လူမှုနယ်ပယ်

ဆင်တစ်ကောင်၏ မွေးနေ့နှင့် နောက်ဆက်တွဲ ကမောက်ကမဖြစ်ရပ်များ

ယမန်နှစ် အောက်တိုဘာလက ရခိုင်ပြည်နယ်မှ ဆင်ဖြူတော်ဟု သတ်မှတ်ခံရသည့် ဆင်ပေါက်လေးတစ်ကောင် အာဏာသိမ်းဗိုလ်ချုပ်များ အခြေစိုက်ရာ နေပြည်တော်သို့ ရောက်သွားသည်။

ဆင်ပေါက်လေး၏ အသက်တစ်နှစ်ပြည့် မွေးနေ့ဖြစ်သည့် ဇူလိုင် ၂၃ ရက်နေ့ တနင်္ဂနွေနေ့တွင် မွေးနေ့အထိမ်းအမှတ်အဖြစ် ငွေစက္ကူ ကျပ်နှစ်သောင်းတန် ထုတ်မည်ဟု စစ်ကောင်စီက ကြေညာခဲ့သည်။ ကြေညာချက်ထွက်ပြီး နာရီပိုင်းအတွင်း အခြေခံစားကုန်၊ ဒေါ်လာနှင့် ရွှေစျေးတို့ ခုန်တက်သွားရာ မြန်မာပြည်သူတို့၏ ဘဝများ ကမောက်ကမဖြစ်ခဲ့ရသည်။

နှစ်သောင်းတန်၏ ဂယက်သည် လုပ်ငန်းများပြန်စသည့် တနင်္လာနေ့တွင် အလှုပ်ခတ်ဆုံးဖြစ်ခဲ့ပြီး ဒေါ်လာနှင့် ရွှေတို့ စျေးကွက်ပေါက်စျေးပင် မဖွင့်နိုင်ဘဲ အရောင်းအဝယ်ရပ်ကုန်သည်အထိ ဖြစ်သွားသည်။ ပြင်ပရွှေဈေးကွက်တွင် ၁၅ ပဲရည် တစ်ကျပ်သားလျှင် ကျပ် ၃၆ သိန်းအထိ ဈေးဖွင့်သည်ဟု သတင်းများထွက်နေပြီး အမှန်တကယ် ယင်းစျေးဖြင့် အရောင်းအဝယ်ဖြစ်နေပါက ဇူလိုင် ၂၁ က စျေးထက် နေ့ချင်းညချင်း ၅ သိန်း စျေးတက်သွားသည့် သဘောဖြစ်သည်။ အမေရိကန်ဒေါ်လာ ခေါ်စျေးသည်လည်း တစ်ဒေါ်လာ အဝယ် ကျပ် ၃,၂၀၀ ၊ အရောင်း ကျပ် ၃,၅၀၀ အထိ ဖြစ်သွားခဲ့သည်။

အရာရာ စျေးတက်သွားသော်လည်း စစ်ကောင်စီ၏ ဝါဒဖြန့်ချိရေးသတင်းစာ မြဝတီကမူ နှစ်သောင်းတန်ထုတ်ကြောင်း ကြေညာပြီးနောက် ဆန်စျေးကျသွားသည်ပင် ရှိခဲ့ကြောင်း ဖော်ပြသည်။ နေပြည်တော်ဆန်စျေးကွက်တွင် ဧည့်မထ၊ ငစိန်ဆန်တို့က ၁ ပြည်လျှင် ကျပ် ၂၀၀ စီ စျေးကျသွားသည်ဟု ၂၅ ရက်နေ့ထုတ် မြဝတီသတင်းစာ၏ အခြေခံစားသောက်ကုန်စည်စျေးနှုန်းတွင် ဖော်ပြသည်။

ဇူလိုင် ၂၂ တွင် ဧည့်မထ ၁ ပြည် ကျပ် ၄၀၀၀ ရှိနေရာမှ ဇူလိုင် ၂၄ တွင် ၁ ပြည်လျှင် ကျပ် ၃၈၀၀ သာ ရှိတော့ကြောင်း၊ ၂၅၀၀ တန် ငစိန်ဆန်သည်လည်း ၂၃၀၀ သာ ရှိတော့ကြောင်း မြဝတီက ရေးသားသည်။ အခြားစားသောက်ကုန်စည်အများစု၏ စျေးနှုန်းများလည်း ငြိမ်နေကြောင်း မြဝတီ၏ ထုတ်ပြန်ချက်က ဆိုပြီး ရန်ကုန်စျေးကွက်တွင်မူ ဧည့်မထဆန် ၁ ပြည်လျှင် ကျပ် ၂၀၀ စျေးတက်သည်ဟု ဆိုသည်။

နေပြည်တော်မှ လုံခြုံရေးအရ အမည်မဖော်လိုသည့် ဆန်ကုန်သည်တစ်ဦးကမူ ဆန် ၁ အိတ်လျှင် ကျပ် ၁၀၀၀ မှ ၅၀၀၀ အထိ တက်သွားခဲ့သည်ဟု ဆိုသည်။

“ကျွန်တော်တို့က စျေးမဖွင့်ဘူး၊ ရှိတာကို သင့်တဲ့စျေးနဲ့ပဲ ရောင်းလိုက်တယ်။ စျေးဖွင့်ရောင်းရင် များတယ်ဆိုပြီး ဖမ်းခံရမှာလည်း စိုးရိမ်တယ်။ ရှိတာရောင်းပြီး အစောပိတ်တယ်” ဟု ထိုကုန်သည်က ဆိုသည်။

ထိုင်းနှင့် တရုတ် သွင်းကုန်များလည်း စျေးတက်ရန် စိုင်းပြင်းနေပြီး စျေးနှုန်းများလည်း မတည်မငြိမ်ဖြစ်နေသည်ဟု နေပြည်တော် စားသောက်ကုန်အရောင်းဆိုင်များထံမှ စုံစမ်းသိရသည်။

စစ်ကောင်စီ၏ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာတွင် ဇူလိုင် ၂၄ ရက်မှ စတင်ပြီး ဆန်နှင့် ဆီတို့ စျေးတက်လာကြောင်း  ရေးသားထားသည်။ ဧည့်မထဆန်က ၁ ပြည်လျှင် ကျပ် ၁၀၀ ၊ ပေါ်ဆန်းမွှေးက ၁ ပြည်လျှင် ကျပ် ၂၀၀ ၊ စားအုန်းဆီက တစ်ပိဿာလျှင် ကျပ် ၄၀၀ စီ တက်သွားခဲ့သည်ဟု ဆိုထားသည်။ ဇူလိုင် ၂၄ ပေါက်စျေးအရ စားအုန်းဆီ တစ်ပိဿာလျှင် ကျပ် ၈၀၀၀ ၊ ဧည့်မထဆန် ၁ ပြည်လျှင် ကျပ် ၃၄၀၀ ၊ ပေါ်ဆန်းမွှေး ၁ ပြည်လျှင် ကျပ် ၄၂၀၀ စျေးပေါက်နေသည်ဟု ဆိုသည်။

ပြင်ပစျေးကွက်တွင်မူ စစ်ကောင်စီ၏ စီမံ/ဘဏ္ဍာထုတ်ပြန်ချက်ထက် ပိုမိုသည့် ကုန်စျေးနှုန်းများဖြင့် ဝယ်ယူနေရခြင်းလည်း ရှိနေကြသည်။

စစ်ကောင်စီပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း နှစ်သောင်းတန်ထုတ်မည်ဟု ကြေညာအပြီး နာရီပိုင်းအတွင်း ရွှေ၊ ဒေါ်လာနှင့် ကုန်စျေးနှုန်းများ တက်သွားကြောင်း ဝန်ခံခဲ့သည်။ စျေးကွက်ကမောက်ကမဖြစ်ခဲ့ခြင်းသည် စစ်ကောင်စီနှင့် စစ်ကောင်စီထုတ် နှစ်သောင်းတန်ကြောင့် မဟုတ်ဘဲ မြန်မာနိုင်ငံမှ ထွက်ပြေးသွားရသည့် သတင်းဌာနများ၏ ထုတ်လွှင့်မှု၊ ကောလာဟလများကြောင့် စျေးနှုန်းဆွဲတင်ခံခဲ့ရခြင်းဖြစ်ကြောင်း သူက ဆင်ခြေပေးသည်။

ဆင်မွေးနေ့အတွက် ထုတ်သည့် နှစ်သောင်းတန်က မြန်မာနိုင်ငံတွင် ယခင်ထုတ်ဝေဖူးသည့် ငွေစက္ကူများကဲ့သို့ စျေးကွက်အတွင်း လည်ပတ်စီးဆင်းရန်မဟုတ်ဘဲ အထိမ်းအမှတ်သဘောမျိုးသာ ထုတ်ခြင်းဖြစ်ကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း စစ်ကောင်စီသတင်းဌာနများကို ပြောခဲ့သည်။

“ငွေရေးကြေးရေးဈေးကွက်ထဲမှာ ဒီငွေစက္ကူ ငွေကျပ် နှစ်သောင်းတန်အသစ်တွေ အလုံးအရင်းနဲ့ ဝင်ရောက်လာဖို့ဆိုတဲ့ ကိစ္စက လုံးဝလည်း မဖြစ်နိုင်ဘူး၊ ဖြစ်လည်းမဖြစ်ပါဘူးလို့ အာမခံပါတယ်။ ဒါကြောင့် ငွေကြေးဖောင်းပွမှုဆိုတာ မဖြစ်နိုင်ပါဘူး” ဟု သူက ပြောသည်။

စစ်တပ်ပိုင် မြဝတီသတင်းစာကမူ တိုင်းပြည်အုပ်ချုပ်သော အစိုးရမင်းများမှာ မင်းကျင့်တရားဆယ်ပါးနှင့် ညီညွတ်ပြည့်စုံသည့် ကာလများတွင်သာ ဆင်ဖြူတော်ပေါ်ထွန်းခြင်းဖြစ်ပြီး လယ်ယာဆည်မြောင်း၊ ကျောင်းကန်ဘုရားနှင့် သာယာစိုပြည်လှသော မြန်မာပြည်အဖြစ် ပြန်လည် မြင်တွေ့ကြရတော့မည့် နိမိတ်ဟု ဆိုသည်။

လက်တွေ့တွင်မူ ဆင်တစ်ကောင်၏ မွေးနေ့အထိမ်းအမှတ်ထုတ်သည့် ငွေစက္ကူကြောင့် မြန်မာပြည်သူတို့၏ ဘဝများ ကမောက်ကမဖြစ်ခဲ့ရပြီဖြစ်သည်။

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button