သတင်း

သီပေါမြို့အနီးရှိ တံတားကင်းစခန်းကို တိုက်ခိုက်ခဲ့ကြောင်း TNLA ထုတ်ပြန်

ဘော်ကြိုဘုရားနှင့် မလှမ်းမကမ်းတွင် ရှိပြီး စစ်သားနှင့် ရဲ အင်အား ၅၀ ခန့် တပ်စွဲထားသော တံတားအနီးရှိ စခန်းကို တိုက်ခိုက်စီးနင်းကာ မီးရှို့လိုက်ကြောင်း TNLA က ထုတ်ပြန်ထားပြီး တံတားပျက်စီးမှုရှိသော်လည်း လမ်းအသွားအလာဖွင့်ပေးထားကြောင်း ဆိုသည်။

ယနေ့ (နိုဝင်ဘာ ၁၂) နံနက်မိုးမသောက်မီ ရှမ်းပြည်နယ်‌မြောက်ပိုင်း ကျောက်မဲမြို့နှင့် သီပေါမြို့အကြား ကျင်သီတံတား ကင်းစခန်းကို တိုက်ခိုက်ပြီး တံတားအနီး နေရာယူထိန်းချုပ်ထားကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က သတင်းထုတ်ပြန်သည်။

ဘော်ကြိုဘုရားနှင့် ၅ မိုင်ခန့်အကွာ မန္တလေး-လားရှိုးလမ်းပေါ်ရှိ ကျင်သီတံတားအနီး စစ်တပ်နှင့် ရဲတပ်ဖွဲ့ ပူးပေါင်းတပ် အင်အား ၅၀ ခန့် တပ်စွဲထားသည့် ကင်းစခန်းကို ယနေ့ နံနက် ၂ နာရီခန့်က စီးနင်း တိုက်ခိုက်ခဲ့ကြောင်း TNLA ပြောရေးဆိုခွင့်ရုံးက Myanmar Now ကို အတည်ပြုသည်။

၃ နာရီကျော်ကြာ တိုက်ပွဲဖြစ်ပြီး နံနက် ၅ နာရီခွဲအချိန်တွင် ထိုစခန်းကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

“စခန်းကို တိုက်ခိုက်သိမ်းပိုက်ပြီး ကျင်သီတံတားကို ထိန်းချုပ်ထားပါတယ်။ စစ်ကောင်စီဘက်က အသေအဆုံးစာရင်းကိုတော့ အတည်မပြုနိုင်သေးပါဘူး” ဟု TNLA ပြောရေးဆိုခွင့်ရုံးမှ ရဲမေတစ်ဦးက ပြောသည်။

လက်ရှိတွင် ကျင်သီတံတားကို ထိန်းချုပ်ထားပြီး လမ်းအသွားအလာများကို ခွင့်ပြုပေးထားကြောင်း TNLA ဘက်က ဆိုသည်။

တိုက်ခိုက်ခံရသော ထိုတပ်စခန်းသည် ကျောက်မဲဘက်မှ လာပါက ဘော်ကြိုဘုရားမရောက်မီ မြစ်ငယ်မြစ်ကို ဖြတ်ကူးတည်ဆောက်ထားသည့် ကျင်သီတံတားအနီး တည်ရှိသောစခန်းဖြစ်ပြီး ထိုစခန်းနှင့် တံတားကို ဖြတ်ပြီးမှ သီပေါမြို့ဘက်သို့ ဆက်သွားနိုင်မည်ဖြစ်သည်။ 

TNLA က ထုတ်ပြန်ထားသည့် ဓာတ်ပုံများအရ ကျင်သီတံတားတပ်စခန်းကို မီးရှို့ဖျက်ဆီးခဲ့ပြီး တံတားပေါ် ထိခိုက်ပျက်စီးနေသည်ကို တွေ့ရသည်။

တံတားအနီးရှိ စစ်တပ်၊ ရဲ စခန်းကို တိုက်ပွဲအပြီး မီးရှို့ခဲ့စဉ်။ (ဓာတ်ပုံ – TNLA သတင်းပြန်ကြားရေး)

တိုက်ပွဲပြင်းထန်နေစဉ် ကျောက်မဲမြို့အခြေစိုက် အမှတ် ၅၀၁ ခြေမြန်တပ်ရင်းက‌ လက်နက်ကြီးများ ပစ်ခတ်ခဲ့သောကြောင့် ကျင်သီကျေးရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲကာ ဒေသခံနေအိမ်များ ထိခိုက်ပျက်စီးသလို ‌ရွာခံများလည်း ထိခိုက်ဒဏ်ရာရကြသည်ဟု သိရသည်။

“ရွာထဲမှာ လက်နက်ကြီးတစ်လုံးကျပြီး မပေါက်ကွဲသေးတာရှိတယ်။ လူထိခိုက်တာရှိတယ်လို့ ပြောနေကြတယ်၊ အတိအကျတော့ မသိရသေးဘူး။ အိမ်တွေလည်း ပျက်စီးထားတယ်” ဟု ကျင်သီကျေးရွာနှင့် နီးစပ်သူ ဒေသခံတစ်ဦးက ပြောသည်။

သီပေါ-လားရှိုးအထွက် သီပေါတံတားတွင်မူ စစ်ကောင်စီက အသွားအလာ ပိတ်ဆို့ထားပြီး တံတားအနီးရှိ စခန်းများထဲတွင် စစ်တပ်နှင့် ရဲများက အသင့်နေရာယူထားကြကြောင်း မြို့ခံများက ဆိုသည်။

တိုက်ပွဲဖြစ်ရာနေရာနှင့် ၈ မိုင်ခန့်သာ ကွာဝေးသော သီပေါမြို့ပေါ်တွင် တိုက်ပွဲများ ကူးစက်လာမည်ကို စိုးရိမ်သောကြောင့် ယနေ့ မွန်းလွဲအထိ မြို့တွင်းရှိ မြို့မစျေးနှင့် ဆိုင်ခန်းများ ပိတ်ထားကြပြီး မြို့ပေါ်တွင် လူအသွားအလာ မရှိသလောက် နည်းပါးနေသည်ဟု သိရသည်။

အလားတူ ယနေ့ နေ့လယ်ပိုင်းတွင် TNLA နှင့် မန္တလေး PDF တို့ ထိန်းချုပ်ထားသည့် နောင်ချို-ကျောက်မဲမြို့အကြား ဂုတ်တွင်းတံတားအနီးကို စစ်လေယာဉ် ၂ စီးက ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

“၁၀၂၇ စစ်ဆင်ရေး “ ၁၅ ရက်မြောက်နေ့အထိ ညီ‌နောင်မဟာမိတ် ၃ ဖွဲ့က ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ ပန်ဆိုင်း (ကြူကုတ်)၊ သိန္နီမြို့နှင့် နမ့်ခမ်းမြို့နှင့် စခန်းပေါင်း ၁၅၀ ကိုလည်း သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

TNLA က ထုတ်ပြန်သော တိုက်ပွဲဖြစ်ပွားရာပြ မြေပုံ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button