သတင်း

သီပေါမြို့အနီးတွင် တံတားပြင်ရန် လာသည့် စစ်တပ်နှင့် TNLA တို့ တိုက်ပွဲဖြစ်

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့အနီးတွင် ယနေ့ (နိုဝင်ဘာ ၂၂) နံနက်က တံတားပြင်ရန် ရောက်လာသည့် စစ်တပ်ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ဝင်ရောက် တိုက်ခိုက်ရာ တိုက်ပွဲဖြစ်သည်ဟု သိရသည်။

ယခုလ ၁၂ ရက်က ဖောက်ခွဲဖျက်ဆီးခံထားရသည့် သီပေါမြို့အနီးရှိ ကျင်သီတံတားကို ပြင်ရန် စစ်ကောင်စီဘက်မှ စစ်သားများနှင့် စစ်အင်ဂျင်နီယာတပ်များ ယမန်နေ့ ညကတည်းက ရောက်နေခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

အင်အားရာဂဏန်းရှိ စစ်တပ်ကို နံနက် ၆ နာရီခန့်တွင် TNLA က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ၃ နာရီခန့် တိုက်ပွဲဖြစ်သည်ဟု သိရသည်။

“ကျင်သီတံတားမှာ မနက်ကတည်းက ကြမ်းနေတာ။ စစ်ကောင်စီက အဲ့ဒီတံတားကို လာပြင်တာ တွေ့လို့ TNLA က ဆင်းလာတာ။ ပြင်ဖို့လုပ်နေတုန်း တိုက်ခိုက်ခံရတာပဲ” ဟု သီပေါမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

ထိုတံတားမှာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ရှိရာ ရှမ်းပြည်နယ်မြောက်ပိုင်းမြို့တော် လားရှိုးနှင့် ကိုးကန့်ဒေသတို့ စစ်ကောင်စီဘက်မှ စစ်ကူပို့နိုင်သည့် လမ်းကြောင်းပေါ်တွင် ရှိနေသည်။ တံတားအနီးရှိ စစ်တပ်စခန်းကို နိုဝင်ဘာ ၁၂ တွင် TNLA က ဝင်ရောက်တိုက်ခိုက်ပြီးနောက် ဆက်သွယ်ရေးလမ်းကြောင်း ဖြတ်တောက်ထားခြင်းဖြစ်သည်။

ကျောက်မဲနှင့် သီပေါမြို့ကို ဆက်သွယ်ထားသော ကျင်သီတံတား ဖြတ်ကူးနေကြသည်ကို ယခုရက်ပိုင်းက တွေ့ရစဉ်။

ရှမ်းပြည်နယ်မြောက်ပိုင်းသို့ စစ်ကူရောက်မလာနိုင်စေရန် “၁၀၂၇” စစ်ဆင်ရေးစကတည်းက နောင်ချို-ကျောက်မဲလမ်းပိုင်းကို ထိန်းချုပ်ထားသည့် TNLA နှင့် MDY-PDF ပူးပေါင်းတပ်များ ယခုလ ၁၅ ရက်တွင် တပ်ဆုတ်ခဲ့ပြီးနောက် အစီးရေ ၅၀ ခန့်ပါ စစ်တပ်ယာဉ်တန်းတစ်ခု ကျောက်မဲမြို့ပေါ် ရောက်နေပြီဟု သိရသည်။

ထိုယာဉ်တန်းအနေဖြင့် တံတားကို ပြန်လည်တည်ဆောက်ပြီးမှသာ သီပေါမြို့ဘက်ကို ဆက်လက် ထွက်ခွာနိုင်မည်ဖြစ်သည်။

ယနေ့ မွန်းတည့် ၁၂ နာရီအထိ တိုက်ပွဲဖြစ်ရာ ကျင်သီတံတားအနီးနှင့် သီပေါမြို့ဝန်းကျင်ကို ကျောက်မဲမြို့ အခြေစိုက် အမှတ် (၅၀၂) အမြောက်တပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေရာ သီပေါမြို့နယ် စံဖိတ်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့သဖြင့် လူတစ်ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရသည်ဟုလည်း ဒေသခံတို့ထံမှ သိရသည်။

သီပေါမြို့အနီးတွင် စစ်တပ်နှင့် တိုက်ပွဲဖြစ်နေကြောင်း TNLA က ယနေ့နံနက်တွင် သတင်းထုတ်ပြန်သော်လည်း အသေးစိတ်ဖော်ပြခြင်း မရှိပေ။

အလားတူ ယနေ့ နံနက်ပိုင်း၌ပင် နမ့်ခမ်းမြို့အနီးရှိ စခန်းသစ်ကုန်းတပ်စခန်းကို TNLA တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်နေပြီး မွန်းလွဲပိုင်းအထိ တိုက်ပွဲဖြစ်နေသည်ဟု သိရသည်။ နမ့်ခမ်းမြို့နယ်ကို TNLA က အပြီးသတ်ထိန်းချုပ်နိုင်ရေးအတွက် လက်ကျန်စခန်းစခန်းကို တိုက်ခိုက်နေခြင်းဖြစ်သည်။

ယမန်နေ့ (နိုဝင်လာ ၂၁ )တွင်လည်း လားရှိုးမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ မိုင်းကျက်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ်က လေကြောင်းမှ ၈ ကြိမ် လာရောက်ပစ်ခတ်သည့်အပြင် ဗုံးသီးပေါင်း ၄၀ ကျော် ကြဲချခဲ့ကြောင်းလည်း TNLA က ထုတ်ပြန်ထားသည်။

ယနေ့ မွန်းလွဲ ၂ နာရီတွင် တွေ့ရသော သီပေါမြို့တွင်းအခြေအနေနှင့် မြို့အဝင်တွင် မပေါက်ကွဲသေးသော လက်နက်ကြီးတစ်ခု။ (ဓာတ်ပုံ- Hsipaw Updates News)

Show More

Related Articles

Back to top button