ရှမ်းပြည်မြောက်ပိုင်းတွင် ညီနောင်မဟာမိတ်သုံးဖွဲ့က စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်နေရာ မြန်မာ – တရုတ် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ ပိတ်သွားခြင်းကြောင့် ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ ၄ (မိုင်းလားနယ်စပ်) ကုန်သွယ်လမ်းကြောင်းကို အဓိကထားအသုံးပြုလာကြသည်ဟု သိရသည်။
မိုင်ပေါင်း ၁၃၀၀ ကျော် နယ်နိမိတ်ထိစပ်နေသည့် မြန်မာနှင့် တရုတ်နယ်စပ်တွင် မူဆယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီ၊ လွယ်ဂျယ်၊ ကျိုင်းတုံ တရားဝင်နယ်စပ်လမ်းကြောင်း ၅ ခုရှိသော်လည်း တိုက်ပွဲများကြောင့် ကျိုင်းတုံ – မိုင်းလား လမ်းကြောင်းတစ်ခုတည်းသာ သွား၍ရတော့ကြောင်း အမည်မဖော်လိုသူ ကုန်သည်အမျိုးသမီးတစ်ဦးက ပြောသည်။
တရုတ်ဈေးကွက်ကို အဓိကတင်ပို့သော ဖရဲသီးများကို ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမှ မိုင်းလားလက်နက်ကိုင်အဖွဲ့ ခေါ် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) ထိန်းချုပ်သည့် မိုင်းလား၊ တာလော့နယ်စပ်ဂိတ်မှ တရုတ်ကို တင်ပို့ရန် ပြင်ဆင်လာသည်ဟု ထိုအမျိုးသမီးက ဆိုသည်။
“လမ်းမဖြောင့်ဘူး။ အကွေ့အကောက်များတယ်။ တောင်ဆင်းတောင်တက် များတယ်။ ကားဆရာအတွက် အန္တရာယ်တော့ရှိတယ်။ (မန္တလေးကနေ မိုင်းလားအထိ) ဝင်ရတာက အနည်းဆုံး ၁၀ ရက်လောက် ကြာတယ်။ ကျန်တဲ့ထွက်ပေါက်လည်း မရှိဘူးဆိုတော့ သွားရတာပေါ့” ဟု မူဆယ်တွင် သစ်သီးပွဲရုံ ဖွင့်ထားသလို မိုင်းလားဘက်ကို သစ်သီးဝလံတင်ပို့နေသည့် ၎င်းက ဆိုသည်။
ကုန်သည်များက စစ်ကောင်စီကို ကျိုင်းတုံနယ်စပ်ကုန်သွယ်ရေးတွင် ပို့ကုန်အခွန်များပေးဆောင်ရသလို မိုင်းလားတွင်လည်း အခွန်ထပ်ဆောင်ရသည့် အခြေအနေတွင် တရုတ်နိုင်ငံဘက်သို့ သွားမည့် ဖရဲသီးတင် ၁၂ ဘီးကားတစ်စီးလျှင် အခွန်စုစုပေါင်း တရုတ်ယွမ် ၁၂,၀၀၀ (ကျပ်သိန်း ၆၀ ကျော်) ကုန်ကျကြောင်း ၎င်းက ပြောသည်။
ဖရဲသီးပေါ်ချိန်ဖြစ်၍ ဖရဲသီးကားများ အဓိကသွားနေသည်၊ သီးနှံအရည်အသွေးအပေါ် မူတည်၍ တစ်ကီလိုလျှင် ၆ ယွမ်အထိ အမြင့်ဆုံးဈေးရနေသည်ဟု သူက ဆက်ပြောသည်။
ရှမ်းပြည်မြောက်ပိုင်းတိုက်ပွဲများကြောင့် မူဆယ်နှင့် ချင်းရွှေဟော်နယ်စပ်အပါအဝင် တရုတ်နယ်စပ်လမ်းကြောင်းများ ပိတ်ဆို့သွားချိန် အခြားလမ်းကြောင်းများကို ပြောင်းလဲတင်ပို့ခွင့်ပြုကြောင်း စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၈ တွင် ထုတ်ပြန်သည်။
NDAA မိုင်းလားအခွန်ဌာနကလည်း ၎င်းတို့ဒေသဘက်မှ တရုတ်နိုင်ငံသို့ ကုန်ပစ္စည်းများတင်ပို့ပါက နိုဝင်ဘာ ၁၃ မှ စတင်ကာ ကုန်စည်စည်းကြပ်ခွန် ထက်ဝက်လျှော့ပေးမည်ဟု ထုတ်ပြန်ကြေညာထားသည်။ ယခင်က ဖရဲတစ်တန် ယွမ် ၁၅၀ ဆောင်ရပြီး ယခု ၇၅ ယွမ် ပေးဆောင်ရကြောင်း ကုန်သည်များက ပြောသည်။
တိုက်ပွဲများကြောင့် အခြားနယ်စပ်လမ်းကြောင်းများ ရပ်ဆိုင်းသွားချိန် မိုင်းလား-တရုတ် လမ်းကြောင်းပေါ်တွင် ကုန်တင်ပို့သူ ပိုများလာသည်ဟုလည်း မန္တလေးမှ ကုန်သည်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
“မြောက်ပိုင်းသွားနေတဲ့ မန္တလေးဒီဘက်က ကုန်သည်တော်တော်များများက အဲဒီဘက်လမ်းကြောင်းပဲ သွားကြတော့တာ။ မိုင်းလားဘက်ကအဖွဲ့တွေက တောင်ကြီးအထိကို တက်ပြီး တာဝန်ယူတဲ့အပိုင်းတွေ ရှိတယ်။ ကုန်သည်တွေက တရုတ်ပြည်ထဲအရောက် ဘယ်လောက်ဆိုပြီး အပြတ်အပ်တယ်” ဟု ၎င်းက ဆိုသည်။
အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်မှကုန်သွယ်မှုမှာ အရေးပါသော်လည်း မြောက်ပိုင်းမဟာမိတ်များ၏ ၁၀၂၇ စစ်ဆင်ရေးမှအစပြု၍ အာဏာသိမ်းစစ်တပ်ကို တော်လှန်ရေးအဖွဲ့များက ထိုးစစ် အရှိန်မြင့်လာချိန်တွင် ထိုင်းနယ်စပ်မှလွှဲ၍ အခြားနယ်စပ်လမ်းကြောင်းများ ပိတ်သွားကြောင်း ထိုကုန်သည်က ဆက်ပြောသည်။
မြန်မာနိုင်ငံသည် ပင်လယ်ရေကြောင်းအပြင် နယ်နိမိတ်ချင်း ဆက်စပ်နေသည့် တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်တို့နှင့် နယ်စပ်ကုန်သွယ်ရေးစခန်း ၁၇ ခုမှ ကုန်သွယ်လျက်ရှိပြီး ထိုလမ်းကြောင်းများမှ ကုန်သွယ်မှုတန်ဖိုးသည် တစ်နိုင်ငံလုံးကုန်သွယ်မှုစုစုပေါင်း၏ ၂၅ ရာခိုင်နှုန်းကျော်ရှိသည်။
တရုတ်နယ်စပ် ဂိတ် ၅ ခုသည် ယူနန်ပြည်နယ်နှင့် ဆက်သွယ်ထားခြင်း ဖြစ်သည်။
ကျိုင်းတုံမြို့ အရှေ့မြောက်ဘက် မိုင် ၆၀ အကွာတွင်ရှိသည့် မိုင်းလားမြို့သည် လက်နက်ကိုင်အင်အား ၅၀၀၀ ကျော် ရှိမည်ဟု အကဲခတ်တို့ ခန့်မှန်းထားသည့် NDAA တပ်ဖွဲ့၏ ဌာနချုပ်အခြေစိုက်ရာ မြို့ဖြစ်သည်။
NDAA အဖွဲ့သည် ရှမ်း၊ အခါ တိုင်းရင်းသားများကို စုပေါင်းပြီး ကော် ၈၁၅ စစ်ဒေသခေါင်းဆောင်အဖြစ် ဦးစိုင်းလင်းက ဦးဆောင်ကာ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ၏ လက်အောက်ခံအဖြစ် ရပ်တည်ခဲ့သော်လည်း ၁၉၈၉ ခုနှစ်တွင် ဗကပမှ ခွဲထွက်ပြီး စစ်အစိုးရနှင့် ငြိမ်းချမ်းရေးယူခဲ့သည်။
စစ်အစိုးရက ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ လက်နက်ကိုင်အဖွဲ့များကို နယ်ခြားစောင့်တပ်များအဖြစ် အသွင်ပြောင်းရန် ဖိအားပေးခြင်းကို လက်မခံခဲ့သည့် အဖွဲ့များထဲတွင် NDAA လည်း ပါဝင်သည်။
ကျိုင်းတုံ – မိုင်းလား လမ်းကြောင်းကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရခေတ်တွင် စစ်တပ်က ပိတ်ဆို့ထားခဲ့ရာမှ အာဏာသိမ်းသည့် ၂၀၂၁ နှစ်ကုန်ပိုင်းတွင် ပြန်ဖွင့်ပေးခဲ့သည်။
၂၀၁၆ ခုနှစ် တွင် UWSA က မိုင်းလားဒေသတွင် ခေတ္တ သွားရောက် တပ်စွဲမှုကြောင့် စစ်တပ်က ထိုလမ်းကို ၅ နှစ်ကြာ ပိတ်ဆို့ခဲ့ခြင်း ဖြစ်သည်။
အိမ်သုံးဆေးဝါး၊ စိုက်ပျိုးရေးပစ္စည်း အပါအဝင် တရုတ်နိုင်ငံထွက်ကုန်များကို မြန်မာနိုင်ငံအနှံ့တွင် တွင်တွင်ကျယ်ကျယ် သုံးစွဲလျက်ရှိသည်။