လေ့လာသုံးသပ်ချက်

စီးပွားရေးကိန်းဂဏန်းများက ပြနေသော မင်းအောင်လှိုင်၏ ပြည်ဖျက်ဆိုးကျိုးများ

နိုင်ငံ့စီးပွားရေးကို စီမံခန့်ခွဲနေသူတို့မှာ မိုက်မဲစွာ အာဏာသိမ်းခဲ့သော ဗိုလ်ချုပ်ကြီးများဖြစ်ကြောင်း သိထားသည့် နိုင်ငံတကာက လာရောက် ရင်းနှီးမြှုပ်နှံကြဦးမည် မဟုတ်ပေ။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့စီးပွားရေး၏ ပကတိအခြေအနေမှန်ကို ကမ္ဘာ့ဘဏ်နှင့် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) တို့ကဲ့သို့ နိုင်ငံတကာအဖွဲ့အစည်းများပင် ခြုံငုံသိရှိနိုင်ရန် ခက်ခဲလာပါသည်။

ထိုအခြေအနေသည် ယခင်ရွေးကောက်ခံအစိုးရများဖြစ်သော သမ္မတဦးသိန်းစိန်အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက် စီးပွားရေးပြုပြင်ပြောင်းလဲမှုများတွင် အဓိကကျသော စီးပွားရေးဆိုင်ရာ သတင်းအချက်အလက်များ ပွင့်လင်းမြင်သာမှု တိုးတက်ကောင်းမွန်ရေး ကြိုးပမ်းအားထုတ်ခဲ့မှုများနှင့် လုံးဝဆန့်ကျင်လျက်ရှိခြင်းကြောင့် ဖြစ်သည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ၎င်းတို့၏ စီမံခန့်ခွဲမှုအောက်တွင် တိုင်းပြည်၏ စီးပွားရေး တိုးတက်လာနေသည်ဟု မကြာခဏ ပြောနေသော်လည်း၊ တစ်ဖက်တွင် စစ်ကောင်စီအတွက် စီးပွားရေးဆိုင်ရာ ကိန်းဂဏန်းအစစ်အမှန်များသည် လူသိမခံနိုင်သော သတင်းအချက်အလက်များ ဖြစ်လာနေသည်။ အကြောင်းမှာ စစ်ကောင်စီသည် စီးပွားရေးအရ ပို၍အထီးကျန်ဆန်လာနေသောကြောင့် ဖြစ်သည်။

တစ်ကျော့ပြန် စစ်အာဏာသိမ်းခြင်းနှင့် သမိုင်းတစ်ပတ်ပြန်လည်ခြင်း

ယနေ့ မင်းအောင်လှိုင် ရင်ဆိုင်နေရသည့်အခြေအနေသည် ၎င်း၏ဆရာ စစ်အာဏာရှင်ဟောင်း သန်းရွှေကဲ့သို့ နိုင်ငံတကာ၏ အဘက်ဘက်မှ စီးပွားရေး အရေးယူပိတ်ဆို့မှုများ ကြုံတွေ့နေရပြီး၊ သန်းရွှေကျင့်သုံးခဲ့သော ပြည်တွင်းအားကိုသာ မှီခိုအားထားရေး စီးပွားရေးမူဝါဒများ ချမှတ်ကျင့်သုံးလာသည်ကို တွေ့နေရသည်။

ထို့ပြင် နိုင်ငံတကာက ပိတ်ဆို့အရေးယူနေခြင်းကြောင့် စစ်ကောင်စီက စီးပွားရေးဆိုင်ရာ ပကတိအခြေအနေမှန်များကို တတ်နိုင်သမျှ ဖုံးကွယ်ရန် သို့မဟုတ် မမှန်ကန်သော ကိန်းဂဏန်းများဖြင့် လှည့်စားရန် ကြိုးပမ်းလျက်ရှိသည်။ ယင်းသည် ယခင်စစ်အစိုးရလက်ထက် မဝေးသေးသော အတိတ်သမိုင်း တစ်ပတ်ပြန်လည်ခြင်း ဖြစ်သည်။

သန်းရွှေစစ်အစိုးရလက်ထက် အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှုများ မထိရောက်ကြောင်း ဝါဒဖြန့်ရန် မြန်မာစီးပွားရေး ဂျီဒီပီ (ပြည်တွင်းအသားတင် ထုတ်လုပ်မှုတန်ဖိုး) ဂဏန်းနှစ်လုံး (Two Digit) တိုးတက်လျက်ရှိကြောင်း တွက်ချက်ထုတ်ပြန်ရန် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ဝါရင့်စာရင်းအင်းပညာရှင် ပါမောက္ခများကို အမိန့်ပေး စေခိုင်းဖူးသည်ဟု ထိုသို့လုပ်ပေးခဲ့ရသော စီးပွားရေးပညာရှင်တချို့က ၂၀၁၉ ခုနှစ်တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့သော စီးပွားရေးပညာရှင်များ၏ အလုပ်ရုံဆွေးနွေးပွဲတစ်ခုတွင် ပြောကြားခဲ့ဖူးပါသည်။

IMF သည် Article IV အရ အဖွဲ့ဝင်နိုင်ငံတစ်ခု၏ စီးပွားရေးအခြေအနေကို နှစ်စဉ် ဆန်းစစ်လေ့လာထုတ်ပြန်လေ့ရှိသော်လည်း၊ ယခင်စစ်အစိုးရကာလ ၂၂ နှစ်လုံးလုံး သန်းရွှေစစ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်မှု မပြုလုပ်ခဲ့သဖြင့် အဆိုပါ အစီရင်ခံစာ မထုတ်ပြန်နိုင်သောကြောင့် နိုင်ငံတကာက လက်ခံထားသော မြန်မာ့စီးပွားရေးပကတိအခြေအနေမှန်ဆိုသည်မှာ မရှိခဲ့ပါ။

 ဧရာဝတီတိုင်း၊ အိမ်မဲမြို့၊ အိမ်မဲကြီးရပ်ကွက်တွင် စားအုန်းဆီရရှိရန် တန်းစီဝယ်ယူနေကြသူများကို စက်တင်ဘာ ၅ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ – Ye Kyi

၂၀၁၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲနှင့်အတူ သမ္မတဦးသိန်းစိန်အစိုးရက စီးပွားရေးပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရန်အတွက် IMF ၏ အကူအညီရယူခဲ့သည်။ Article IV အရ အစီရင်ခံစာ ပြန်လည်ထုတ်ပြန်နိုင်ရေး စီးပွားရေးပကတိအခြေအနေမှန်ကို သိရှိနိုင်ရန် ကြိုးပမ်းရာတွင် ကြုံတွေ့ခဲ့ရသော အကြီးမားဆုံးအခက်အခဲမှာ သန်းရွှေစစ်အစိုးရတစ်လျှောက်လုံး လိမ်ညာခဲ့သော မမှန်ကန်သည့် စီးပွားရေးဆိုင်ရာ ကိန်းဂဏန်းအမှားများဖြစ်ပြီး၊ ဂျီဒီပီတိုးတက်မှုကို ၂ ဆခန့် လိမ်ညာဖော်ပြထားခဲ့ကြောင်း IMF က ဖော်ထုတ်တွေ့ရှိခဲ့သည်။

ယခုတစ်ဖန် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးကတည်းက IMF သည် ကုလသမဂ္ဂ၊ အာဆီယံနှင့် အခြားနိုင်ငံတကာအဖွဲ့အစည်းများနည်းတူ စစ်ကောင်စီကို မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် အသိအမှတ်မပြုသောကြောင့် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်မှုများအားလုံး ရပ်ဆိုင်းခဲ့ရာတွင် Article IV အစီရင်ခံစာပါ ထုတ်ပြန်နိုင်ခြင်း မရှိတော့ပါ။ 

သို့သော် ယခင်စစ်အစိုးရခေတ်နှင့် ကွာခြားပြီး မြန်မာပြည်တွင်း၌ ရုံးဖွင့်လှစ်ထားသော ကမ္ဘာ့ဘဏ်သည် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်မှုအများစုကို ကန့်သတ်လိုက်သော်လည်း၊ မြန်မာ့စီးပွားရေးအခြေအနေကို ဆက်လက်စောင့်ကြည့်နေပြီး၊ စစ်ကောင်စီထုတ်ပြန်သော ကိန်းဂဏန်းများအပြင် အခြားသော သတင်းအချက်အလက် ရင်းမြစ်များအပေါ် အခြေခံ၍ Myanmar Economic Monitor အစီရင်ခံစာကို ၆ လ တစ်ကြိမ် ထုတ်ပြန်လျက်ရှိနေသေးသည်။

မည်သို့ပင်ဆိုစေ စစ်အာဏာသိမ်းမှု သုံးနှစ်နီးပါး ကြာမြင့်လာချိန်တွင် မြန်မာ့စီးပွားရေးအဘက်ဘက်က ကျဆင်း ယိုင်နဲ့လာသည်ကို အထင်အရှား မြင်တွေ့နေရပြီး၊ စစ်ကောင်စီထုတ်ပြန်သော စီးပွားရေးဆိုင်ရာ ကိန်းဂဏန်းများအပေါ် ယုံကြည်ထိုက်မှု လျော့ပါးလာခြင်းနှင့် သံသယများတိုးပွားလာခြင်းတို့လည်း သဘာဝကျကျ ဖြစ်ပေါ်လာသည်။

သို့သော် ပြည်သူလူထု တစ်နေ့တခြား ဆင်းရဲကျပ်တည်းလာနေခြင်းက ဖုံးကွယ်၍မရသော ပကတိအခြေအနေမှန် ဖြစ်ပါသည်။

ဖုံးကွယ်၍မရသော နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အနုတ်လက္ခဏာအခြေအနေ

သန်းရွှေနှင့် မင်းအောင်လှိုင်အကြား ဆယ်စုနှစ်တစ်ခုစာ ပြောင်းလဲခဲ့သော မြန်မာ့စီးပွားရေးအခြေအနေကြောင့် အခြေအနေအရပ်ရပ်သည် အခြေခံကျကျ ခြားနားပြောင်းလဲသွားပြီး၊ အဓိကကျသော အပြောင်းအလဲမှာ နည်းပညာဆိုင်ရာ အခြေခံအဆောက်အအုံများကြောင့် သတင်းအချက်အလက်များ သိုဝှက်ထားနိုင်စွမ်း နည်းပါးလာခြင်း ဖြစ်သည်။

လွန်ခဲ့သော ဆယ်စုနှစ်အတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ (Foreign Direct Investments – FDIs) ကို ထိရောက်စွာဆွဲဆောင်ရန် စီးပွားရေးမူဝါဒ ပြောင်းလဲခြင်း၊ ဥပဒေဆိုင်ရာ အကာအကွယ်ပေးမှုများနှင့် စီးပွားရေးမက်လုံးများပေးခြင်းအပြင်၊ ပြည်တွင်းစီးပွားရေးပကတိအခြေအနေကို ပွင့်လင်းမြင်သာသော ကိန်းဂဏန်းအချက်အလက်များ ထုတ်ပြန်ခြင်းဖြင့် အဓိက ဆွဲခဲ့ရသည်။ စစ်ကောင်စီသည် ထိုအခြေအနေကို လုံးလုံးလျားလျား ပြောင်းပြန်လှန်ရန် မဖြစ်နိုင်သဖြင့် အာဏာသိမ်းပြီးနောက်ပိုင်း FDIs ဝင်ရောက်မှုအခြေအနေ သိသိသာသာ ကျဆင်းသွားခြင်းကို ဖုံးကွယ်၍မရနိုင်ခဲ့ပါ။  

အောက်ဖော်ပြပါ ဇယားမှ ကိန်းဂဏန်းများသည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) က ထုတ်ပြန်ထားသော အချက်အလက်များဖြစ်ပြီး၊ စစ်အာဏာသိမ်းပြီး ၂ လ အကြာ ၂၀၂၁ ခုနှစ် မေလကုန်မှ ၂၀၂၃ ခုနှစ် စက်တင်ဘာလအကုန်အထိ  ရှိထားပြီးဖြစ်သည့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအခြေအနေတို့ကို နှိုင်းယှဉ်လေ့လာထားခြင်း ဖြစ်သည်။

နှိုင်းယှဉ်လေ့လာချက်အရ အာဏာသိမ်းပြီးနောက်ပိုင်း FDIs အသစ်ဝင်ရောက်မှုနှင့် ထွက်ခွာသွားမှုများ ရှိခဲ့ပြီး၊ ထွက်ခွာသွားသော FDIs ပမာဏက ပိုများနေကြောင်း လေ့လာတွေ့ရှိရသည်။ ဒေါ်အောင်ဆန်းစုကြည်အစိုးရသက်တမ်းအထိ နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံထားပြီးဖြစ်သော FDIs များ စစ်အာဏာသိမ်းမှုကြောင့် ပြန်လည်ထွက်ခွာသွားမှုမှာ စုစုပေါင်း အမေရိကန်ဒေါ်လာ (၉၄၁.၉၉၆) သန်း ရှိပြီး၊ အသစ်ဝင်ရောက်မှု (၇၂၄.၇၅၅) သန်းသာ ရှိသည်။

ထို့ကြောင့် စစ်အာဏာသိမ်းပြီး ၂ နှစ်ခွဲကျော်လာချိန် ၂၀၂၃ ခုနှစ် စက်တင်ဘာလကုန်အထိ တိုင်းပြည်တွင်း ဝင်ရောက်ပြီး FDI ပမာဏသည် ဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက်အခြေအနေကို ကျော်လွန်နိုင်ခြင်းမရှိသေးကြောင်း တွေ့ရှိရသည်။

စစ်ကောင်စီသက်တမ်းကာလအတွင်း FDIs အသစ်ဝင်ရောက်မှုနှင့် ထွက်ခွာမှု လုပ်ငန်းအရေအတွက်ကို လေ့လာရာတွင် အသစ်ဝင်ရောက်သော လုပ်ငန်းပေါင်း ၉၈ ခု ရှိခဲ့ပြီး၊ ထွက်ခွာသွားသော လုပ်ငန်း ၉ ခုသာ ရှိသည်။

ရင်းနှီးမြှုပ်နှံမှုတန်ဖိုးပမာဏအရ နှိုင်းယှဉ်ပါက အသစ်ဝင်ရောက်လာသော လုပ်ငန်းအများစုသည် နိုင်ငံရေးတည်ငြိမ်မှုနှင့် တရားဥပဒေစိုးမိုးမှု အားနည်းနေချိန်ကို အခွင့်အရေးယူ၍ အရင်းအနှီးအနည်းငယ်ဖြင့် ရေတိုအကျိုးအမြတ် မြန်မြန်ရနိုင်သော လုပ်ငန်းငယ်အများစု ဖြစ်နေပြီး၊ ထွက်ခွာသွားကြသော လုပ်ငန်းများမှာ နိုင်ငံအတွက် ရေရှည်အကျိုးအမြတ်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်သော အရင်းအနှီးပမာဏ ကြီးမားသည့် လုပ်ငန်းများဖြစ်သည်။

တစ်ဖန် အာဏာသိမ်းပြီးနောက် အသစ်ဝင်ရောက်သော FDI နိုင်ငံများကို လေ့လာရာတွင် ထိပ်ဆုံး ၄ နိုင်ငံမှာ ဟောင်ကောင်က လုပ်ငန်းသစ် ၁၇ ခုအတွက် ဒေါ်လာ ၂၅၆ သန်း၊ စင်ကာပူက လုပ်ငန်းသစ် ၁၄ ခုအတွက် ဒေါ်လာ ၁၈၄ သန်း၊ တရုတ်က လုပ်ငန်းသစ် ၅၅ ခုအတွက် ဒေါ်လာ ၁၂၇ သန်း၊ ထိုင်းနိုင်ငံသည် မူလရင်းနှီးမြှုပ်နှံမူလုပ်ငန်းထဲမှ လုပ်ငန်း ၂ ခု ထွက်ခွာသွားသော်လည်း ကျန်ရင်းနှီးမြှုပ်နှံပြီးသား လုပ်ငန်းများတွင် ဒေါ်လာ ၈၁ သန်း ထပ်မံတိုးမြှင့်ခဲ့ခြင်းကို လေ့လာတွေ့ရှိရသည်။ အဆိုပါ ၄ နိုင်ငံ၏ အသစ်ဝင်ရောက်သော FDIs တန်ဖိုးသည် စုစုပေါင်းတန်ဖိုး၏ ၉၀ ရာခိုင်နှုန်း ဖြစ်သည်။

ထွက်ခွာသွားသော FDI နိုင်ငံများထဲတွင် ဂျပန်နိုင်ငံမှ လုပ်ငန်း ၄ ခု ရှိပြီး တန်ဖိုး ဒေါ်လာ ၆၄၂.၁၂၆ သန်းဖြင့် အများဆုံးဖြစ်သည်။ ကမ်းလွန်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ (Offshore Businesses) အခြေစိုက်ရာတွင် ထင်ရှားသော British Virgin Islands ကဲ့သို့ နေရာများမှတစ်ဆင့် လာသော ရင်းနှီးမြှုပ်နှံမှုတစ်ခုတည်းက FDI ဒေါ်လာ ၂၂၀.၂၄၉ သန်း ထွက်ခွာသွားခဲ့သည်။

အခြား FDI ထွက်ခွာသော နိုင်ငံများမှာ မလေးရှား၊ လစ်ဗီးယား၊ တောင်ကိုရီးယားတို့ ဖြစ်သည်၊ ဒေါ်လာသန်း ဆယ်ဂဏန်းမျှ အသီးသီးတန်ဖိုးရှိသော FDIs များ ထွက်ခွာသွားကြခြင်း ဖြစ်သည်။ ဗီယက်နမ်နိုင်ငံသည် ၎င်း၏လုပ်ငန်းများ ထွက်ခွာသွားခြင်း မရှိသော်လည်း ရင်းနှီးမြှုပ်နှံမှုပမာဏ သန်း ၃၀ ခန့် လျော့ချခဲ့ကြောင်း တွေ့ရသည်။ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းကဏ္ဍသည် FDI ထွက်ခွာသော အဓိကကဏ္ဍဖြစ်ပြီး၊ သတ္တုတူးဖော်ရေး၊ စိုက်ပျိုးရေးနှင့် စက်မှုဇုန်နယ်မြေတွင် ရင်းနှီးမြှုပ်နှံမှုများလည်း ပါဝင်သည်။

 ရှမ်းပြည်မြောက်ပိုင်း လားရှိုးတပ်နယ် မွေးမြူရေးစခန်းတစ်ခုကို ကြည့်ရှုစစ်ဆေးနေသည့် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို စက်တင်ဘာ ၁၁ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ-စစ်ကောင်စီ

တရုတ်၏ FDI ကိန်းဂဏန်းများက ပြသနေသော မြန်မာအပေါ် သဘောထား

စစ်အာဏာသိမ်းပြီး ၂ နှစ်ခွဲအတွင်း တရုတ်နိုင်ငံမှ FDI အသစ်ဝင်ရောက်မှု ဒေါ်လာ ၁၂၇ သန်းဖြင့် တတိယနေရာတွင် ရပ်တည်လျက်ရှိပြီး၊ အဆိုပါ ပမာဏသည် လုပ်ငန်းသစ်ပေါင်း ၅၅ ခုတွင် ဖြန့်ကြက်ရင်းနှီးမြှုပ်နှံခြင်းဖြစ်၍ လုပ်ငန်းတစ်ခုလျှင် ပျမ်းမျှရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၂.၃ သန်းခန့်သာရှိကြောင်း တွေ့ရှိရသည်။

အဓိပ္ပာယ်မှာ တရုတ်နိုင်ငံမှ အသစ်ဝင်ရောက်လာသော FDI အမျိုးအစားများသည် ယခင်ကာလများနှင့်မတူ ကြီးမားသော စီမံကိန်းလုပ်ငန်းများမဟုတ်တော့ဘဲ ရင်းနှီးမြှုပ်နှံမှုနည်းနည်းဖြင့် ဈေးပေါသော မြန်မာအလုပ်သမားများကို အသုံးပြုပြီး ချက်ချင်းအကျိုးအမြတ်ပြန်လည်ရရှိနိုင်သော အထည်ချုပ်ကဲ့သို့ လုပ်ငန်းအမျိုးအစား အများစုဖြစ်လာခြင်း ဖြစ်သည်။

ဤနေရာတွင် ယခုတစ်လော တရုတ်နိုင်ငံတွင် ပိုးလမ်းမစင်္ကြန်နှင့်ရပ်ဝန်းစီမံကိန်းများ (BRI) ၁၀ နှစ်ပြည့်အခမ်းအနားကို ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား ကျင်းပခဲ့ခြင်းနှင့် တိုက်ဆိုင်လျက် မြန်မာနိုင်ငံအတွင်းရှိ BRI စီမံကိန်းများကို အရှိန်မြှင့် လုပ်ဆောင်တော့မယောင်၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းကို စတင်တည်ဆောက်နေသယောင်၊ မူဆယ်-မန္တလေး-ကျောက်ဖြူ ရထားလမ်းစီမံကိန်းကြီး စတင်တော့မယောင် စစ်ကောင်စီ၏ ရည်ရွယ်ချက်ရှိရှိ သတင်းဖြန့်နေမှုများ ရှိလာပါသည်။

ယခုကာလအတွင်း စစ်ကောင်စီအဖွဲ့ဝင်အများအပြား တရုတ်နိုင်ငံသို့ ခပ်စိပ်စိပ်သွားရောက်ခဲ့ကြမှုနှင့် ပေါင်းစပ်ပြီး၊ တရုတ်နိုင်ငံက စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ပေါင်းပြီး BRI စီမံကိန်းများကို အကြီးအကျယ် ဖော်ဆောင်တော့မည်လားဟု မှန်းဆသုံးသပ်ချက်များလည်း ထွက်ပေါ်လျက်ရှိသည်။

သို့သော် တရုတ်နိုင်ငံသည် တစ်ချိန်က မြစ်ဆုံဆည်စီမံကိန်းတွင် ခံထားရသော သင်ခန်းစာကြောင့် (ထိုပြဿနာကို သမ္မတဦးသိန်းစိန် စတင်ဖန်တီးခဲ့ပြီး ယနေ့အချိန်ထိ မဖြေရှင်းရသေးပါ) မြန်မာတွင် နောက်ထပ် ဒေါ်လာ ဘီလျံပေါင်းများစွာ ရင်းနှီးရမည့် စီမံကိန်းကြီးမျိုးကို လွယ်လွယ်ဖြင့် ဆုံးဖြတ်လုပ်ဆောင်လိမ့်မည် မဟုတ်ပါ။

စစ်ကောင်စီ၏ DICA က တရားဝင်ထုတ်ပြန်သော အထက်ပါ FDI ကိန်းဂဏန်း အချက်အလက်များပေါ် အခြေပြု၍လည်းကောင်း၊ မကြာသေးခင်က တရုတ်နိုင်ငံ၏ BRI ၁၀နှစ်ပြည့်အခမ်းအနားအတွင်း ဖြစ်ပေါ်တိုးတက်မှုများအရလည်းကောင်း လေ့လာလျှင် လတ်တလော တရုတ်ထံမှ FDIs ဘီလျံနှင့်ချီ ဝင်ရောက်လာတော့မည့် အရိပ်လက္ခဏာလည်း မတွေ့ရသေးပါ။

အကြောင်းမှာ BRI ၁၀ နှစ်ပြည့်အခမ်းအနားသို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို မဖိတ်ကြားခြင်းက တရုတ်ခေါင်းဆောင်များ၏ စစ်ကောင်စီအပေါ် သဘောထား ပေါ်လွင်ထင်ရှားခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ မြန်မာရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌရာထူး ပူပူနွေးနွေးရရှိထားသော စစ်ကောင်စီအဖွဲ့ဝင် မြထွန်းဦး တက်ရောက်ခွင့်ရရှိခဲ့သော်လည်း၊ အခမ်းအနားကာလအတွင်း တရုတ်နှင့် BRI စီမံကိန်းဝင် နိုင်ငံများအကြား ဒေါ်လာ ဘီလျံပေါင်းများစွာ တန်ဖိုးရှိသော စီမံကိန်းစာချုပ်သစ်များ ချုပ်ဆိုကြရာတွင် မြန်မာနိုင်ငံ လုံးဝမပါဝင်ခဲ့ပါ။

 ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့က မြန်မာပြည်တောင်ပိုင်းတွင် တွေ့ရသော အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ဖွဲ့ဝင်တစ်ဦး (ဓာတ်ပုံ – NUG MOD)

မြန်မာပြည်သူတို့က စစ်ခေါင်းဆောင်များကို သမိုင်းတွင် အပြင်းအထန်ဆုံး လက်နက်ကိုင်တော်လှန်ရေး နိုင်ငံအနှံ့ ကျယ်ပြန့်နက်ရှိုင်းစွာ ဆင်နွှဲနေသည့် အခြေအနေကို တရုတ်ခေါင်းဆောင်များ ကောင်းစွာသိရှိနေသည်။ ထိုအခြေအနေကို ထည့်မတွက်ဘဲ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အပေါ် ၁၀၀ ရာခိုင်နှုန်း ယုံကြည်ပြီး မြန်မာပြည်တွင် တရုတ်တို့ တည်ဆောက်ရန် ရည်ရွယ်ထားသော BRI စီမံကိန်းကြီးများကို ဒေါ်လာ ဘီလျံနှင့်ချီ လောင်းကြေးထပ် အကောင်အထည်ဖော်လိမ့်မည် မဟုတ်ပါ။

တရုတ်နိုင်ငံက မြန်မာစစ်ကောင်စီဘက်မှ နိုင်ငံရေးနှင့် သံတမန်ရေးအရ ရပ်တည်လျက်ရှိကြောင်း တွေ့မြင်နေရသော်လည်း၊ ရင်းနှီးမြှုပ်နှံမှုကြီးမားသော စီမံကိန်းများကို အကောင်အထည်မဖော်သော တရုတ်၏ စီးပွားရေးအရ စဉ်းစားချက်က စစ်ကောင်စီကို ကုလသမဂ္ဂနှင့် အာဆီယံကဲ့သို့ နိုင်ငံတကာအဖွဲ့အစည်းများက အသိအမှတ်မပြုခြင်း၊ ပြည်တွင်း၌ စစ်ကောင်စီကိုယ်တိုင် နိုင်ငံကို အုပ်ချုပ်နိုင်စွမ်းမရှိခြင်းတို့ကို တရုတ်ခေါင်းဆောင်များ လက်တွေ့ကျကျ အသိအမှတ်ပြုထားသည့် အရိပ်လက္ခဏာအဖြစ် တွေ့မြင်ရကြောင်း သုံးသပ်တင်ပြလိုက်ပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button