိုင့်တပ်တော် (AA) နှင့် အခြားတော်လှန်ရေးအဖွဲ့များက သိန္နီ၊ ကွမ်းလုံ၊ ဟိုပန်နှင့် ကွတ်ခိုင်၊ နမ့်ခမ်း၊ မန်တုံ၊ မူဆယ်၊ ပန်ဆိုင်း (ကြူကုတ်)၊ မုံးကိုးမြို့နယ်များတွင်လည်း စခန်းသိမ်းတိုက်ပွဲများအပါအဝင် တိုက်ပွဲကြီးငယ်များကို ဖော်ဆောင်ခဲ့သည်။

မန္တလေးတိုင်းနှင့် နယ်မြေထိစပ်နေသော ရှမ်းပြည်နယ်မြောက်ပိုင်း မန္တလေး- လားရှိုးလမ်းတလျှောက် နောင်ချို မြို့နယ်မှစတင်၍ ကျောက်မဲ၊ သီပေါ ၊ လားရှိုးမြို့ဝန်းကျင်တို့တွင်လည်း  တိုက်ပွဲများ ဖြစ်ပွားနေသည်။ 

စစ်တပ် ပြန်လည်နေရာယူ

နိုဝင်ဘာ ၁၅ ရက်နေ့က နောင်ချို-ကျောက်မဲလမ်းပိုင်းပေါ်ရှိ ဂုတ်တွင်းတံတားအနီးမှ TNLA နှင့် MDY-PDF များ တပ်ဆုတ်သွားသဖြင့်  လက်ရှိတွင် စစ်ကောင်စီလက်နက်ကိုင်များ နေရာယူထားကြကြောင်း၊  နိုဝင်ဘာလ ၁၉ ရက်၊ ညနေ ၆ နာရီခန့် မှာ ထိုတံတားကျော်ဖြတ်ပြီး ကျောက်မဲမြို့ပေါ်ကို စစ်အင်အား ဖြည့်တင်းခဲ့ကြောင်း ဒေသခံများက ပြောကြသည်။ 

ပြင်ဦးလွင်မြို့မှ တက်လာသည့် အရပ်ဘက်သုံးကားများ နှင့်  သံချပ်ကာကားတစ်စီး ပါဝင်သည့် အစီးရေ ၅၀ ခန့် ရှိမည့်ယာဉ်တန်းသည် ကျောက်မဲမြို့ အမှတ် (၅၀၂) အမြောက်တပ်စခန်းအတွင်း ရပ်နားထားကြောင်း ဒေသခံများထံမှ နိုဝင်ဘာ ၂၀ ရက်နေ့တွင် သိရသည်။

လူအင်အား ၁၅၀ ခန့်  ရှိနိုင်သည့် ထိုကားတန်းတွင် လက်နက်ခဲယမ်းများ ပါဝင်နေသည်၊ လားရှိုးမြို့ အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို အင်အားဖြည့်တင်းမည့် အစီအစဉ် ဖြစ်နိုင်သည်ဟု ဒေသခံများက  ခန့်မှန်းကြသည်။ 

ဂုတ်တွင်းတံတားအနီး ပိတ်မိနေခဲ့သည့် ကုန်ကားမောင်းသူတချို့နှင့် ဒေသခံများက ဂုတ်တွင်းလမ်းပိုင်းကို အသုံးပြုခွင့်ရကြပြီဖြစ်ကြောင်း၊ စစ်တပ်၏ စစ်ဆေးမှုတင်းကြပ်နေကြောင်း ပြောကြသည်။ 

မိုင်ပေါင်း ၁၃၀၀ ကျော်ရှိသည့် မြန်မာနှင့် တရုတ်နယ်စပ်တွင် ကုန်သွယ်ရေးဂိတ် အများအပြား ရှိသော် လည်း ကျိုင်းတုံ – မိုင်းလား လမ်းကြောင်းတစ်ခုတည်းသာ သွားလာ ကုန်သွယ်နိုင်တော့သည်၊ တိုက်ပွဲများကြောင့် မူဆယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီ၊ လွယ်ဂျယ်ကုန်သွယ်ရေးလမ်းကြောင်းများ ရပ်တန့်သွားပြီဖြစ်သည်။

ထိုင်းနှင့် ဆက်သွယ်ထားသည့် ရန်ကုန်-မြဝတီလမ်းကြောင်းကိုလည်း ပြည်တွင်းကုန်သည်များ ပိုမို အားကိုးနေကြရသည်။

ထိုလမ်းတွင်လည်း ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ တပ်များက စစ်ကောင်စီတပ်ကို ထိုးစစ် ဆင်သဖြင့် ရံဖန်ရံခါ လမ်းပိတ်သွားတတ်သည်။ မြဝတီနှင့် ကပ်လျက် တည်ရှိသော ကော့ကရိတ်မြို့နယ် အတွင်းမှ  စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများ တစ်ပတ်အတွင်းထွက်ခွာရန် KNU က   နိုဝင်ဘာ ၁၇ ရက်နေ့တွင် သတိပေးထားရာ တိုက်ပွဲကြီးများ ထပ်မံဖြစ်ပွားလာလျှင် ရန်ကုန်-မြဝတီလမ်းကြောင်း ရပ်ဆိုင်းသွားနိုင်သည်။

ရခိုင် ရေလမ်း၊ ကုန်းလမ်း ဖြတ်တောက်

မြောက်ပိုင်းအဖွဲ့ဝင် ရက္ခိုင့်တပ်တော် (AA) ကလည်း ရခိုင်ပြည်နယ်တွင် နိုဝင်ဘာ ၁၃ မှစတင်၍ “၁၀၂၇” စစ်ဆင်ရေး အကောင်အထည်ဖော်ခဲ့ရာ  တိုက်ပွဲများမှာ ရှမ်းပြည်နယ်မြောက်ပိုင်းကဲ့သို့ မပြင်းထန်သော်လည်း စစ်တပ်က ကျေးရွာ၊ ရပ်ကွက်များအတွင်း စစ်ဆေးခြင်း၊ ဖမ်းဆီးခြင်းတို့ကြောင့် ဒေသခံများ အခက်အခဲဖြစ်နေကြရသည်။ 

တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်မှစ၍ စစ်ကောင်စီက ရခိုင်တစ်ပြည်နယ်လုံးရှိ ကုန်းလမ်း၊ ရေလမ်း ခရီးစဉ်များကို ပိတ်ဆို့ထားခဲ့ခြင်းဖြစ်သည်။

စစ်တွေမြို့တွင် လေကြောင်းလိုင်းတစ်ခုသာ အားကိုးနေရသည်ဟု ဒေသခံများက ပြောသည်။

“ရန်ကုန်-စစ်တွေက ဘယ်ကားမှမထွက်ဘူး၊ လေယာဉ်နဲ့ပဲ သွားရတယ်၊ လေယာဉ်ခတွေလည်း ဈေး အတော်ကြီးနေတယ်” ဟု ရခိုင်ဒေသခံတစ်ဦးက ပြောသည်။  

ရန်ကုန်- စစ်တွေ လေယာဉ်လက်မှတ်ခတစ်ကြောင်းလျှင် ၁၂၆၀၀၀ ကျပ်၊ ရန်ကုန်-ကလေး လေယာဉ် လက်မှတ်ခ ၂၃၀၀၀၀ ကျပ် အထိရှိပြီး မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ပြေးဆွဲနေခြင်း ဖြစ်သည်ဟု လေယာဉ် လက်မှတ်အရောင်းဌာနနှစ်ခုထံမှ စုံစမ်းသိရသည်။

ရန်ကုန်-ကလေးလမ်းပိုင်းတွင်လည်း လေကြောင်းလိုင်းကိုသာ အားကိုးနိုင်မည် ဖြစ်သည်။ ထိုလမ်းပိုင်း ပေါ်ရှိ ဟားခါးမြို့မှ ပြေးဆွဲသည့် ကားလေးယာဉ်လိုင်းအချို့ရှိသည်။

ကယားပြည်နယ်တွင် တော်လှန်ရေးအဖွဲ့များ နယ်မြေစိုးမိုးမှု အားကောင်းသဖြင့် ရန်ကုန်- လွိုင်ကော် လမ်းကြောင်းတွင် ကားပုံမှန် မထွက်နိုင်ဘဲ  တိုက်ပွဲအခြေအနေ လမ်းကြောင်း ကြည့်ပြီး ကားထွက်ကြောင်း ကားလက်မှတ်အရောင်းဌာနများက ဆိုကြသည်။ 

ယခင်ကတည်းက တိုက်ပွဲများ ပြင်းထန်နေသည့် စစ်ကိုင်းတိုင်း- ရွှေဘို- မုံရွာလမ်းပိုင်းတွင်လည်း အဝေးပြေးယာဉ်လိုင်းတချို့သာ ပြေးဆွဲပြီး  မုံရွာမြို့အထိသာဖြစ်၍ လက်မှတ်ခနှုန်းမှာ ကျပ် နှစ်သောင်းခွဲ ဖြစ်သည်။

“ တိုက်ပွဲဖြစ်တဲ့ နေရာတွေဘက်ဆိုရင် လမ်းအခြေနေပေါ်မူတည်ပြီး ကားတွေက ထွက်ရတာပဲ“ ဟု နေပြည်တော်မှ အဝေးပြေးယာဉ်လိုင်းပိုင်ရှင်တစ်ဦးက ပြောသည်။  

Show More

Related Articles

Back to top button